ဩဂုတ် ၆၊ ၂၀၂၆

The Kaladan Post

စစ်ပွဲဖြစ်ပွားလာပါက အစိုးရအဖွဲ့ လုပ်ငန်းများ ဆက်လက် လည်ပတ်နိုင်ရေးအတွက် ပြုလုပ်သည့် နှစ်စဉ် စစ်ရေးလေ့ကျင့်မှု၏ အစိတ်အပိုင်းအဖြစ် ထိုင်ဝမ်သမ္မတ လိုင်ချင်းတဲ (Lai Ching-te) သည် ညသန်းခေါင်ယံတွင် သံချပ်ကာယာဉ်ဖြင့် ကွပ်ကဲရေးစခန်းသို့ သွားရောက်ခဲ့ကြောင်း ထိုင်ဝမ်သမ္မတရုံးက ကြာသပတေးနေ့ (ဩဂုတ်လ ၆ ရက်) တွင် ထုတ်ပြန်လိုက်ပါတယ်။

ထိုင်ဝမ်သည် ၁၀ ရက်ကြာ မြှင့်တင်ပြုလုပ်မည့် ဟန်ကွမ် (Han Kuang) စစ်ရေးလေ့ကျင့်မှုများကို ဗုဒ္ဓဟူးနေ့တွင် စတင်ခဲ့တာ ဖြစ်ပါတယ်။ သမ္မတ လိုင်ချင်းတဲနှင့် အကြီးတန်း တာဝန်ရှိသူများသည် ကျည်ကာအင်္ကျီနှင့် မဦးထုပ်များ ဝတ်ဆင်ကာ သံချပ်ကာ တပ်ဖွဲ့ဝင်တင် ယာဉ်ပေါ်သို့ တက်ရောက်နေသည့် ဓာတ်ပုံများကိုလည်း သမ္မတရုံးက ထုတ်ပြန်ခဲ့ပါတယ်။

သမ္မတနှင့် အဖွဲ့သည် “အရေးပေါ် အခြေအနေများအတွင်း ခံစစ်ဆင်နွှဲမှုများကို ကွပ်ကဲရန်နှင့် အစိုးရအဖွဲ့ လုပ်ငန်းများ ဆက်လက် လည်ပတ်နိုင်ရန် လေ့ကျင့်ခဲ့ကြတာ ဖြစ်ပါတယ်” ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ကာရင် ကူ (Karen Kuo) က ထုတ်ပြန်ထားပါတယ်။ အဆိုပါ လေ့ကျင့်မှုများသည် မမျှော်လင့်ထားသည့် အခြေအနေများတွင် အစိုးရအဖွဲ့ ထိရောက်စွာ လည်ပတ်နိုင်ရေးအတွက် ဖြစ်သည်ဟုလည်း ဆိုပါတယ်။

ထိုင်ဝမ်သည် စစ်ပွဲဖြစ်ပွားပါက သမ္မတနှင့် ထိပ်ပိုင်းခေါင်းဆောင်များကို ရှင်းလင်းသည့် “ခေါင်းဖြတ်” (decapitation) စစ်ဆင်ရေး ပြုလုပ်လာမည်ကို ကာလရှည်ကြာ စိုးရိမ်ခဲ့တာ ဖြစ်ပါတယ်။ ပေကျင်းဘက်က သမ္မတ လိုင်ချင်းတဲကို “ခွဲထွက်ရေးဝါဒီ” (separatist) အဖြစ် သတ်မှတ်ထားပြီး ဆွေးနွေးပွဲ ကမ်းလှမ်းမှုများကို ငြင်းပယ်ထားသော်လည်း လိုင်ချင်းတဲက ထိုင်ဝမ်၏ အနာဂတ်ကို ထိုင်ဝမ်ပြည်သူများသာ ဆုံးဖြတ်နိုင်မည်ဟု ပြောဆိုထားပါတယ်။

Source – Reuters