မတ် ၂၀

The Kaladan Post

 

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှက အွန်လိုင်းငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေရဲ့ နောက်ကွယ်မှာ တရုတ်အာဏာရ ကွန်မြူနစ်ပါတီ (CCP) က ကျောထောက်နောက်ခံ ပေးထားတယ်လို့ အမေရိကန် ဖက်ဒရယ်ထောက်လှမ်းရေးဗျူရို (FBI) က ဖွင့်ချလိုက်ပါတယ်။ လိုအပ်ရင် အဲဒီနိုင်ငံတွေထဲအထိ တိုက်ရိုက်ဝင်ပြီး ကျားဖြန့်ရုံတွေကို တစ်ခုမကျန် ပိတ်ပစ်သွားမယ်လို့လည်း FBI က ပြတ်ပြတ်သားသား သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က အမေရိကန် အထက်လွှတ်တော် ထောက်လှမ်းရေးဆိုင်ရာ ကော်မတီမှာ တစ်ကမ္ဘာလုံးကနေ အမေရိကန်အပေါ် ခြိမ်းခြောက်လာနိုင်တဲ့ အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ကြားနာပွဲတစ်ခု လုပ်ခဲ့ပါတယ်။ အဲဒီမှာ အထက်လွှတ်တော်အမတ် ဂျိမ်းစ်လင့်ဖိုဒ်က အမေရိကန်နိုင်ငံသားတွေအပေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ ခြိမ်းခြောက်မှု ကြီးမားလာတဲ့အကြောင်း မေးခွန်းထုတ်ခဲ့တာပါ။

ဒီမေးခွန်းကို FBI ညွှန်ကြားရေးမှူး ကက်ရှ်ပက်တဲလ်က ပြန်ဖြေရာမှာ “ကမ္ဘောဒီးယားနဲ့ မြန်မာတို့လို နိုင်ငံတွေမှာ ရှိနေတဲ့ ကျားဖြန့်လုပ်ငန်း အဆောက်အအုံ အများစုဟာ CCP ရဲ့ အားပေးထောက်ခံမှုနဲ့ တည်ဆောက်ခဲ့တာ ဖြစ်တယ်ဆိုတာ အမေရိကန်က စုံစမ်းစစ်ဆေးထားတဲ့ ရလဒ်တွေက အတိအကျ ညွှန်ပြနေပါတယ်” လို့ ထည့်သွင်းပြောဆိုသွားပါတယ်။

ဒီဂိုဏ်းတွေဟာ အမေရိကန်နိုင်ငံသားတွေနဲ့ ဒေသတွင်းက သက်ကြီးရွယ်အိုတွေကို အဓိက ပစ်မှတ်ထားပြီး ငွေကြေးလိမ်လည်နေတာပါ။

“အဲဒီဂိုဏ်းတွေက အမေရိကန်ပြည်သူတွေကို နေ့တိုင်း ဒုက္ခပေးလိမ့်မယ်ဆိုတာကို CCP က သဘောပေါက်ထားပါတယ်။ ဒါကြောင့်လည်း အခုလို ခြံဝင်းတွေ၊ အဆောက်အအုံတွေ ဆောက်လုပ်ရာမှာ တရုတ်က အားပေးကူညီခဲ့တာပါ” လို့ FBI ညွှန်ကြားရေးမှူးက တိုက်ရိုက် စွပ်စွဲလိုက်ပါတယ်။

လက်ရှိမှာ ထိုင်း-မြန်မာနဲ့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်က ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့ သက်ဆိုင်ရာ အစိုးရအသီးသီးနဲ့ အမေရိကန်က ချိတ်ဆက်ထားပြီးပြီလို့ သိရပါတယ်။ အမေရိကန်အနေနဲ့ ကျားဖြန့်နှိမ်နင်းရေးကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

ရှေ့ဆက်လုပ်မယ့် ခြေလှမ်းတွေနဲ့ ပတ်သက်ပြီးလည်း “နောက်ထပ် ကျွန်တော်တို့ လုပ်လာနိုင်တာကတော့ အဲဒီနိုင်ငံတွေဆီ တိုက်ရိုက်သွားပြီး ကျားဖြန့်ဂိုဏ်းတွေကို တစ်ခုမကျန် ပိတ်ချပစ်တာမျိုး ဖြစ်လာနိုင်ပါတယ်” လို့ သူက သတိပေးသွားပါတယ်။ ဒါ့အပြင် ဒေသတွင်း အစိုးရတွေနဲ့ ပေါင်းပြီး ကျားဖြန့်ဂိုဏ်းတွေ သုံးနေတဲ့ အင်တာနက် ကွန်ရက်တွေကို ဖြတ်တောက်တာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ ဆက်ပြောပါတယ်။

အခုဆိုရင် အရှေ့တောင်အာရှက ကျားဖြန့်တွေကို ဖြိုခွင်းဖို့အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာရှိတဲ့ FBI ရုံးခွဲကနေ ထိုင်းရဲတပ်ဖွဲ့၊ တခြား မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အချိန်ပြည့် ချိတ်ဆက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းတုန်းကလည်း FBI အေးဂျင့်တွေဟာ ထိုင်းနိုင်ငံနယ်စပ် သောင်ရင်းမြစ်ကမ်းဘေးကနေ တစ်ဖက်ကမ်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာရှိတဲ့ ကျားဖြန့်ရုံတွေကို မှန်ဘီလူးတွေနဲ့ လှမ်းကြည့်ပြီး စောင့်ကြည့်နေတဲ့ ဓာတ်ပုံတွေကို FBI က တရားဝင် ထုတ်ပြန်ခဲ့ပါသေးတယ်။

ကိုးကား – PBS

ပုံစာ – FBI ညွှန်ကြားရေးမှူး ကက်ရှ်ပက်တဲလ် ဆွေးနွေးနေစဉ်၊