မတ် ၆
The Kaladan Post
အီရန်ဘက်မှ ပြုလုပ်ခဲ့သော တိုက်ခိုက်မှုများကြောင့် အရှေ့အလယ်ပိုင်းဒေသတွင် ဖြန့်ကျက်ထားသည့် အမေရိကန် လေကြောင်းကာကွယ်ရေး စစ်စခန်းများရှိ အရေးကြီးသော ရေဒါစနစ်အချို့ ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း ဂြိုဟ်တုမှတ်တမ်း ဓာတ်ပုံများကို ကိုးကား၍ အမေရိကန်သတင်းဌာနတစ်ခုဖြစ်သည့် CNN က ဖော်ပြခဲ့သည်။
အမေရိကန်သည် အစ္စရေးနှင့် ပူးပေါင်း၍ အီရန်၏ စစ်အင်အားနှင့် စစ်ရေးအဆောက်အအုံများကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ကြေညာထားသော်လည်း တစ်ဖက်တွင် အမေရိကန်ထုတ် တန်ဖိုးကြီး လေကြောင်းကာကွယ်ရေး ရေဒါစနစ်များအချို့မှာလည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဂြိုဟ်တုဓာတ်ပုံများအရ အာရေဗျကျွန်းဆွယ်ဒေသအနှံ့ရှိ အမေရိကန် လေကြောင်းကာကွယ်ရေး စစ်စခန်းများအတွင်း အထူးသဖြင့် ဂျော်ဒန် နှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တွင် တည်ရှိသော ရေဒါစခန်းများတွင် ထိခိုက်ပျက်စီးမှုများ ရှိနေသည်ကို တွေ့ရှိရသည်။
ဂျော်ဒန်နိုင်ငံပိုင်နက်အတွင်း တည်ရှိသည့် အမေရိကန်၏ နာမည်ကျော် THAAD (Terminal High Altitude Area Defense) ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် အသုံးပြုသည့် ရေဒါစခန်းတစ်ခုသည် ယခုသီတင်းပတ်အစောပိုင်းကတည်းက ကြီးမားသော ပျက်စီးမှုများ ဖြစ်ပွားခဲ့ဟန်ရှိကြောင်း CNN က ဖော်ပြထားသည်။
အလားတူ ရေဒါစနစ်များ ဖြန့်ကျက်ထားသည့် UAE နိုင်ငံ၏ ရူဝိုင်းစ် (Ruwais) နှင့် ဆာဒါး (Sadar) ဒေသများတွင်လည်း ဂြိုဟ်တုဓာတ်ပုံများအရ မီးလောင်ကျွမ်းထားသည့် အပျက်အစီးများကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
စစ်ရေးသုတေသီများ၏ အဆိုအရ THAAD စနစ်အတွက် အသုံးပြုသည့် အဆင့်မြင့် ရေဒါများသည် အမြင့်မှ ပျံသန်းလာသည့် ရန်သူ၏ ဒရုန်းများ၊ လေယာဉ်များနှင့် ဒုံးကျည်များကို အချိန်မီ ထောက်လှမ်းပြီး ကြားဖြတ်ပစ်ခတ်နိုင်ရန် အလွန်အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
လက်ရှိအချိန်တွင် အမေရိကန်သည် အာရပ် မဟာမိတ်နိုင်ငံများတွင် THAAD စနစ်စုစုပေါင်း ၈ ခု ဖြန့်ကျက်ထားပြီး ယင်းအနက် UAE နိုင်ငံက ၂ ခု နှင့် ဆော်ဒီအာရေးဘီးယားနိုင်ငံက ၁ ခု ပိုင်ဆိုင်ထားကြောင်း သိရသည်။
ဂျော်ဒန်နိုင်ငံရှိ မူဝါဖက် ဆယ်လ်တီ (Muwaffaq Salti) လေတပ်စခန်း တွင် တည်ရှိသော THAAD စနစ်သည် အီရန်နယ်စပ်မှ မိုင်ပေါင်း ၅၀၀ ခန့် ကွာဝေးနေသည်။ ယင်းစနစ်တွင် အသုံးပြုသည့် AN/TPY-2 ရွှေ့ပြောင်းရေဒါစနစ် ကို အမေရိကန်၏ Raytheon ကုမ္ပဏီက ထုတ်လုပ်ထားခြင်း ဖြစ်သည်။
CNN ၏ ခန့်မှန်းချက်အရ ဂျော်ဒန်ရှိ အဆိုပါရေဒါစခန်းသည် မတ်လ ၁ ရက် သို့မဟုတ် ၂ ရက်ခန့်တွင် အီရန်ဘက်မှ ပစ်ခတ်ခဲ့သော ဒုံးကျည် သို့မဟုတ် ဒရုန်းများကြောင့် ထိမှန်ခဲ့နိုင်ကြောင်း ဆိုသည်။
ဂြိုဟ်တုဓာတ်ပုံများအရ မူဝါဖက် ဆယ်လ်တီ လေတပ်စခန်းတွင် ပြေးလမ်းများအနီး၌ တိုက်လေယာဉ် ၅၀ စီးခန့် ရပ်နားထားသည်ကို တွေ့ရှိရပြီး ဒရုန်းများနှင့် သယ်ယူပို့ဆောင်ရေး လေယာဉ်များလည်း ရှိနေကြောင်း သိရသည်။ ထို့ပြင် လေယာဉ်ရုံများအတွင်းတွင်လည်း နောက်ထပ် လေယာဉ်အများအပြား ရှိနေနိုင်ကြောင်း ခန့်မှန်းထားသည်။
စစ်ရေးလေ့လာသူများက ရေဒါစနစ်များ ထိခိုက်ပျက်စီးသွားခြင်းသည် THAAD ဒုံးကျည်ကာကွယ်ရေးစနစ်ကို လုံးဝအသုံးမပြုနိုင်တော့သည့် အခြေအနေ မဟုတ်သော်လည်း အခြားနည်းလမ်းများဖြင့် ဆက်လက်အသုံးပြုနိုင်သော်လည်း စနစ်၏ စွမ်းဆောင်ရည်မှာ သိသိသာသာ လျော့နည်းသွားနိုင်ကြောင်း သုံးသပ်ထားသည်။
THAAD စနစ်တွင် ပါဝင်သည့် AN/TPY-2 ရေဒါများ သည် လေကြောင်းကာကွယ်ရေးစနစ်၏ အဓိကအရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရန်သူဒုံးကျည်များ၏ လမ်းကြောင်းရှာဖွေခြင်း၊ ပစ်မှတ်ခွဲခြားခြင်းနှင့် လေကြောင်းကာကွယ်ရေးဆိုင်ရာ အချက်အလက်များ ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်ပေးနေသည်။
ထို့ပြင် ဂြိုဟ်တုဓာတ်ပုံများအရ ကာတာနိုင်ငံ အတွင်း တည်ရှိသည့် အမေရိကန်၏ လေကြောင်းအန္တရာယ် အချက်ပေးစနစ်တစ်ခုလည်း ပျက်စီးခဲ့ကြောင်း တွေ့ရှိရကြောင်း CNN က ဖော်ပြထားသည်။
Source – CNN
Photo – Airbus Satellite Imagery