မတ် ၂၀

The Kaladan Post

 

အီရန်ကို အငိုက်ဖမ်းတိုက်ခိုက်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကာကွယ်ပြောဆိုရာမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန်ရဲ့ ပုလဲဆိပ်ကမ်းကို ဂျပန်တွေ ဗုံးကြဲခဲ့တဲ့ဖြစ်ရပ်နဲ့ ဥပမာပေး ပြောဆိုလိုက်ပါတယ်။ ပိုဆိုးတာက အဲဒီစကားကို အိမ်ဖြူတော်ကို ရောက်နေတဲ့ ဧည့်သည်တော် ဂျပန်ဝန်ကြီးချုပ်ရှေ့မှာတင် ပြောချလိုက်တာပါ။

ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က ဂျပန်ဝန်ကြီးချုပ် စနအဲ တကအိချိ (Sanae Takaichi) ဟာ အိမ်ဖြူတော်ကို ရောက်လာပြီး ထရမ့်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် ခေါင်းဆောင်နှစ်ဦး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ဝန်ကြီးချုပ် တကအိချိအတွက် မျက်နှာပူစရာဖြစ်မယ့် စကားကို ထရမ့်က ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တုန်းက အမေရိကန်ဟာ မဟာမိတ် အစ္စရေးနဲ့ပေါင်းပြီး အီရန်ကို အငိုက်ဖမ်း တိုက်ခိုက်ခဲ့ပါတယ်။ ဘာကြိုတင်သတိပေးချက်မှမပါဘဲ အခုလို ဝင်တိုက်ခဲ့တဲ့ လုပ်ရပ်အပေါ် သတင်းထောက်တွေက မေးမြန်းတဲ့အခါ ထရမ့်က ဂျပန်ဝန်ကြီးချုပ်ရှေ့မှာပဲ ပုလဲဆိပ်ကမ်းအကြောင်းကို ထည့်ပြောခဲ့တာပါ။

“အီရန်ကို ဘယ်အချိန် ဝင်တိုက်မလဲဆိုတာ ကျွန်တော်တို့ ဘယ်သူ့ကိုမှ ကြိုမပြောခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ရန်သူကို အံ့ဩသွားအောင် အငိုက်ဖမ်းချင်လို့ပါ။ အငိုက်ဖမ်းတိုက်ခိုက်တဲ့အကြောင်းကို ဂျပန်ထက် ပိုသိတဲ့သူ ဘယ်သူရှိမလဲ” လို့ ထရမ့်က ပြောခဲ့သလို၊ ပုလဲဆိပ်ကမ်းအကြောင်းကို ဘာလို့မပြောကြတာလဲဆိုပြီး ဂျပန်ဘက်ကို မေးခွန်းထုတ်တဲ့ ပုံစံမျိုးပါ ပြောသွားခဲ့ပါတယ်။

ထရမ့်ရဲ့ ဒီစကားကြောင့် ဂျပန်ဝန်ကြီးချုပ် တကအိချိရဲ့ မျက်နှာ နည်းနည်းပျက်သွားတာကိုလည်း တွေ့ခဲ့ရပါတယ်။ ၁၉၄၁ ခုနှစ်တုန်းက ဂျပန်ရေတပ်ဟာ ဟာဝိုင်ယီကျွန်းမှာရှိတဲ့ အမေရိကန်ရဲ့ ပုလဲဆိပ်ကမ်း ရေတပ်စခန်းကို အလစ်ဝင်တိုက်ပြီး ဗုံးကြဲခဲ့လို့ အမေရိကန်တပ်ဖွဲ့ဝင် ၂,၄၀၀ ကျော် သေဆုံးခဲ့ရပြီး၊ အမေရိကန်လည်း ဒုတိယကမ္ဘာစစ်ထဲကို ဝင်ပါခဲ့ရတာပါ။ ထရမ့်ကိုတော့ အဲဒီဖြစ်စဉ်ဖြစ်ပြီး ၅ နှစ်လောက်နေမှ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

ထရမ့်က ဆက်ပြီး “အီရန်ကို ကြိုအသိမပေးဘဲ အငိုက်ဖမ်းတိုက်လိုက်တာဟာ စစ်ရေးအရ အများကြီး အသာစီးရသွားစေပါတယ်။ ရည်မှန်းထားတဲ့ ပစ်မှတ်တွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်” လို့လည်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အီရန်က ပိတ်ဆို့ထားတဲ့ ဟောမုဇ် (Hormuz) ရေလက်ကြား ပြန်ဖွင့်နိုင်ဖို့ အမေရိကန်က အကူအညီတောင်းတဲ့အခါ ဂျပန်က ရှေ့ထွက် ကူညီပေးတယ်ဆိုပြီး ထရမ့်က ချီးကျူးခဲ့ပါတယ်။ ဂျပန်ရဲ့ ရွေးချယ်မှုက နေတိုး (NATO) အဖွဲ့နဲ့ မတူဘူးလို့ ပြောရင်း ဥရောပ မဟာမိတ်တွေကိုပါ သွယ်ဝိုက်ပြီး အပြစ်တင်သွားပါသေးတယ်။

ထရမ့်နဲ့ တကအိချိတို့ မတွေ့ခင်လေးမှာပဲ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ နယ်သာလန် နိုင်ငံတွေက ဟောမုဇ်ရေလက်ကြားမှာ ကုန်တင်သင်္ဘောတွေ ပုံမှန်ပြန်သွားနိုင်အောင် သင့်တော်တဲ့ နည်းလမ်းတွေနဲ့ ပူးပေါင်းကူညီဖို့ အသင့်ရှိတယ်လို့ ကြေညာထားကြပါတယ်။ ဒါပေမဲ့ ထရမ့် တောင်းဆိုသလိုမျိုး အဲဒီနေရာကို စစ်သင်္ဘောတွေ လွှတ်ပေးမယ်လို့တော့ ဥရောပနိုင်ငံတွေက ကတိမပေးထားပါဘူး။

ဂျာမနီ၊ အီတလီနဲ့ လူဇင်ဘာ့ဂ်တို့ကတော့ စစ်သင်္ဘော လုံးဝမလွှတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောထားပြီး၊ ဗြိတိန်နဲ့ ပြင်သစ်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ဖြစ်နိုင်ခြေတွေကို ပြန်သုံးသပ်နေတုန်းပဲလို့ မယုတ်မလွန်ပဲ တုံ့ပြန်ထားကြပါတယ်။

ဂျပန်ဝန်ကြီးချုပ် တကအိချိကလည်း ဟောမုဇ်ရေလက်ကြားကို ဖြတ်မယ့် အရပ်ဘက်သင်္ဘောတွေကို လုံခြုံရေးယူပေးဖို့ ဂျပန်စစ်သင်္ဘောတွေ စေလွှတ်မှာမဟုတ်ဘူးလို့ အိမ်ဖြူတော်မသွားခင် ကတည်းက အတည်ပြုထားပါတယ်။ ဒါပေမဲ့ ဒီပြဿနာနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံရဲ့ ဥပဒေလုပ်ပိုင်ခွင့်ဘောင်ထဲကနေ အကောင်းဆုံး ဘယ်လိုကူညီဖြေရှင်းပေးလို့ရမလဲဆိုတာကို အစိုးရအနေနဲ့ အဖြေရှာသွားမယ်လို့ ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ကတည်းက ပြောကြားထားခဲ့ပါတယ်။

ကိုးကား – Japan Times
ဓာတ်ပုံ – Reuters, The New York Times