မတ် ၁၂
The Kaladan Post
အရှေ့အလယ်ပိုင်းဒေသမှာ အီရန်စစ်ပွဲတွေ ပြင်းထန်နေချိန် ကမ္ဘာ့ရေနံဖြတ်သန်းရာ အဓိကလမ်းကြောင်းဖြစ်တဲ့ ဟောမုဇ်ရေလက်ကြားတဝိုက်မှာ မတ်လ (၁၁) ရက်နေ့ တစ်ရက်တည်းတင် အရပ်ဖက်ကုန်တင်သင်္ဘော (၅) စီး တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ရေနံနဲ့ လောင်စာဆီ ဈေးကွက် ကမောက်ကမဖြစ်လာမယ့် အခြေအနေကို တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံပေါင်း (၃၂) နိုင်ငံက အရန်သိုလှောင်ထားတဲ့ ရေနံစည်ပေါင်း သန်း (၄၀၀) ကို ထုတ်သုံးဖို့ စုပေါင်းဆုံးဖြတ်လိုက်တဲ့ နေ့မှာပဲ အခုလို တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်လာတာပါ။ ဟောမုဇ်ရေလက်ကြားဟာ ကမ္ဘာ့ရေနံတင်ပို့မှု စုစုပေါင်းရဲ့ ငါးပုံတစ်ပုံလောက် ဖြတ်သန်းသွားလာနေတဲ့ အသက်သွေးကြော ရေလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။
မတ်လ (၁၁) ရက်နေ့ တိုက်ခိုက်ခံရမှုတွေထဲမှာ ထိုင်းနိုင်ငံက မှတ်ပုံတင်ထားတဲ့ Mayuree Naree ကုန်တင်သင်္ဘောလည်း ပါဝင်ခဲ့ပြီး အိုမန်နိုင်ငံ မြောက်ဘက်ကမ်းလွန် ရေမိုင် (၁၁) မိုင်လောက်မှာ တိုက်ခိုက်ခံရတာကြောင့် သင်္ဘောကိုယ်ထည် ပေါက်ကွဲမီးလောင်ခဲ့ပါတယ်။ ဒါပေမယ့် သင်္ဘောပေါ်ပါလာတဲ့ ထိုင်းသင်္ဘောသား (၂၃) ဦးစလုံး ဘေးကင်းတယ်လို့ ထိုင်းရေတပ်က ထုတ်ပြန်ထားပါတယ်။ ဒီတိုက်ခိုက်မှုကိုတော့ သူတို့လုပ်တာပါလို့ အီရန်ဘက်က ဝန်ခံထားပြီး သူတို့ရဲ့ သတိပေးတားမြစ်ချက်ကို သင်္ဘောက မလိုက်နာလို့ အခုလို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ဂျပန်အလံလွှင့်ထားတဲ့ သင်္ဘောတစ်စီး၊ မာရှယ်အိုင်းလန်း အလံလွှင့်ထားတဲ့ သင်္ဘောတစ်စီး၊ မော်လ်တာအလံလွှင့်ထားတဲ့ သင်္ဘောတစ်စီးနဲ့ နောက်ထပ် ကုန်တင်သင်္ဘောတစ်စီး (စုစုပေါင်း ၄ စီး) ဟာလည်း ယူအေအီးနဲ့ ဒူဘိုင်းကမ်းလွန် ရေပြင်တွေမှာ အမည်မသိ လက်နက်တွေ၊ ပျံသန်းလာတဲ့ အရာဝတ္ထုတွေနဲ့ ဝင်တိုက်ခံရပြီး သင်္ဘောကိုယ်ထည် ပေါက်ပြဲပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အီရန်အစိုးရ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် အီဘရာဟင် ဇိုလ်ဖာကာရီက “ကမ္ဘာကြီးအနေနဲ့ ရေနံတစ်စည်ဈေး ဒေါ်လာ ၂၀၀ ကျော်အထိ မြင့်တက်သွားမယ့် အခြေအနေအတွက် ပြင်ဆင်ထားဖို့ လိုပါတယ်။ ဒေသတစ်ခုရဲ့ တည်ငြိမ်မှုဟာ ကမ္ဘာ့ရေနံဈေးအပေါ် အများကြီး သက်ရောက်မှုရှိပါတယ်။ ဒါပေမယ့် အဲဒီတည်ငြိမ်မှုကို ဖျက်ဆီးမယ်ဆိုရင်တော့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ရင်ဆိုင်ရမှာပါ” လို့ တရားဝင် သတိပေး ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၂၈) ရက်နေ့ စစ်ပွဲစတင်ကတည်းကဆိုရင် ဟောမုဇ်ရေလက်ကြားနဲ့ ပင်လယ်ကွေ့ဒေသထဲမှာ ပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့ သင်္ဘောစုစုပေါင်း (၁၃) စီးအထိ ရှိလာပြီလို့ သိရပါတယ်။ ဒါကြောင့် G7 နိုင်ငံတွေက ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်းမယ့် သင်္ဘောတွေကို ရေတပ်ကနေ လုံခြုံရေးယူပေးနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားနေကြပြီလို့ မတ်လ (၁၁) ရက်နေ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန် စစ်ရေးဗဟိုကွပ်ကဲမှုဌာန (CENTCOM) ဘက်ကလည်း အီရန်ဟာ ဟောမုဇ်ရေလက်ကြားတဝိုက်က အရပ်ဖက်ဆိပ်ကမ်းတွေကို စစ်ရေးအတွက် အသုံးပြုနေတယ်လို့ စွပ်စွဲထားပြီး၊ အမေရိကန်အနေနဲ့ ဒီနေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်လာနိုင်တာကြောင့် အရပ်သားတွေအနေနဲ့ အမြန်ဆုံး ရွှေ့ပြောင်းကြဖို့ တိုက်တွန်းထားပါတယ်။
လက်ရှိ ကမ္ဘာ့ရေနံဈေးကွက်မှာတော့ ဈေးနှုန်းတွေ အတက်အကျ အရမ်းကြမ်းနေပါတယ်။ အီရန်စစ်ပွဲမစခင် ဖေဖော်ဝါရီ (၂၇) ရက်နေ့က ရေနံတစ်စည်ကို ၇၀ ဒေါ်လာဝန်းကျင်ပဲ ရှိခဲ့ပေမယ့်၊ မတ်လ (၉) ရက်နေ့မှာ ဒေါ်လာ ၁၂၀ နီးပါးအထိ ထိုးတက်သွားခဲ့ပါတယ်။ အဲဒီနောက် ၈၇ ဒေါ်လာကို ပြန်ကျသွားခဲ့ပြီး လက်ရှိ မတ်လ (၁၁) ရက်နေ့ ပေါက်ဈေးအရတော့ ရေနံတစ်စည်ကို ၉၂ ဒေါ်လာဝန်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။
(ကိုးကား – Reuters / ဓာတ်ပုံ – Reuters)