စက်တင် ၇၊ ၂၀၂၆

The Kaladan Post

ထိုင်းနိုင်ငံသည် နိုင်ငံနှင့် ဒေသပေါင်း ၆၀ မှ ကမ္ဘာလှည့် ခရီးသွားများအတွက် ခွင့်ပြုထားသည့် ရက် ၆၀ ဗီဇာကင်းလွတ်ခွင့် (Visa Exemption) ကို ရုပ်သိမ်းကာ ရက် ၃၀ ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြန်လည် အစားထိုးသွားမည်ဖြစ်ကြောင်း ထိုင်းခရီးသွားလာရေး အာဏာပိုင်အဖွဲ့ (TAT) က ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ မူဝါဒအသစ်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် ၄ ခုကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့တွင် ထိုင်းတော်ဝင်ဂဇက် (Royal Gazette) ၌ စတင်ထုတ်ပြန်ခဲ့ပြီး ၁၅ ရက်မြောက်နေ့ဖြစ်သည့် စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ အသက်ဝင်မည် ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့အထိ ရောက်ရှိသူများသည် ရက် ၆၀ ဗီဇာကင်းလွတ်ခွင့်ကို ဆက်လက် ရရှိမည်ဖြစ်ပြီး ၎င်းရက်စွဲမတိုင်မီ ရောက်ရှိနှင့်သူများ၏ ခွင့်ပြုရက်စွဲများကို ပြောင်းလဲမည် မဟုတ်ကြောင်း သိရပါတယ်။

ယခု မူဝါဒပြောင်းလဲမှုတွင် ဗီဇာကင်းလွတ်ခွင့် သက်တမ်း လျှော့ချလိုက်ရုံတင် မကဘဲ လာရောက်လည်ပတ်သည့် ရည်ရွယ်ချက်ကိုလည်း “ခရီးသွားလာရေး (Tourism) တစ်ခုတည်းအတွက်သာ” ဟု အတိအကျ ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။ ယခင်က ခွင့်ပြုခဲ့သည့် အလုပ်လုပ်ကိုင်ခြင်းနှင့် ရေတို စီးပွားရေး လုပ်ငန်းစဉ်များကို ပယ်ဖျက်လိုက်သည့်အပြင် ကုန်းလမ်းနယ်စပ်မှတစ်ဆင့် ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်မှုကိုလည်း တစ်နှစ်လျှင် ၂ ကြိမ်သာ ခွင့်ပြုတော့မည် ဖြစ်ပါတယ်။

စည်းမျဉ်းအသစ်အရ ရက် ၃၀ ဗီဇာကင်းလွတ်ခွင့်တွင် ယူအေအီး၊ အိန္ဒိယ၊ ဖိလစ်ပိုင် အပါအဝင် နိုင်ငံပေါင်း ၆၀ ပါဝင်ပြီး၊ မောရီရှပ်နှင့် ဆေးရှဲလ် ၂ နိုင်ငံကို ရက် ၁၅ ရက် ဗီဇာကင်းလွတ်ခွင့် ပေးအပ်ထားပါတယ်။ အဇာဘိုင်ဂျန်၊ ဘီလာရုစ်နှင့် ဆာဘီးယား ၃ နိုင်ငံကိုမူ ဆိုက်ရောက်ဗီဇာ (Visa on Arrival) အမျိုးအစားသို့ ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။

သီးခြား နှစ်နိုင်ငံ သဘောတူညီချက်များအောက်တွင် ရှိနေသည့် တရုတ်၊ ရုရှား၊ ဗီယက်နမ်၊ ဟောင်ကောင် စသည့် နိုင်ငံများသည် ရက် ၃၀၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ၁၄ ရက်၊ တောင်ကိုရီးယားနှင့် ဘရာဇီး အပါအဝင် ၅ နိုင်ငံသည် ရက် ၉၀ ဗီဇာကင်းလွတ်ခွင့် အစီအစဉ်များအတိုင်း ပြောင်းလဲမှုမရှိဘဲ ဆက်လက် တည်ရှိနေမည် ဖြစ်ပါတယ်။

Source – Tourism Authority of Thailand