ဇူလိုင် ၂၂၊ ၂၀၂၆
The Kaladan Post
အာရှ-ပစိဖိတ်ဒေသအတွင်းက ပြည်သူတွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာတင် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကြောင့် အနည်းဆုံး အမေရိကန်ဒေါ်လာ ၈၈ ဘီလီယံကျော် (စင်ကာပူဒေါ်လာ ၁၁၄ ဘီလီယံခန့်) လိမ်လည်ခံခဲ့ရကြောင်း [ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)] က အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒီပမာဏဟာ ဒေသတွင်းက နိုင်ငံအချို့ရဲ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ထက်တောင် ပိုမိုများပြားနေတာ ဖြစ်ပါတယ်။
အရှေ့တောင်အာရှဒေသဟာ အဓိကအားဖြင့် တရုတ်နွယ်ဖွား ရာဇဝတ်ဂိုဏ်းတွေရဲ့ ဆိုင်ဘာငွေလိမ်မှု ဗဟိုချက်ဖြစ်နေပြီး သူတို့ရဲ့ နည်းဗျူဟာတွေဟာ အစိုးရတွေရဲ့ နှိမ်နင်းမှုတွေထက် ပိုမိုမြန်ဆန်နေတယ်လို့ ဆိုပါတယ်။ UNODC ရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ် Delphine Schantz က “သူတို့ရဲ့ လုပ်ဆောင်ပုံတွေက ကုမ္ပဏီကြီးတွေလိုပဲ စနစ်တကျ ရှိလှပါတယ်။ ငွေကြေးခဝါချဖို့၊ လူကုန်ကူးဖို့နဲ့ ဒေတာတွေခိုးယူဖို့အတွက် သီးခြားဌာနတွေ ခွဲထားပြီး အဲဒါတွေကို ကွန်ရက်တစ်ခုတည်းနဲ့ ချိတ်ဆက်လုပ်ဆောင်နေကြတာပါ” လို့ ရှင်းပြခဲ့ပါတယ်။
အခု ငွေလိမ်စခန်းတွေမှာ နိုင်ငံပေါင်း ၈၀ ကျော်က လူတွေကို အဓမ္မစေခိုင်းထားကြပြီး အာရှတင်မကဘဲ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကက လူတွေကိုပါ စည်းရုံးသိမ်းသွင်းနေကြတာပါ။ လက်ရှိမှာတော့ မြန်မာနဲ့ လာအိုနိုင်ငံတွေမှာ နှိမ်နင်းမှုတွေ ခံလာရတာကြောင့် အဆိုပါဂိုဏ်းတွေဟာ အရှေ့တီမော၊ ပစိဖိတ်ကျွန်းစုနိုင်ငံတွေနဲ့ အာဖရိကဒေသတွေဆီကို ရွှေ့ပြောင်းလုပ်ကိုင်လာကြတယ်လို့ သိရပါတယ်။ သူတို့ဟာ ဥပဒေစိုးမိုးမှု အားနည်းတဲ့ နေရာတွေကို ရွေးချယ်ပြီး အဂတိလိုက်စားမှုကို အသုံးချကာ လုပ်ငန်းတွေကို ချဲ့ထွင်နေကြတာ ဖြစ်ပါတယ်။
ပိုပြီးစိုးရိမ်စရာကောင်းတာကတော့ ရာဇဝတ်ဂိုဏ်းတွေဟာ AI (Artificial Intelligence) နည်းပညာကို အဆင့်မြင့်မြင့် အသုံးပြုလာကြတာပါပဲ။ သူတို့ဟာ AI ကိုသုံးပြီး သားကောင်ဖြစ်မယ့်သူတွေကို အလိုအလျောက် ရှာဖွေတာ၊ လူမှုကွန်ရက်ကတစ်ဆင့် လှည့်ဖြားတာနဲ့ ခရစ်ပတိုငွေကြေးတွေကို ခိုးယူခဝါချတာတွေ လုပ်ဆောင်လာကြတယ်လို့ [UNODC] ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ UNODC မှ ထိပ်တန်းအကဲခတ် Inshik Sim ကတော့ “အခုလို ကျယ်ပြန့်လာတဲ့ ရာဇဝတ်မှုတွေရဲ့ ပမာဏနဲ့ ရှုပ်ထွေးမှုတွေဟာ လက်ရှိအစိုးရတွေရဲ့ တုံ့ပြန်ဆောင်ရွက်နိုင်စွမ်းထက် အများကြီး ပိုမိုမြန်ဆန်နေပါတယ်” လို့ သတိပေးပြောကြားခဲ့ပါတယ်။
သတင်း Source: Reuters