ဩဂုတ် ၁၉၊ ၂၀၂၆

The Kaladan Post

ကိုရီးယားကျွန်းဆွယ် အရေးနှင့် နှစ်နိုင်ငံ ဆက်ဆံရေးများကို ဆွေးနွေးရန်အတွက် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ (Wang Yi) သည် နှစ်ရက်တာ ခရီးစဉ်အဖြစ် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ ဗုဒ္ဓဟူးနေ့ (ဩဂုတ်လ ၁၉ ရက်) တွင် ရောက်ရှိလာခဲ့ပါတယ်။

ဝမ်ယီသည် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဟွန်း (Cho Hyun) နှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ပါတယ်။ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပတ်ခ်ဒူးဆွန်း (Park Doo-soon) က “ဒီဆွေးနွေးပွဲဟာ တောင်ကိုရီးယား-တရုတ် ဆက်ဆံရေး ပြန်လည် ထူထောင်ရာမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ပြန်လည် သုံးသပ်ဖို့နဲ့ တရုတ်နိုင်ငံ ရှန်ဇန်းမှာ ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (APEC) ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်မှုတွေ စတင်ဖို့ အခွင့်အရေး ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

ကြာသပတေးနေ့တွင် ဝမ်ယီသည် သမ္မတ လီဂျေမြောင် (Lee Jae Myung) ထံ သွားရောက် တွေ့ဆုံမည်ဖြစ်ပြီး အမျိုးသား လုံခြုံရေး အကြံပေး ဝီဆောင်းလက်ခ် (Wi Sung-lac) နှင့်လည်း သီးခြား တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ပါတယ်။

ယခု ခရီးစဉ်သည် ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲကို တရားဝင် အဆုံးသတ်ရန် အဖွဲ့စုံ ပါဝင်သော ဆွေးနွေးပွဲများ ပြုလုပ်ရန် သမ္မတ လီဂျေမြောင်က လွတ်လပ်ရေးနေ့ မိန့်ခွန်းတွင် အဆိုပြုခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးကလည်း ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်း ဆွေးနွေးသွားမည်ဟု ပြောဆိုထားပါတယ်။

Source – Yonhap