ဇွန် ၁၈၊ ၂၀၂၆
The Kaladan Post
၄ လနီးပါးကြာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် အမေရိကန်နဲ့ အီရန်နိုင်ငံတို့က ညှိနှိုင်းရေးမှူးတွေဟာ လာမယ့်သောကြာနေ့မှာ ဆွစ်ဇာလန်နိုင်ငံမှာ တွေ့ဆုံကြတော့မှာ ဖြစ်ပါတယ်လို့ သိရပါတယ်။
ဒီတွေ့ဆုံမှုဟာ သမ္မတ ဒေါ်နယ်ထရန့်နဲ့ အီရန်ခေါင်းဆောင်တွေ ဒီအပတ်ထဲမှာ အတည်ပြုခဲ့တဲ့ နားလည်မှုစာချွန်လွှာ (MOU) အရ ရက်ပေါင်း ၆၀ အတွင်း အပြီးသတ် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ဖို့ ကြိုးစားကြမှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နိုင်ငံတကာအရေး လေ့လာဆန်းစစ်သူအများစုကတော့ အခုလို သတ်မှတ်ထားတဲ့ ကာလအတွင်းမှာ အပြီးသတ် သဘောတူညီချက် ရနိုင်ပါ့မလားဆိုတာကို သံသယရှိနေကြပါတယ်။
အဓိက အဟန့်အတားဖြစ်နိုင်တာကတော့ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ပဲ ဖြစ်ပါတယ်။ သမ္မတ ထရန့်က အီရန်အနေနဲ့ နျူကလီးယားလက်နက် ဘယ်တော့မှ မထုတ်လုပ်ဖို့ ကတိပြုထားတာကို အမွှန်းတင် ပြောဆိုနေပေမဲ့၊ တကယ်တမ်း ပြဿနာကတော့ အီရန်မှာ ရှိနေတဲ့ ယူရေနီယမ် လက်ကျန်တွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ အချက်ပဲ ဖြစ်တယ်လို့ သိရပါတယ်။
“သမ္မတ ထရန့်ကတော့ အီရန်ရဲ့ ယူရေနီယမ်တွေကို နိုင်ငံပြင်ပကို ပို့ပစ်တာ ဒါမှမဟုတ် ဖျက်ဆီးပစ်တာမျိုး လုပ်စေချင်နေတာပါ။ ဒါပေမဲ့ အီရန်ဘက်ကတော့ ဒီနှစ်ချက်လုံးကို လက်မခံဘဲ ယူရေနီယမ်တွေကို အဆင့်လျှော့ချဖို့လောက်ပဲ အရိပ်အယောင်ပြထားပါတယ်” လို့ သတင်းရင်းမြစ်တွေက ပြောကြားထားပါတယ်။
အခုလက်ရှိ ရရှိထားတဲ့ ယာယီအပစ်ရပ်စာချုပ်ဟာ အခက်ခဲဆုံး ကိစ္စရပ်တွေကို နောက်ပိုင်းဆွေးနွေးပွဲတွေဆီ ရွှေ့ဆိုင်းထားတာဖြစ်ပြီး အဲဒီအချက်တွေဟာ ပြေလည်သွားမယ်ဆိုတဲ့ အာမခံချက်လည်း မရှိသေးပါဘူး။
လက်ရှိမှာတော့ နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးကို လိုလားနေကြပေမဲ့ နက်နက်ရှိုင်းရှိုင်း ကွဲလွဲနေတဲ့ မူဝါဒတွေကြောင့် ဆွေးနွေးပွဲဟာ လမ်းခုလတ်မှာတင် ပျက်ပြားသွားနိုင်တဲ့ အန္တရာယ်တွေ ရှိနေဆဲဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။
Source: Reuters (Matt Spetalnick)