ဩဂုတ် ၁၉၊ ၂၀၂၆

The Kaladan Post

ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ အန်ထော်နီ ဖောင်ချီ (Anthony Fauci) ၏ အကြံပေးဟောင်း ဒေးဗစ် မောရန်းစ် (David Morens) သည် ကိုဗစ်-၁၉ ကပ်ရောဂါ သုတေသနဆိုင်ရာ အစိုးရ အချက်အလက်များကို ဖုံးကွယ်ရန်နှင့် ပြည်သူ့မှတ်တမ်း ဥပဒေများကို ရှောင်လွှဲရန် ပူးပေါင်းကြံစည်ခဲ့မှုဖြင့် အင်္ဂါနေ့ (ဩဂုတ်လ ၁၈ ရက်) တွင် အပြစ်ရှိကြောင်း ဝန်ခံလိုက်ပါတယ်။

အသက် ၇၈ နှစ်အရွယ် မောရန်းစ် သည် မေရီလန်းပြည်နယ် ဂရင်းဘဲလ်တ် (Greenbelt) ရှိ ဖက်ဒရယ်တရားရုံးတွင် တရားရင်ဆိုင်စဉ် ပြစ်မှု ထင်ရှားကြောင်း ဝန်ခံခဲ့ခြင်း ဖြစ်ပြီး နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ပြစ်ဒဏ် ချမှတ်ခံရမည် ဖြစ်ပါတယ်။ ၎င်း၏ ရှေ့နေ တိမိုသီ ဘီလီဗက်ဇ် (Timothy Belevetz) က “ဒီနေ့ အပြစ်ရှိကြောင်း ဝန်ခံလိုက်တာဟာ ဒေါက်တာ မောရန်းစ် အနေနဲ့ သူ့ရဲ့ လုပ်ရပ်အတွက် တာဝန်ယူလိုက်တာ ဖြစ်ပါတယ်” ဟု ထုတ်ပြန်ထားပါတယ်။

မောရန်းစ် သည် ဝူဟန်ဓာတ်ခွဲခန်းနှင့် သက်ဆိုင်သည့် လင်းနို့ ကော်ရိုနာဗိုင်းရပ်စ် သုတေသန ရန်ပုံငွေ အကူအညီများကို ပြန်လည် ရရှိရေး ကူညီရန် ကတိပြုခဲ့ပြီး သတင်းအချက်အလက် လွတ်လပ်ခွင့် အက်ဥပဒေအရ စုံစမ်းမေးမြန်းမှုများကို ရှောင်လွှဲနိုင်ရန် အစိုးရ အီးမေးလ်အစား ကိုယ်ပိုင် အီးမေးလ်မှတစ်ဆင့် ဆက်သွယ် ပြောဆိုခဲ့ကြကြောင်း တရားလို ရှေ့နေများက ဆိုပါတယ်။

Source – Reuters