မတ် ၁၀
The Kaladan Post
United States သည် Iran တွင် စစ်ရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေချိန်နှင့် တပြိုင်နက်တည်း Korean Peninsula တွင် မဟာမိတ်နိုင်ငံများနှင့် ပူးပေါင်း၍ အကြီးစား စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မတ်လ ၉ ရက်နေ့တွင် အမေရိကန်နှင့် South Korea တို့ ပူးပေါင်းကာ “Freedom Shield” ဟုခေါ်သည့် စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ပြီး မတ်လ ၁၉ ရက်နေ့အထိ ကြာမြင့်မည်ဟု တာဝန်ရှိသူများက ကြေညာခဲ့သည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် တပ်ဖွဲ့ဝင်အင်အား ထောင်ပေါင်းများစွာ ပါဝင်နေပြီး United Kingdom အပါအဝင် အမေရိကန်၏ မဟာမိတ်နိုင်ငံပေါင်း ၁၂ နိုင်ငံမှ စစ်သားများလည်း ပါဝင်ပူးပေါင်းနေကြောင်း သိရသည်။ အမေရိကန်ဘက်က စစ်သားအရေအတွက်ကို တိတိကျကျ မထုတ်ပြန်သေးသော်လည်း တောင်ကိုရီးယား စစ်တပ်၏ အဆိုအရ ကိုရီးယားစစ်သား ၁၈,၀၀၀ ခန့် ပါဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
လေ့ကျင့်မှုကို အီရန်နှင့် ပတ်သက်သည့် စစ်ရေးတင်းမာမှုများ မြင့်တက်နေချိန်တွင် ပြုလုပ်ခြင်းဖြစ်ပြီး အမေရိကန်သည် Israel နှင့် ပူးပေါင်းကာ အီရန်အပေါ် စစ်ရေးဆောင်ရွက်မှုများ လုပ်ဆောင်နေသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။
ထို့အပြင် တောင်ကိုရီးယားတွင် ဖြန့်ကျက်ထားသည့် အမေရိကန် စစ်လက်နက်အချို့ကို အရှေ့အလယ်ပိုင်းဒေသသို့ ရွှေ့ပြောင်းအသုံးပြုနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သော်လည်း တောင်ကိုရီးယားအခြေစိုက် အမေရိကန် စစ်တပ်က လုံခြုံရေးအကြောင်းပြချက်ကြောင့် ယင်းကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုထားသည်။
အမေရိကန်သည် တောင်ကိုရီးယားတွင် ဖြန့်ကျက်ထားသည့် Patriot Missile System များနှင့် အခြား စစ်လက်နက်များကို အရှေ့အလယ်ပိုင်းသို့ ရွှေ့ပြောင်းနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း တောင်ကိုရီးယားအစိုးရဘက်ကလည်း အဆိုပါ သတင်းများအပေါ် မှတ်ချက်ပေးခြင်း မပြုခဲ့ကြောင်း သိရသည်။
တစ်ဖက်တွင် North Korea က အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုများကို ရန်စသည့် လုပ်ရပ်များအဖြစ် စွပ်စွဲလေ့ရှိပြီး ယခု “Freedom Shield” လေ့ကျင့်မှုအပေါ်လည်း ပြင်းထန်သည့် တုံ့ပြန်မှုများ ပြုလုပ်နိုင်ကြောင်း ခန့်မှန်းမှုများ ရှိနေသည်။
မြောက်ကိုရီးယားသည် ယခင်ကလည်း မဟာမိတ်နှစ်နိုင်ငံ၏ စစ်ရေးလေ့ကျင့်မှုများကို ကျူးကျော်စစ်အတွက် ပြင်ဆင်မှုများဟု သတ်မှတ်ကာ ဒုံးကျည်စမ်းသပ်မှုများဖြင့် တုံ့ပြန်ခဲ့ဖူးသည်။ သို့သော် အမေရိကန်နှင့် တောင်ကိုရီးယားတို့က ယင်းစစ်ရေးလေ့ကျင့်မှုများသည် ကာကွယ်ရေး ရည်ရွယ်ချက်သာ ဖြစ်ကြောင်း အခိုင်အမာ ပြောကြားထားသည်။
အခြားတစ်ဖက်တွင် တောင်ကိုရီးယား သမ္မတ Lee Jae-myung အာဏာရလာပြီးနောက် မြောက်ကိုရီးယားနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် ကြိုးပမ်းနေသော်လည်း မြောက်ကိုရီးယားဘက်က တောင်ကိုရီးယားကို ရန်သူနိုင်ငံအဖြစ် ဆက်လက် သတ်မှတ်ထားပြီး ဆွေးနွေးရေး ပြန်လည်စတင်ရန် တောင်ကိုရီးယား၏ ကမ်းလှမ်းမှုများကိုလည်း ပယ်ချထားကြောင်း သိရသည်။
Source — Associated Press (AP)
Photo — Reuters / Getty Images