မတ် ၂၀
The Kaladan Post
အမေရိကန်ပြည်ထောင်စုရဲ့ မြို့တော် ဝါရှင်တန်ဒီစီက စစ်စခန်းတစ်ခုမှာ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ ရောက်နေချိန် အဲဒီအနားကို အမည်မသိ ဒရုန်းတချို့ ပျံသန်းလာတဲ့အတွက် အမေရိကန်စစ်တပ်က အရေးပေါ် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်ကို သိရှိထားသူ ၃ ဦးရဲ့ ပြောစကားကို ကိုးကားပြီး မတ်လ ၁၈ ရက်နေ့ထုတ် Washington Post သတင်းစာမှာ ဖော်ပြထားတာပါ။ သတင်းအရ အမည်မသိ ဒရုန်းတွေ တွေ့ရှိခဲ့တဲ့ ဖို့တ်မက္ကနဲ (Fort McNair) စစ်စခန်းထဲမှာ အဲဒီနေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) နဲ့ ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ် (Pete Hegseth) တို့ ရောက်ရှိနေကြတာ ဖြစ်ပါတယ်။
သတင်းရင်းမြစ်တစ်ဦးကတော့ “ဒရုန်းတွေကို စတွေ့တွေ့ချင်းမှာ စစ်စခန်းတာဝန်ရှိသူတွေက ဝန်ကြီးနှစ်ပါးကို အရေးပေါ် ရွှေ့ပြောင်းပေးဖို့ သင့်၊ မသင့် တော်တော်လေး စဉ်းစားခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ရွှေ့ပြောင်းတာမျိုး မလုပ်ဖြစ်ခဲ့ပါဘူး” လို့ ပြောပြပါတယ်။
အခုပျံသန်းလာတဲ့ ဒရုန်းတွေကို ဘယ်သူက လွှတ်တင်လိုက်တာလဲ၊ ဘယ်ကနေ လာတာလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ လက်ရှိမှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို ဝင်ရောက်တိုက်ခိုက်ထားတဲ့ စစ်ပွဲဂယက်တွေကြောင့် အမေရိကန်ပြည်တွင်းမှာ အစိုးရအရာရှိကြီးတွေရဲ့ လုံခြုံရေးကို အရင်ကထက် အထူးပိုပြီး တင်းကျပ်ထားတဲ့ အချိန်လည်း ဖြစ်ပါတယ်။
ဒီဒရုန်းကိစ္စနဲ့ ပတ်သက်ပြီး ဝါရှင်တန်ပို့စ်ရဲ့ ဖော်ပြချက်အပေါ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရော၊ ပင်တဂွန်စစ်ဌာနချုပ်ကပါ သီးခြား မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။
ပင်တဂွန် ပြောရေးဆိုခွင့်ရ အရာရှိချုပ် ရှောင်ပါနဲလ်က စစ်စခန်းနားမှာ ဒရုန်းတွေတွေ့တယ်ဆိုတဲ့ ကိစ္စကို ဆွေးနွေးပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။ သူက “လုံခြုံရေး စည်းမျဉ်းတွေအရ ကာကွယ်ရေးဝန်ကြီးရဲ့ လှုပ်ရှားသွားလာမှုနဲ့ တည်နေရာတွေကို ကျွန်တော်တို့အနေနဲ့ မှတ်ချက်ပေးလို့ မရပါဘူး။ ဒီလိုအကြောင်းအရာတွေကို သတင်းဖော်ပြနေတာဟာလည်း တာဝန်မဲ့ရာ ကျပါတယ်” လို့ ပြတ်ပြတ်သားသား တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။
ကိုးကား – Reuters, Washington Post
ဓာတ်ပုံ – AP