မတ် ၁၀
The Kaladan Post
Oslo မြို့ရှိ Embassy of the United States in Norway တွင် မတ်လ ၈ ရက်နေ့ မနက်အစောပိုင်း၊ အရုဏ်မတက်မီ အချိန်ခန့်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်ရပ်သည် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်ခြေရှိကြောင်း Norwegian Police Service က ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ပေါက်ကွဲမှုသည် သံရုံးအဆောက်အအုံရှိ ကောင်စစ်ဝန်ရုံးဘက် အဝင်ဂိတ်အနီးတွင် ဖြစ်ပွားခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းတစ်ခုကြောင့် ဖြစ်ပေါ်ခဲ့သည်ဟု ယူဆထားသည်။ သို့သော် အသေးစိတ်အချက်အလက်များကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းလည်း ရဲများက ပြောကြားခဲ့သည်။
ပေါက်ကွဲမှုကြောင့် အဆောက်အအုံအချို့တွင် အပျက်အစီး အနည်းအကျဉ်း ဖြစ်ပေါ်ခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရမှု သို့မဟုတ် သေဆုံးမှုများ မရှိခဲ့ကြောင်း သိရသည်။
ဖြစ်ရပ်အပြီးတွင် သံရုံးအဆောက်အအုံ၏ ထူထဲသည့် မှန်တံခါးများတွင် ပပ်ကြားအက်များ ထင်ကျန်နေခဲ့ပြီး အနီးရှိ လမ်းမီးတိုင်များ၏ မီးလုံးများလည်း ကျိုးကျနေသည်ကို တွေ့ရကြောင်း မျက်မြင်သက်သေများက ဆိုသည်။ ထို့ပြင် တံခါးအဝအနီး မြေပြင်ပေါ်တွင်လည်း ပေါက်ကွဲမှု၏ အရှိန်ကြောင့် မည်းတူးနေသည့် အမှတ်အသားများ တွေ့ရှိရသည်။
Norwegian Police Security Service နှင့် ဆက်စပ်သည့် စုံစမ်းရေးအဖွဲ့အကြီးအကဲ ဖရော့ဒေး လာဆန်က အကြမ်းဖက်ဝါဒသည် ဖြစ်ရပ်နောက်ကွယ်ရှိ ဖြစ်နိုင်ခြေများထဲမှ တစ်ခုဖြစ်နိုင်ကြောင်း ပြောကြားခဲ့သော်လည်း လောလောဆယ်တွင် အတိအကျ သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
နော်ဝေး ဝန်ကြီးချုပ် Jonas Gahr Støre ကလည်း အဆိုပါ ပေါက်ကွဲမှုကို အထူးအလေးအနက်ထား စုံစမ်းရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး ထိုသို့သော လုပ်ရပ်များသည် လုံးဝ လက်ခံနိုင်စရာ မရှိကြောင်း ထောက်ပြခဲ့သည်။ ထို့အပြင် သူသည် အမေရိကန်သံရုံး တာဝန်ရှိသူများနှင့်လည်း ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဖောက်ခွဲရေးပစ္စည်းကို အဆိုပါနေရာတွင် ထားခဲ့သူကို ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေနေသော်လည်း သံသယရှိသူကို မဖော်ထုတ်နိုင်သေးကြောင်း သိရသည်။ ရဲတပ်ဖွဲ့၏ စုံထောက်များက ဖောက်ခွဲရေးပစ္စည်းသည် သံရုံးအတွင်းသို့ ပစ်သွင်းခံခဲ့ရခြင်း ဖြစ်နိုင်ကြောင်းလည်း အတည်ပြုထားသည်။
အဆိုပါပစ္စည်းသည် လက်ပစ်ဗုံး ဖြစ်နိုင်ခြေရှိသလားဟု မေးမြန်းမှုများရှိသော်လည်း လက်ရှိအချိန်ထိ မည်သည့်ပစ္စည်းဖြစ်ကြောင်း တိတိကျကျ မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ထို့ပြင် ယင်းဖြစ်ရပ်သည် လက်ရှိ Middle East ဒေသတွင် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများနှင့် ဆက်နွယ်မှု ရှိမရှိကိုလည်း စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ လတ်တလောတွင် Iran အရေးအခင်း စတင်ပြီးနောက် ကမ္ဘာတစ်ဝန်းရှိ အမေရိကန် သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများတွင် လုံခြုံရေးအစီအမံများ တိုးမြှင့်ထားကြောင်း သတင်းများတွင် ဖော်ပြထားသည်။
Source — Agence France-Presse (AFP)
Photo — AP