မတ် ၁၀

The Kaladan Post

 

Iran တွင် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခသည် မည်သည့်အခါမှ ဖြစ်ပွားမလာသင့်သည့် အခြေအနေတစ်ရပ် ဖြစ်ကြောင်း Wang Yi က ပြောကြားခဲ့သည်။

မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော သဘောထားကြေညာချက်အတွင်း ဝမ်ယိက အီရန်အရေးကို စစ်ရေးနည်းလမ်းဖြင့် မဖြေရှင်းသင့်ကြောင်း ပြောကြားခဲ့ပြီး နိုင်ငံတစ်နိုင်ငံ၏ အစိုးရကို ပြောင်းလဲစေလိုသည့် စစ်ဆင်ရေးမျိုးသည် လူထုထောက်ခံမှု ရရှိရန် ခက်ခဲသည့် ရွေးချယ်မှုတစ်ခုဖြစ်ကြောင်းလည်း ထောက်ပြခဲ့သည်။

လက်ရှိတွင် United States နှင့် Israel တို့က ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အီရန်ကို စတင်တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးများကို ဆက်လက်ဆောင်ရွက်နေပြီး အဆိုပါ စစ်ဆင်ရေး၏ ရည်ရွယ်ချက်များအနက် အီရန်တွင် အမေရိကန်ဘက်မှ လက်ခံနိုင်သည့် အစိုးရအပြောင်းအလဲ ဖြစ်ပေါ်လာစေရန်လည်း ပါဝင်ကြောင်း Donald Trump က ယခင်က ပြောကြားထားသည်။

ဝမ်ယိက ပြင်းထန်သည့် စစ်ရေးထိုးနှက်မှုများကို လိုအပ်သော အကြောင်းပြချက်များရှိသည်ဟု အမြဲသတ်မှတ်၍ မရကြောင်း ပြောကြားခဲ့ပြီး ကမ္ဘာကြီးသည် “အားကြီးသူ အနိုင်ရ” ဆိုသည့် တောတွင်းဥပဒေစနစ်သို့ ပြန်လည် မလှည့်သင့်ကြောင်းလည်း အလေးပေးပြောဆိုခဲ့သည်။

တရုတ်အစိုးရသည် အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုများကို အစောပိုင်းကတည်းက ဆန့်ကျင်ကန့်ကွက်ထားသော်လည်း ဝမ်ယိ၏ ပြောကြားချက်များတွင် အမေရိကန်ကို တိုက်ရိုက် ဝေဖန်မှုများ မပါဝင်ဘဲ သတိထား၍ ပြောဆိုထားကြောင်း လေ့လာသူများက ဆိုသည်။

ယင်းသည် မကြာမီတွင် Beijing သို့ လာရောက်ရန် စီစဉ်ထားသည့် ထရမ့်၏ ခရီးစဉ်နှင့်လည်း ဆက်စပ်နိုင်ကြောင်း သုံးသပ်မှုများ ရှိသည်။ ထို့အပြင် တရုတ်နှင့် အမေရိကန်တို့အကြား ဆက်ဆံရေးသည် အပြန်အလှန် လေးစားမှုနှင့် ယုံကြည်မှုအပေါ် အခြေခံသင့်ကြောင်း ဝမ်ယိက ထပ်မံ အလေးပေးပြောကြားခဲ့သည်။

ဝမ်ယိအဆိုအရ မကြာသေးမီက Xi Jinping နှင့် ထရမ့်တို့အကြား ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုများသည် အလေးအနက်ရှိပြီး ဖွင့်လှစ်ပြောဆိုမှုများ ဖြစ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ၂၀၂၆ ခုနှစ်သည် တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် အရေးပါသော နှစ်တစ်နှစ် ဖြစ်လာနိုင်ကြောင်းလည်း သူက ပြောကြားခဲ့သည်။

လတ်တလောတွင် အမေရိကန်သည် တရုတ်နိုင်ငံအတွက် အရေးပါသော ရေနံထောက်ပံ့ပေးသူများဖြစ်သည့် Venezuela နှင့် အီရန်တို့အပေါ် စစ်ရေးအရေးယူမှုများ ပြုလုပ်ခဲ့သော်လည်း တရုတ်ဘက်က အမေရိကန်ကို တိုက်ရိုက် ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းများကို ရှောင်ရှားထားသည်။

တစ်ဖက်တွင်လည်း ထရမ့်သည် ပြီးခဲ့သည့်လက ပြောကြားခဲ့သော နိုင်ငံတော် အခြေပြ မိန့်ခွန်းတွင် တရုတ်နှင့် Russia တို့၏ စစ်ရေးနည်းပညာများကို အနည်းငယ် ဝေဖန်ခဲ့သော်လည်း တရုတ်ကို တိုက်ရိုက် ပြင်းထန်စွာ ထိုးနှက်ခြင်းများ မပြုလုပ်ခဲ့ကြောင်း သိရသည်။

Source — The Guardian
Photo — EPA