မတ် ၂၀
The Kaladan Post
အီရန်စစ်ပွဲမှာ အသုံးပြုဖို့အတွက် နောက်ထပ် စစ်သုံးစရိတ် ဒေါ်လာ ဘီလီယံ ၂၀၀ လောက် ထပ်ရဖို့ အမေရိကန်အစိုးရက ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန (ပင်တဂွန်စစ်ဌာနချုပ်) ကနေ ဒီလောက်များပြားတဲ့ ငွေကြေးပမာဏကို ထပ်သုံးနိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး၊ လွှတ်တော်ဆီကနေ အပြင်းအထန် ဝေဖန်မေးခွန်းထုတ်မှုတွေနဲ့တော့ ကျိန်းသေပေါက် ရင်ဆိုင်ရမယ့် အနေအထားပါ။
လောလောဆယ်မှာတော့ စစ်စရိတ် ထပ်တိုးပေးဖို့အတွက် ပင်တဂွန်က အိမ်ဖြူတော်ဆီကို တရားဝင် ခွင့်ပြုချက် တောင်းခံထားပြီးပြီလို့ အမည်မဖော်လိုတဲ့ ပင်တဂွန် အရာရှိတစ်ဦးက AP သတင်းဌာနကို ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ကို သတင်းထောက်တွေက မေးမြန်းတဲ့အခါ ငြင်းဆန်တာမျိုး မရှိပေမယ့် ငွေပမာဏ အတိအကျကိုတော့ အတည်မပြုပေးခဲ့ပါဘူး။ သူက “ငွေကြေးကိန်းဂဏန်းတွေကတော့ အပြောင်းအလဲ ရှိနိုင်ပါတယ်။ လူဆိုးတွေကို သတ်ဖို့ဆိုရင်တော့ ငွေသုံးရမှာပဲလေ” လို့ ပြောဆိုခဲ့ပါတယ်။
အခုလို စစ်စရိတ် အလုံးအရင်း ထပ်တောင်းဖို့ဆိုတာ လွှတ်တော်ရဲ့ ထောက်ခံအတည်ပြုချက် လိုအပ်ပါတယ်။ သမ္မတ ထရမ့်လက်ထက်မှာ အမေရိကန်ရဲ့ နိုင်ငံတော်အကြွေးက ဒေါ်လာ ၃၉ ထရီလီယံအထိ စံချိန်တင် မြင့်တက်နေတဲ့အချိန်ဖြစ်လို့ အခုလို စစ်စရိတ် အမြောက်အမြား ထပ်သုံးမယ့်အပေါ် လွှတ်တော်က သဘောတူပါ့မလားဆိုတာ မသေချာသေးပါဘူး။
သမ္မတ ထရမ့်ဟာ အီရန်နဲ့ စစ်ပွဲစတင်တုန်းက လွှတ်တော်ရဲ့ ခွင့်ပြုချက်မယူဘဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ စစ်ပွဲအခြေအနေတွေ၊ နည်းဗျူဟာတွေနဲ့ ပတ်သက်လို့ လွှတ်တော်ထဲမှာ ဝေဖန်မေးခွန်းထုတ်မှုတွေ အများကြီး ရှိနေခဲ့တာပါ။
သမ္မတ ထရမ့်ကတော့ “လက်ရှိ ကမ္ဘာကြီးဟာ အရမ်း ထိလွယ်ရှလွယ်တဲ့ နေရာတစ်ခု ဖြစ်လာနေပါတယ်။ အမေရိကန်ရဲ့ စစ်အင်အားကို ကမ္ဘာ့ထိပ်ဆုံးအဆင့်မှာ ဆက်ထိန်းထားဖို့ဆိုရင် ဒီလို အရေးပေါ် ငွေကြေးဖြည့်တင်း ထောက်ပံ့ပေးမှုမျိုးက ပမာဏ သေးသေးလေးလို့တောင် ပြောလို့ရပါတယ်” လို့ မှတ်ချက်ပေးထားပါတယ်။
အောက်လွှတ်တော် ကာကွယ်ရေးအသုံးစရိတ် စောင့်ကြည့်ရေး ကော်မတီခွဲ ဥက္ကဋ္ဌဖြစ်သူ အာဏာရ ရီပတ်ဘလစ်ကန် ပါတီအမတ် ကန်ကဲလ်ဗတ်ကတော့ ပင်တဂွန်အတွက် လိုအပ်နေတဲ့ လက်နက်ခဲယမ်းတွေ ပြန်ဖြည့်တင်းနိုင်ဖို့ ဒီအပိုဆောင်း စစ်စရိတ်ရအောင် လွှတ်တော်ထဲမှာ စည်းရုံးရေး စဆင်းနေပြီလို့ ဆိုပါတယ်။
ဒါပေမဲ့ အဲဒီကော်မတီထဲမှာပါဝင်တဲ့ ဒီမိုကရက်အမတ် ဘက်တီ မက်ကော်လမ်ကတော့ သမ္မတ ထရမ့်အနေနဲ့ လွှတ်တော်ကို ခွင့်မတောင်းဘဲ စစ်ပွဲစခဲ့တာကို ထောက်ပြပြီး အခု စစ်စရိတ် ထပ်တောင်းတဲ့အပေါ် ပိုပြီး အသေးစိတ် ရှင်းပြဖို့ လိုလိမ့်မယ်လို့ ဝေဖန်လိုက်ပါတယ်။ သူက “အမေရိကန် လွှတ်တော်ဆိုတာ သမ္မတက တောင်းဆိုသမျှ အကုန်ခွင့်ပြုပြီး တံဆိပ်တုံး ထုပေးနေရမယ့် အစုအဖွဲ့ ဖြစ်လာလို့ မရပါဘူး” လို့ ပြတ်ပြတ်သားသား ပြောဆိုသွားပါတယ်။
အမေရိကန်ဟာ အီရန်စစ်ပွဲ စတင်ခဲ့တဲ့ ပထမဆုံး နာရီပေါင်း ၁၀၀ အတွင်းမှာတင် ဒေါ်လာ ၃.၇ ဘီလီယံလောက် သုံးစွဲခဲ့ပြီး၊ လက်ရှိမှာတော့ တစ်နေ့ကို ပျမ်းမျှ စစ်စရိတ် ဒေါ်လာ ၁ ဘီလီယံကျော်လောက် သုံးစွဲနေရတယ်လို့ သိရပါတယ်။
ကိုးကား – AP
ဓာတ်ပုံ – AP