မတ် ၇

The Kaladan Post

အီရန်နှင့် ပတ်သက်သော စစ်ရေးတင်းမာမှုများ ပိုမိုပြင်းထန်လာနေသည့်အချိန်တွင် ဗြိတိန်နိုင်ငံက အရှေ့အလယ်ပိုင်းဒေသသို့ တိုက်လေယာဉ်များ ထပ်မံ ဖြည့်တင်းပို့ဆောင်လိုက်ကြောင်း သိရသည်။

ဗြိတိန် ဝန်ကြီးချုပ် ဆာ ကီရာ စတာမာ (Sir Keir Starmer) က ကာတာနိုင်ငံသို့ ဗြိတိန် လေတပ်၏ Typhoon တိုက်လေယာဉ် ၄ စီး ထပ်မံ ပို့ဆောင်ခဲ့ကြောင်း မတ်လ ၅ ရက်နေ့တွင် အတည်ပြု ပြောကြားခဲ့သည်။ အဆိုပါ လေယာဉ်များသည် အီရန်ဘက်မှ ပစ်လွှတ်လာသော ဒရုန်းများကို ကြားဖြတ်ပစ်ချသည့် ခံစစ်မစ်ရှင်များ တွင် အမေရိကန်နှင့် ဒေသတွင်း မဟာမိတ်နိုင်ငံများကို ကူညီသွားမည် ဖြစ်သည်။

ဒေသတွင်း မဟာမိတ်နိုင်ငံများက ကာကွယ်ရေးဆိုင်ရာ အကူအညီများ တောင်းခံလာသည့်အတွက် ဗြိတိန်ဘက်မှ ယခုလို ဖြည့်ဆည်းပေးခြင်းဖြစ်ကြောင်း စတာမာက ပြောကြားခဲ့သည်။ ထပ်မံပို့ဆောင်လိုက်သော Typhoon တိုက်လေယာဉ် ၄ စီးသည် ကာတာတွင် လက်ရှိ ဖြန့်ကျက်ထားသော ဗြိတိန် လေတပ်အုပ်စုကို အားဖြည့်ပေးသွားမည်ဖြစ်ပြီး ဒေသတွင်း လေကြောင်းကာကွယ်ရေး စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးနိုင်မည်ဟု ဆိုသည်။

တစ်ဖက်တွင် စတာမာက အစ္စရေးနှင့် အမေရိကန်တို့ ပူးပေါင်း၍ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အီရန်ကို လက်ဦးမှုယူ တိုက်ခိုက်ခဲ့သော စစ်ဆင်ရေးတွင် ဗြိတိန် မပါဝင်ခဲ့သည့် သူ၏ ဆုံးဖြတ်ချက်ကိုလည်း ကာကွယ် ပြောကြားခဲ့သည်။ ယင်းဆုံးဖြတ်ချက်ကြောင့် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့် (Donald Trump) ကလည်း ဝေဖန်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စတာမာ၏ အဆိုအရ အီရန်၏ နျူကလီးယား အရေးကိစ္စကို စစ်ရေးနည်းလမ်းများထက် သံတမန်ရေးဆွေးနွေးညှိနှိုင်းမှုများ ဖြင့် ဖြေရှင်းသင့်ကြောင်း ဗြိတိန်အစိုးရက ယုံကြည်ထားပြီး လက်ရှိ စစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် ဒေသတွင်း တင်းမာမှုများကိုလည်း အမြန်ဆုံး လျော့နည်းစေရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံက အီရန်အပေါ် စစ်ဆင်ရေးများ ဆောင်ရွက်ရာတွင် ဗြိတိန် လေတပ်စခန်းများကို အသုံးပြုခွင့် တောင်းခံခဲ့သော်လည်း စတာမာက အစောပိုင်းတွင် ငြင်းဆိုခဲ့သည်။ သို့သော် ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် အီရန်ဘက်မှ ပစ်လွှတ်လာသော ဒရုန်းနှင့် ဒုံးကျည်များကို ကြားဖြတ်ပစ်ချရန် အတွက် ခံစစ်ဆိုင်ရာ မစ်ရှင်များအတွက်သာ ဗြိတိန် လေတပ်စခန်းများကို အသုံးပြုခွင့် ပေးခဲ့ကြောင်း သိရသည်။

ဗြိတိန်အစိုးရသည် အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်နေသော တင်းမာမှုများ လျော့နည်းစေရန် အားထုတ်မှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း စတာမာက ပြောကြားခဲ့ပြီး ယင်းရည်မှန်းချက် ဘယ်အချိန်တွင် အောင်မြင်မည်ကို မည်သူမျှ အတိအကျ မခန့်မှန်းနိုင်ကြောင်းလည်း ဝန်ခံခဲ့သည်။

ဗြိတိန်သည် အီရန်အပေါ် တိုက်ခိုက်မှုများတွင် တိုက်ရိုက် မပါဝင်သော်လည်း အရှေ့အလယ်ပိုင်းဒေသရှိ မဟာမိတ်နိုင်ငံများကို ကာကွယ်ရန် အီရန်ဘက်မှ ပစ်ခတ်လာသော ဒရုန်းများနှင့် ဒုံးကျည်များကို ကြားဖြတ်ဟန့်တားသည့် စစ်ဆင်ရေးများတွင် ပါဝင်နေသည်။

ထို့အပြင် ယခုသီတင်းပတ်အတွင်း ဗြိတိန်၏ F-35 တိုက်လေယာဉ်များ သည် စစ်မြေပြင်တွင် ပထမဆုံးအကြိမ် ရန်သူပစ်မှတ်ကို ချေမှုန်းနိုင်ခဲ့ပြီး ဂျော်ဒန်နိုင်ငံ လေပိုင်နက်အတွင်း အီရန်ဒရုန်းများကို အောင်မြင်စွာ ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။

Source — BBC
Photo — UK Royal Air Force (RAF)