ခင်ဦးမြို့နယ် ရေဘေးသင့်ပြည်သူ ၃၀၀ ခန့်ကို ဆန်အိတ် ၅၀ ထောက်ပံ့လှူဒါန်း

ဩဂုတ် ၁၉
The Kaladan Post
ခင်ဦးမြို့နယ်ရှိ ရေဘေးသင့်ကျေးရွာတစ်ရွာက အိမ်ထောင်စု ၃၀၀ ခန့်အတွက် ဩဂုတ် ၁၇ ရက်နေ့မှာ အမှတ် (၂) ရွှေဘိုခရိုင်၊ အမှတ် (၃) တပ်ရင်းနဲ့ မြို့နယ် ပကဖတို့က ဆန်အိတ် ၅၀၊ တန်ဖိုးငွေကျပ် သိန်း ၅၀ ခန့်ကို ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ မြို့နယ် ပအဖက ထုတ်ပြန်ပါတယ်။ တစ်အိမ်ထောင်လျှင် ဆန် ၄ ပြည်နှုန်းနဲ့ ထောက်ပံ့ပေးခဲ့ပြီး အဆိုပါကူညီမှုကို ပအဖ၊ ပကဖ တာဝန်ရှိသူတွေနဲ့ တပ်ရင်းမှ ရဲဘော် များ ပူးပေါင်းကာ ရေဘေးသင့်ပြည်သူတွေဆီ ကိုယ်တိုင်သွားရောက်ပေးအပ်ခဲ့ကြပါတယ်။
ရေဘေးသင့်ပြည်သူတွေအတွက် လိုအပ်တဲ့ အခြေခံစားနပ်ရိက္ခာတွေ ဆက်လက်ထောက်ပံ့နိုင်ရေး အတွက် သက်ဆိုင်ရာအဖွဲ့တွေက ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
တစ်ဖက်မှာလည်း ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့မှာ မြစ်ရေမြင့်တက်ပြီး ရေစီး သန်လာတာကြောင့် ဩဂုတ် ၁၈ ရက် ညနေပိုင်းက ကိုတွတ်လမ်းဆုံအနီး လူတစ်ဦး ရေစီးနဲ့မျောပါကာ ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ ကျုံပျော်၊ ရေကြည်နဲ့ ဟင်္သာတမြို့နယ်တွေမှာ ရေဘေးအခြေအနေ ပိုမိုဆိုးရွားလာပြီး အစားအသောက်၊ သောက်သုံးရေနဲ့ ကယ်ဆယ်ရေးအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။
အဆိုပါဒေသတွင် လမ်းပန်းဆက်သွယ်ရေးအတွက် အရေးကြီးတဲ့ တံတားနဲ့ လမ်းပိုင်းတချို့မှာ ရေမြင့်တက်လာနေသလို ရေဘေးကူညီရေးအတွက် အလှူရှင်တွေ လာရောက်မှုလည်း လျော့နည်း လာတာကြောင့် ဒေသခံတွေအနေနဲ့ အကူအညီပိုမိုလိုအပ်နေတဲ့ အခြေအနေဖြစ်ပါတယ်။
#ငါးသိုင်းချောင်း #ရေကြီးရေလျှံမှု #ရေဘေးသင့်ပြည်သူများ #ကယ်ဆယ်ရေးအကူအညီ #ခင်ဦးမြို့နယ် #လူသားချင်းစာနာမှု


ပင်လည်ဘူးတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၁ ဦး သေဆုံး ၃၀ ဦးခန့် ဒဏ်ရာရ

ဩဂုတ် ၁၉
The Kaladan Post
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ် မြောက်ဘက်ခြမ်း မိုင်းတုံကျေးရွာအနီး ရွှေလုပ်ကွက်ကို ဩဂုတ် ၁၈ ရက် နံနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၈ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုမတိုင်ခင် ဩဂုတ် ၁၆ ရက်ကလည်း ကင်းပန်းကျေးရွာကို လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ဦး သေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပင်လည်ဘူးမြို့နယ်အတွင်း ၂ ရက်တာအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ စုစုပေါင်း ၁၁ ဦးနဲ့ ဒဏ်ရာရသူ ၂၈ ဦးကျော် ရှိလာပြီး ဒေသခံတွေက လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေကြရပါတယ်။ အခု စစ်တပ် ဗုံးကြဲချတဲ့ နေရာဟာ ပင်လည်ဘူးမြို့နဲ့ ၁၆ မိုင်ခန့် ကွာဝေးတဲ့နေရာဖြစ်ပြီး ဒေသခံ အများစု ရွှေတူးဖော်ရာလုပ်ကွက် ဖြစ်ကြောင်း သိရပါတယ်။
‌‌‌‌‌‌‌‌‌‌ဒီဖြစ်စဥ်ဟာ စစ်တပ်ထံ လက်နက်ချ အညံ့ခံသွားတဲ့ BNRA အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးရဲ့ တပည့် ၂ ယောက် ဖြစ်တဲ့ သခင်ဒေါင်းညိုနဲ့ တကိုယ်တော်သုဘရာဇာတို့ဟာ ဩဂုတ် ၁၄ ရက်က ပင်လည်ဘူး မြို့နယ်အတွင်း တနေရာမှာ ဆေးကုသမှုခံယူနေရာက ထွက်ပြေးသွားပြီး စစ်တပ်ထံ သတင်းပို့တာ ကြောင့် အခုလို စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တာဖြစ်ကြောင်း ပြောဆိုမှုတွေရှိနေပါတယ်။ ဒါ့ပြင် လက်ရှိမှာ သူတို့နှစ်ဦးဟာ ကော်လင်း မြို့နယ်အတွင်းမှာရှိတဲ့ စစ်တပ်ထံ အညံ့ခံသွားပြီဖြစ်တယ်လို့လည်း တော်လှန်ရေးအင်အားစုဘက်က ပြောပါတယ်။
#ပင်လည်ဘူးမြို့နယ် #စစ်ကိုင်းတိုင်း #လေကြောင်းတိုက်ခိုက်မှု #ပြည်သူ့လုံခြုံရေး
#ရေဘေးနှင့်စစ်ဘေးသင့်ပြည်သူများ

ကျဆုံးခဲ့သည့် တပ်ဦးချုပ် ဆလိုင်းရိုးချင်း၏ တော်လှန်ရေးစိတ်ဓာတ် ဆက်လက်လမ်းပြမည်ဟု PRA-မကွေးဆို

ဩဂုတ် ၁၉
The Kaladan Post
PRA-မကွေးက CDF-အရှို တပ်ဦးချုပ် ဆလိုင်းရိုးချင်း ကျဆုံးမှုဟာ တော်လှန်ရေးအတွက်သာမက ပြည်ထောင်စုနဲ့ အရှိုချင်းလူမျိုးတစ်မျိုးသားလုံးအတွက်ပါ ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ ဩဂုတ် ၁၈ ရက်မှာ ထုတ်ပြန်ပြောဆိုပါတယ်။ ဆလိုင်းရိုးချင်းဟာ ကိုယ်ကျိုးစွန့်ပြီး အရှိုချင်းလူငယ် တွေနဲ့အတူ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်တာကြောင့် သူ့ရဲ့ရဲစွမ်းသတ္တိနဲ့ တော်လှန်ရေးစိတ်ဓာတ်တွေကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ PRA-မကွေးက ဆိုပါတယ်။
ဆလိုင်းရိုးချင်းအပါအဝင် ရဲဘော် ၃ ဦးဟာ အထောက်စခန်းဘက်သို့ လွန်ခဲ့သည့် ဩဂုတ် ၁၄ ရက်က သွားရောက်စစ်ဆေးစဉ် စစ်တပ်စစ်ကြောင်းနဲ့ တိုးပြီး စောင့်ကြိုတိုက်ခိုက်ခံရတာကြောင့် ကျဆုံးခဲ့ရ တယ်လို့ CDF-အရှိုက ပြောဆိုထားပါတယ်။ ဆလိုင်းရိုးချင်း ချမှတ်ခဲ့တဲ့ မူဝါဒတွေ၊ ပြသခဲ့တဲ့ ရဲစွမ်းသတ္တိနဲ့ တော်လှန်ရေးအပေါ်ထားရှိတဲ့ သစ္စာတရားတွေဟာ ရှေ့ဆက်တော်လှန်ရေးခရီးအတွက် ဆက်လက်လမ်းပြနေမယ်လို့ PRA-မကွေးက ပြောဆိုထားပါတယ်။
ဒါ့အပြင် သူ့ကို အရှိုချင်းလူငယ်တွေအတွက် အာဇာနည်သူရဲကောင်းတစ်ဦးအဖြစ် အမြဲအမှတ်ရ နေမယ်လို့ ဆိုပြီး၊ သူဆုံးရှုံးခဲ့ရမှုဟာ CDF-အရှိုနဲ့ အရှိုချင်းလူမျိုးတွေအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ အသိပေးထားပါတယ်။ အရှိုချင်းဒေသအခြေစိုက် CDF-အရှိုနဲ့ မကွေးတိုင်း အခြေစိုက် PRA-မကွေးတို့ဟာ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေဖြစ်ပြီး လက်ရှိမှာလည်း ဒေသတွင်း စစ်ရေးလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
#CDFအရှို #ဆလိုင်းရိုးချင်း #PRAမကွေး #အရှိုချင်းလူငယ် #နွေဦးတော်လှန်ရေး


SRF ရဲဘော်ဟောင်းများ မွမ်းမံသင်တန်းဆင်းပြီး မင်းကင်း ပကဖအထူးတပ်ဖွဲ့အဖြစ် ပူးပေါင်း

ဩဂုတ် ၁၉
The Kaladan Post
စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မင်းကင်းမြို့နယ်မှာ ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) ရဲဘော် ဟောင်းတွေဟာ မွမ်းမံလေ့ကျင့်သင်တန်းတက်ရောက်ပြီးနောက် မင်းကင်းမြို့နယ် ပကဖရဲ့ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်သွားမယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးလာပါတယ်။ သင်တန်းဆင်းပွဲမှာ SRF ရဲဘော်တွေက ပကဖဘက်တံဆိပ်ကို ပြောင်းလဲတပ်ဆင်ခဲ့ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ Code of Conduct (COC) ကို လိုက်နာသွားမယ်လို့ ဆိုပါတယ်။
ပြစ်မှုကျူးလွန်ထားခြင်းမရှိတဲ့ SRF ရဲဘော်တွေဟာ COC အောက်ဝင်ရောက်ပြီး တော်လှန်ရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ မင်းကင်းပအဖွဲ့နဲ့ SRF တို့အကြား သဘောတူပြီး မေလ ၂၈ ရက်က အသိပေး ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ အခုလို ပူးပေါင်းဖွဲ့စည်းမှုဟာ ၂၀၂၆ ခုနှစ် အစပိုင်းက မင်းကင်းဒေသမှာ တပ်သားသစ်စုဆောင်းရေး၊ ငွေကြေးကောက်ခံရေးနဲ့ နယ်မြေစိုးမိုးရေး ကိစ္စတွေကြောင့် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနောက်ပိုင်း ပေါ်ပေါက်လာတာဖြစ်ပါတယ်။
သို့သော် မေလ ၂၈ ရက်က SRF ကို COC အောက်ဝင်ရောက်ရေး အရေးပေါ်သဘောတူညီချက် ရရှိခဲ့ပေမယ့် အဲဒီသဘောတူညီချက်အပေါ် SRF ခေါင်းဆောင်ပိုင်းအချို့က ကန့်ကွက်မှုတွေရှိခဲ့ပြီး လက်ရှိအခြေအနေမှာတော့ ရဲဘော်အချို့က ပကဖအောက် ဝင်ရောက်တာဝန်ထမ်းဆောင်လာတာ ဖြစ်ပါတယ်။
သင်တန်းဆင်းပွဲကို စစ်ကိုင်းတိုင်း ပကဖတာဝန်ခံ၊ မင်းကင်းမြို့နယ် ပကဖနဲ့ ပအဖတာဝန်ရှိသူတွေ အပြင် စစ်ဘက်၊ အရပ်ဘက်တာဝန်ရှိသူတွေ တက်ရောက်ဂုဏ်ပြုခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#SRF #မင်းကင်းမြို့နယ် #ပြည်သူ့ကာကွယ်ရေးအဖွဲ့ #စစ်ကိုင်းဖက်ဒရယ်ယူနစ် #နွေဦးတော်လှန်ရေး

ဆောမြို့နယ်တိုက်ပွဲအပြီး နယ်မြေရှင်းလင်ချန် စစ်တပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ဩဂုတ် ၁၉
The Kaladan Post
မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ်နဲ့ PDF တပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး နယ်မြေရှင်းလင်းရာမှာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်တွေထဲမှာ MA-1 ၅ လက်၊ MA-2 ၁ လက်၊ MA-3 ၂ လက်၊ RPG-7 ၁ လက်နဲ့ ၆၀ မမ စိန်ပြောင်း ၁ လက်တို့ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် 5.56 ကျည် ၁၃၉ တောင့်နဲ့ G3 ကျည် ၁၀၉ တောင့်ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
PDF ဘက်ကတော့ ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုးမှုတွေကို ခုခံတိုက်ခိုက်နေပြီး အရပ်သား ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။ တိုက်ပွဲအတွင်း အဓမ္မပေါ်တာဆွဲခံရပြီး စစ်ကြောင်းမှာ ပါလာတဲ့ တပ်သားတွေအနေနဲ့ မိသားစုတွေနဲ့ ပြန်လည်ဆုံတွေ့ လိုပါက အလင်းဝင်ရောက်ဖို့ PDF က တိုက်တွန်းထားပါတယ်။ အဆိုပါ စစ်ဆင်ရေးနဲ့ လက်နက် သိမ်းဆည်းရရှိမှု အသေးစိတ်တွေကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘဲ PDF စစ်ရုံးချုပ်ရဲ့ ထုတ်ပြန်ချက်အပေါ် အခြေခံဖော်ပြခြင်း ဖြစ်ပါတယ်။
#ဆောမြို့နယ် #မကွေးတိုင်း #PDF #စစ်ဆင်ရေး #မြန်မာ့အရေး


ဆားလင်းကြီးနှင့် အရာတော်မြို့နယ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၄ ဦးသေဆုံး

ဩဂုတ် ၁၉
The Kaladan Post
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနဲ့ အရာတော်မြို့နယ်က ကျေးရွာတွေကို စစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ ဩဂုတ် ၁၈ ရက်မှာ ဆားလင်းကြီး မြို့နယ် ရေခါးကျေးရွာကို ဂျက်ဖိုက်တာ ၂ စီးနဲ့ တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၃ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရကာ နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဩဂုတ် ၁၇ ရက်မှာ အရာတော်မြို့နယ် ကောင်းသစ်ကျေးရွာကို ဆူဆိုက်ဒ်ဒရုန်း ၂ စီးနဲ့ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အရာတော်မြို့နယ် ပကဖက ထုတ်ပြန်ပါတယ်။ အဲဒီနေ့မှာပဲ ရေဘေးသင့် ကြွေပုဂံကျေးရွာကိုလည်း ဆူဆိုက်ဒ်ဒရုန်း ၂ စီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
#ဆားလင်းကြီး #အရာတော် #စစ်ကိုင်းတိုင်း #လေကြောင်းတိုက်ခိုက်မှု