ဩဂုတ် ၆၊ ၂၀၂၆

The Kaladan Post

အမေရိကန်နှင့် ဖြစ်ပွားနေသည့် ၅ လကြာ စစ်ပွဲကို အဆုံးသတ်ရန် အီရန်နှင့် ဩမန်နိုင်ငံတို့ကြား ဆွေးနွေးနေသည့် အဆိုပြုချက်အရ အီရန်အနေဖြင့် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ပင်လယ်ကွေ့အတွင်းသို့ ဝင်ရောက်သည့် သင်္ဘောများကို ထိန်းချုပ်ခွင့် ရရှိမည်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ဗုဒ္ဓဟူးနေ့ (ဩဂုတ်လ ၅ ရက်) တွင် ပြောကြားလိုက်ပါတယ်။

ရေလမ်းကြောင်း ထိန်းချုပ်ခွင့်ပေးရခြင်းသည် အီရန်အတွက် ကြီးမားသည့် လိုက်လျောမှုတစ်ရပ် ဖြစ်လာမည်ဖြစ်ပြီး သမ္မတ ထရမ့်က “လူတွေကို မသတ်ချင်တဲ့အတွက် သဘောတူညီချက်ပဲ ရယူချင်ပါတယ်” ဟု လာ့စ်ဗေးဂါးစ်ရှိ ထောက်ခံသူများကို ပြောဆိုခဲ့သော်လည်း အမေရိကန်ဘက်က ရေလမ်းကြောင်း အီရန် ထိန်းချုပ်မှုကို ဘယ်တော့မှ လက်ခံမည်မဟုတ်ဟု ယခင်က ပြောဆိုထားခဲ့ပါတယ်။

အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဇင် ဂါရီဘာဘာဒီ (Kazem Gharibabadi) က ကုန်သွယ်သင်္ဘောများမှာ “အဝင်ရော အထွက်ပါ အီရန် ပိုင်နက်ရေပြင်ကို ဖြတ်သန်းသွားလာမည့် ပုံစံဖြင့် ရေးဆွဲထားတာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပြီး ဆွေးနွေးပွဲများမှာ “ပြီးစီးရန် လက်တစ်ကမ်းအလို ရောက်ရှိနေပြီ” ဟု ဆိုပါတယ်။ အီရန်ဘက်က သင်္ဘောများထံမှ ကုန်ပစ္စည်းတန်ဖိုး၏ ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ အခကြေးငွေ တောင်းခံရန် ကြိုးပမ်းနေပါတယ်။

တစ်ချိန်တည်းမှာပင် အမေရိကန်က ထပ်မံတိုက်ခိုက်ပါက ပင်လယ်ကွေ့ဒေသရှိ စွမ်းအင် အခြေခံအဆောက်အအုံများကို ပြန်လည်တိုက်ခိုက်မည်ဟု အီရန်က သတိပေးထားပါတယ်။ ပင်လယ်ကွေ့ သတင်းရင်းမြစ်တစ်ခုက “အမေရိကန်က အီရန်ရဲ့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားရင် ပင်လယ်ကွေ့ စွမ်းအင်စက်ရုံတွေကို ပြန်လည်တိုက်ခိုက်မယ်ဆိုတဲ့ အီရန်ရဲ့ သတိပေးချက်ဟာ တိကျပြတ်သားပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

Source – Reuters