စက်တင် ၇၊ ၂၀၂၆
The Kaladan Post
လာမည့် အောက်တိုဘာလတွင် ပြုလုပ်မည့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (FATF) ၏ ပါရီ အစည်းအဝေး၌ မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေးဆိုင်ရာ အရေးယူမှုများ ပိုမိုမြှင့်တင်ရန် ဆုံးဖြတ်မည်ဖြစ်ပြီး အိန္ဒိယနိုင်ငံကလည်း အဆိုပါ ဆုံးဖြတ်ချက်တွင် အဓိက ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။
အဆိုပါ ဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံအား “အထူးစိစစ်စောင့်ကြည့်သည့်အဆင့်” မှ အီရန်နှင့် မြောက်ကိုရီးယားတို့ကဲ့သို့ အပြည့်အဝ တင်းကြပ်သည့် အရေးယူမှု (countermeasures) အဆင့်သို့ မြှင့်တင်ရန် ဆုံးဖြတ်ကြမည် ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှ ဗီဗက် အဂ္ဂါဝါလ် (Vivek Aggarwal) သည် ၂၀၂၆-၂၀၂၇ သက်တမ်းအတွက် FATF ၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်ရာ ယခု ဆုံးဖြတ်ချက်တွင် အိန္ဒိယက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။
အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မဏိပူရ် ပြည်နယ်ရှိ မိုရေး-တမူး နယ်စပ်သည် မြန်မာနိုင်ငံမှ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ အိန္ဒိယသို့ ဝင်ရောက်ရာ အဓိက လမ်းကြောင်း ဖြစ်နေပါတယ်။ ၂၀၂၄ ခုနှစ်တွင် မဏိပူရ်၌ မူးယစ်ဆေး ဖမ်းဆီးရမိမှု ၂၈၄ ကီလိုဂရမ် ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၂,၅၅၆ ကီလိုဂရမ်အထိ ၉ ဆနီးပါး မြင့်တက်လာခဲ့ပြီး မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်၏ နေရာတွင် ကမ္ဘာ့အဓိက ဘိန်းထုတ်လုပ်သည့် နိုင်ငံဖြစ်လာကြောင်း NCB အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။
ထို့အပြင် မြန်မာနိုင်ငံ၌ ဆိုင်ဘာ လိမ်လည်သည့် စခန်းပေါင်း ၁၃၇ ခုကျော်ရှိနေပြီး ကရင်ပြည်နယ်တွင် လူကုန်ကူးခံရသူ ၅,၃၀၀ ကျော် ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်နှင့် ဘလူးန်းဘတ်ဂ် ဒေတာများအရ ၂၀၂၅ ခုနှစ်တွင် မြန်မာစစ်ကောင်စီ၏ စည်းမျဉ်းများကြောင့် ပြည်ပရောက် လုပ်သားများထံမှ လွှဲပို့ငွေ အမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံအထိ ရှိခဲ့ပြီး မြန်မာ၏ ပြည်ပငွေဝင်ရောက်မှု၏ ၃၈ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပါတယ်။
ဩဂုတ်လ ၂၈ ရက်နေ့တွင် မြန်မာဗဟိုဘဏ်က ပြည်တွင်း မိုဘိုင်းငွေပေးချေမှု အက်ပလီကေးရှင်းများကို ပြည်ပမှ အသုံးပြုခွင့် ပိတ်ပင်ရန် ထုတ်ပြန်ခဲ့ပါတယ်။ FATF ဆုံးဖြတ်ချက်တွင် အိန္ဒိယအနေဖြင့် စစ်ကောင်စီနှင့် ဆက်စပ်သည့် ဘဏ်များနှင့် ရာဇဝတ်အဖွဲ့အစည်းများကို သီးသန့် ပစ်မှတ်ထား အရေးယူရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လွှဲပြောင်းငွေများကို အကာအကွယ်ပေးရန် တွန်းအားပေး လုပ်ဆောင်နိုင်ကြောင်း သုံးသပ်ဖော်ပြထားပါတယ်။
Source – The Frontier Manipur