မတ် ၁၀

The Kaladan Post

 

လူငယ် Rap ဂီတအဆိုတော်ဟောင်းတစ်ဦးဖြစ်သည့် Balen Shah သည် မတ်လ ၅ ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် သူဦးဆောင်သည့် ပါတီ အနိုင်ရရှိခဲ့ပြီးနောက် Nepal ၏ ဝန်ကြီးချုပ်သစ် ဖြစ်လာရန် နီးကပ်လာပြီဖြစ်ကြောင်း သိရသည်။

ရှား ဦးဆောင်သည့် Rastriya Swatantra Party (RSP) သည် နီပေါနိုင်ငံရေး သမိုင်းတွင် ရှားပါးသည့် အောင်ပွဲတစ်ရပ်အဖြစ် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည်။ လူငယ်များ ဦးဆောင်သည့် ဆန္ဒပြလှုပ်ရှားမှုများကြောင့် အရင်အစိုးရ ပြုတ်ကျခဲ့ပြီးနောက် ကျင်းပသည့် ပထမဆုံး ရွေးကောက်ပွဲတွင် RSP ပါတီက လွှတ်တော်အမတ်နေရာ အများစုကို ရရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိအခြေအနေအရ လွှတ်တော်အမတ်နေရာ ၂၇၅ ခုအနက် RSP ပါတီသည် မဲဆန္ဒနယ်အလိုက် အနိုင်ရထားသည့် အမတ်နေရာ ၁၂၄ ခုရှိပြီး အချိုးကျခွဲဝေစနစ်အရ နောက်ထပ် အမတ်နေရာ ၅၈ ခုခန့် ထပ်မံရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

အသက် ၃၅ နှစ်သာရှိသေးသည့် ရှားသည် နီပေါတွင် လူငယ်မျိုးဆက်များကြား လူကြိုက်များသည့် နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်ပြီး “Balen” ဟူသည့် အနုပညာနာမည်ဖြင့် Rap ဂီတအဆိုတော်အဖြစ် လူသိများခဲ့သူလည်း ဖြစ်သည်။

ရွေးကောက်ပွဲရလဒ်သည် နီပေါနိုင်ငံအတွက် အမှန်တကယ် အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန် မျှော်လင့်ချက်သစ်တစ်ရပ် ဖြစ်လာကြောင်း RSP ပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ Ramesh Paudel က ပြောကြားခဲ့သည်။ ထို့ပြင် လူငယ်များ၏ ထောက်ခံမှုကြောင့် ထွက်ပေါ်လာသည့် နိုင်ငံရေးအောင်မြင်မှုတစ်ခုဖြစ်ကြောင်းလည်း ဆိုသည်။

နိုင်ငံရေးသုတေသီများအရ RSP ပါတီ၏ အောင်ပွဲသည် နီပေါနိုင်ငံရေးနယ်ပယ်တွင် အစဉ်အလာပါတီများနှင့် ဝါရင့်နိုင်ငံရေးသမားများအပေါ် လူထု၏ စိတ်ကုန်မှုကို ပြသသည့် အရေးပါသည့် အချက်ပြတစ်ခု ဖြစ်လာခဲ့ကြောင်း သုံးသပ်ထားသည်။ ပါတီတည်ထောင်ခဲ့သည်မှာ သုံးနှစ်ခန့်သာ ရှိသေးသော်လည်း သမိုင်းဝင်အောင်ပွဲတစ်ခုကို ရရှိခဲ့ခြင်းဖြစ်သည်။

အင်ဂျင်နီယာတစ်ဦးဖြစ်သော ရှားသည် နောက်ပိုင်းတွင် Rap ဂီတအဆိုတော်အဖြစ် ကျော်ကြားလာခဲ့ပြီး နိုင်ငံရေးလောကသို့ ဝင်ရောက်လာချိန်တွင် ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ပြဿနာများနှင့် အဂတိလိုက်စားမှုများကို တိုက်ဖျက်ရန် မဲဆွယ်ခဲ့သည်။

၂၀၂၂ ခုနှစ်တွင် သူသည် Kathmandu မြို့တော်ဝန်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သည်။ ထို့နောက် မြို့တော်အတွင်းရှိ ကျူးကျော်အဆောက်အအုံများ၊ အမှိုက်ပုံများနှင့် မြို့ပြစီမံခန့်ခွဲမှုဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းခဲ့ခြင်းကြောင့် လူထုထောက်ခံမှု ပိုမိုရရှိလာခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင် လူငယ်များနှင့် ကျောင်းသားများ ဦးဆောင်သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ တစ်နိုင်ငံလုံးတွင် ပေါ်ပေါက်ခဲ့ပြီး ထိုလှုပ်ရှားမှုများကြောင့် နိုင်ငံရေးအခြေအနေ အလွန်တင်းမာခဲ့သည်။ အစိုးရ၏ အင်အားသုံး တုံ့ပြန်မှုကြောင့် ဆန္ဒပြသူ ၁၉ ဦး သေဆုံးခဲ့ပြီး နောက်ပိုင်း ဆူပူမှုများကြောင့် လူပေါင်း ၇၀ ခန့် အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထိုအခြေအနေများအပြီးတွင် ဝါရင့်ဝန်ကြီးချုပ်ဟောင်း K. P. Sharma Oli ဦးဆောင်သည့် အစိုးရအဖွဲ့ နုတ်ထွက်ခဲ့ပြီး နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။

မတ်လ ၅ ရက် ရွေးကောက်ပွဲတွင် ရှားသည် ဂျာပါ-၅ မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အိုလီကို တိုက်ရိုက် စိန်ခေါ်ခဲ့သည်။ ရလဒ်အရ ရှားသည် မဲ ၆၈,၃၄၈ မဲ ရရှိခဲ့ပြီး အိုလီက ၁၈,၇၂၄ မဲသာ ရရှိခဲ့သည်။

အိုလီက ရွေးကောက်ပွဲ ရလဒ်ကို လက်ခံကြောင်း ထုတ်ပြောခဲ့ပြီး ရှားအနေဖြင့် လာမည့် ၅ နှစ်တာ ဝန်ကြီးချုပ်သက်တမ်းအတွင်း နိုင်ငံကို အောင်မြင်စွာ အုပ်ချုပ်နိုင်ပါစေကြောင်း ဆုတောင်းခဲ့သည်။

Source — The Guardian
Photo — Reuters