မတ် ၁၂

The Kaladan Post

 

တောင်ကိုရီးယားနိုင်ငံမှာ ဖြန့်ကျက်ထားတဲ့ အမေရိကန်စစ်လက်နက်တချို့ကို ရုပ်သိမ်းသွားခဲ့ရင်တောင် မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ကိုယ်ပိုင်အစွမ်းအစနဲ့တင် ကောင်းကောင်း ပြန်လည်တုံ့ပြန်နိုင်တယ်လို့ တောင်ကိုရီးယားက ပြောလိုက်ပါတယ်။

လက်ရှိ အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အီရန်စစ်ပွဲကြောင့် တောင်ကိုရီးယားမှာရှိနေတဲ့ အမေရိကန်လက်နက်တချို့ကို အဲဒီဘက်ကို ရွှေ့ပြောင်းတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ ဝါရှင်တန်ပို့စ် သတင်းစာရဲ့ ဖော်ပြချက်အရ အမေရိကန်ဟာ တောင်ကိုရီးယားက THAAD လေကြောင်းကာကွယ်ရေးစနစ် အစိတ်အပိုင်းတွေကို ဖြုတ်ယူပြီး အရှေ့အလယ်ပိုင်းကို စတင်ရွှေ့ပြောင်းနေပြီလို့ သိရပါတယ်။

တောင်ကိုရီးယားဟာ အရှေ့အာရှမှာ အမေရိကန်ရဲ့ အရေးအပါဆုံး မဟာမိတ်နိုင်ငံတစ်ခုဖြစ်ပြီး နျူကလီးယားပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားကို အဟန့်အတားဖြစ်စေဖို့ အမေရိကန်တပ်ဖွဲ့ဝင် အင်အား (၂၈,၅၀၀) လောက်ကို တောင်ကိုရီးယားမှာ တပ်စွဲထားတာ ဖြစ်ပါတယ်။

ဒီသတင်းတွေနဲ့ပတ်သက်လို့ မတ်လ (၁၁) ရက်နေ့မှာ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက “အမေရိကန်တပ်တွေက စစ်လက်နက်တွေကို တခြားနိုင်ငံဆီ ရွှေ့ပြောင်းတာမျိုး လုပ်လုပ်၊ မလုပ်လုပ် မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တန်ပြန်ဟန့်တားနိုင်မယ့် တောင်ကိုရီးယားရဲ့ စွမ်းရည်ကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး” လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ လက်နက်တွေ ရွှေ့ပြောင်းနေတယ်ဆိုတဲ့ ကိစ္စအပေါ်မှာတော့ ဝန်ကြီးဌာနက မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

THAAD ဆိုတာကတော့ တာတို၊ တာလတ်နဲ့ တာဝေး ပဲ့ထိန်းဒုံးကျည်တွေကို ကောင်းကင်ယံမှာတင် ကြားဖြတ်ပစ်ချနိုင်တဲ့ အဆင့်မြင့် လေကြောင်းကာကွယ်ရေးစနစ်ဖြစ်ပြီး တောင်ကိုရီးယားမှာ ၂၀၁၇ ခုနှစ်ကတည်းက စတင်တပ်ဆင်ထားတာပါ။ သတင်းတွေအရ ဒီစနစ်အပြင် တခြားလက်နက်တွေကိုပါ ရွှေ့ပြောင်းဖို့ အမေရိကန်က စီစဉ်နေတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တောင်ကိုရီးယားသမ္မတ လီဂျေမြောင်က “အမေရိကန်ကသာ တောင်ကိုရီးယားမှာရှိတဲ့ လေကြောင်းကာကွယ်ရေး လက်နက်စနစ်တချို့ကို ထုတ်နုတ်ပြီး ပြောင်းရွှေ့မယ်ဆိုရင် ကျွန်တော့်အနေနဲ့ ထောက်ခံမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ခက်ခဲတဲ့ အရှိတရားတစ်ခုကတော့ ဒီလိုကိစ္စမျိုးမှာ တောင်ကိုရီးယားအစိုးရရဲ့ ဆန္ဒအတိုင်း ဝင်ရောက်စွက်ဖက်ဖို့ အခွင့်အရေး မရှိဘူးဆိုတာပါပဲ” လို့ ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။

(ကိုးကား – AFP / ဓာတ်ပုံ – Reuters)