မတ် ၆

The Kaladan Post

အီရန်ရဲ့ စစ်သင်္ဘောပေါင်း ၃၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်ကြောင်း အမေရိကန် စစ်တပ်ဘက်က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

အီရန်နဲ့ အမေရိကန်ကြား စစ်မက်ပဋိပက္ခဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့ပြီး တစ်ပတ်နီးပါးအတွင်း အီရန်ရေတပ်ရဲ့ စစ်ရေးစွမ်းဆောင်ရည်ကို အကြီးအကျယ် ထိခိုက်သွားအောင် ချေမှုန်းနိုင်ခဲ့တယ်လို့ အမေရိကန် ရေတပ်သေနာပတိ ဘရက်ဒ် ကူးပါး (Brad Cooper) က ပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ အစ္စရေး မဟာမိတ်တပ်ဖွဲ့တွေ ဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေးတွေကြောင့် ပျက်စီးသွားတဲ့ သို့မဟုတ် နစ်မြုပ်သွားတဲ့ ရေယာဉ်တွေထဲမှာ အီရန်ရေတပ်အတွက် အထူးအရေးပါတဲ့ ဒရုန်းတင် စစ်သင်္ဘောကြီး တစ်စီး လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ကူးပါးဟာ လက်ရှိ အီရန်နိုင်ငံနှင့် ပတ်သက်သည့် အမေရိကန် ရေကြောင်းစစ်ဆင်ရေးတွေကို ဦးဆောင်ကွပ်ကဲနေသူဖြစ်ပြီး အမေရိကန် စစ်ရေးကွပ်ကဲမှု ဗဟိုဌာန CENTCOM ကိုလည်း ဦးဆောင်နေသူ ဖြစ်ပါတယ်။

မတ်လ ၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကူးပါးက လက်ရှိ အစ္စရေးနှင့် ပူးပေါင်း ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေကြောင့် အီရန်ရေတပ်ရဲ့ စစ်ရေးစွမ်းဆောင်ရည်ကို သိသိသာသာ ကျဆင်းသွားအောင် ထိုးနှက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဖျက်ဆီးခံခဲ့ရတဲ့ အီရန်ရဲ့ ဒရုန်းတင် စစ်သင်္ဘောကြီးဟာ ဒုတိယကမ္ဘာစစ်ခေတ် လေယာဉ်တင်သင်္ဘော တစ်စီးအရွယ်အစားလောက် ရှိကြောင်းလည်း သူက ထည့်သွင်းရှင်းပြခဲ့ပါတယ်။ သူပြောကြားနေတဲ့ အချိန်အထိ အဲဒီ သင်္ဘောကြီးဟာ မီးလောင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ထို့အပြင် လက်ရှိ အီရန်စစ်ပွဲအတွင်း အမေရိကန်က စစ်လက်နက်နှင့် ကာကွယ်ရေး နည်းပညာအသစ်တွေကိုလည်း အသုံးပြုနေကြောင်း သိရပါတယ်။ အထူးသဖြင့် အီရန်ဘက်က အသုံးပြုနေတဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို ထိထိရောက်ရောက် ဟန့်တားနိုင်ရန် အတွက် စနစ်အသစ်တွေကို ဖြန့်ကျက်အသုံးပြုနေတယ်လို့ ကူးပါးက ပြောကြားခဲ့ပါတယ်။

ယခင်က ဒေါ်လာ ၅ သောင်းလောက်သာ တန်ဖိုးရှိတဲ့ ဒရုန်းတွေကို ဒေါ်လာ ၂ သန်းတန် လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေနဲ့ ပစ်ချနေရတာကြောင့် စစ်ရေးစရိတ်အရ အကျိုးမရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။ သို့သော် ယခုအခါမှာတော့ ဒေါ်လာ ၁ သိန်းတန် ဒရုန်းတွေကို ဒေါ်လာ ၁ သောင်းခန့်သာ တန်ဖိုးရှိတဲ့ လက်နက်စနစ်တွေနဲ့ ကြားဖြတ်ပစ်ချနိုင်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထို့အပြင် အီရန်စစ်ပွဲအတွင်း အသုံးပြုနေတဲ့ စနစ်အသစ်တစ်ခုအဖြစ် LUCAS တိုက်ခိုက်ရေး ဒရုန်းစနစ် ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ အဲဒီစနစ်ဟာ အီရန်ထံမှ သိမ်းဆည်းရမိခဲ့တဲ့ ဒရုန်းတွေကို အမေရိကန် အင်ဂျင်နီယာတွေက ခွဲခြမ်းလေ့လာပြီး ပြန်လည်ဒီဇိုင်းရေးဆွဲထားတဲ့ လက်နက်စနစ်တစ်ခု ဖြစ်ပါတယ်။

LUCAS ဒရုန်းတွေဟာ ပစ်မှတ်ဆီကို တိုက်ရိုက် ပျံသန်းဝင်ရောက်ပြီး ဖောက်ခွဲတိုက်ခိုက်နိုင်တဲ့ စနစ်ဖြစ်ပြီး စျေးနှုန်းသက်သာသလို အရေအတွက်များများ ထုတ်လုပ်နိုင်တဲ့ အားသာချက်လည်း ရှိပါတယ်။ လက်ရှိ စစ်ရေးပဋိပက္ခများအတွင်း အဲဒီလို စျေးသက်သာပြီး ထိရောက်မှုရှိတဲ့ ဒရုန်းစနစ်တွေက အလွန်အရေးပါလာနေကြောင်း စစ်ရေးသုံးသပ်သူများကလည်း မှတ်ချက်ပြုထားကြပါတယ်။

အခြားတစ်ဖက်မှာတော့ ကူးပါးဟာ ယခင်က အီရန်နှင့် သံတမန်ရေး ဆွေးနွှေးမှုများတွင်လည်း ပါဝင်ခဲ့ဖူးသူဖြစ်ပါတယ်။ ဖေဖော်ဝါရီလအတွင်း အီရန်နှင့် အမေရိကန်တို့ကြား အိုမန်နိုင်ငံမှ တစ်ဆင့် ဆွေးနွှေးမှုများ ပြုလုပ်နေစဉ်ကာလတွင်လည်း သူဟာ စစ်ယူနီဖောင်းအပြည့်ဖြင့် ဆွေးနွှေးပွဲသို့ တက်ရောက်ခဲ့ခဲ့ကြောင်း သိရပါတယ်။

Source — BBC
Photo — Getty Images