စက်တင် ၇၊ ၂၀၂၆
The Kaladan Post
ကမ္ဘာတစ်ဝန်းရှိ အမေရိကန် သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများတွင် ပြောင်းရွှေ့နေထိုင်ခွင့် (Immigrant Visa) လူတွေ့စစ်ဆေးမည့် ရက်ချိန်းယူမှုများကို ယာယီဆိုင်းငံ့လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ ဆိုင်းငံ့မှုမှာ ကောင်စစ်ဝန်များအား “Public charge” (အများပြည်သူဆိုင်ရာ ဝန်ထုပ်ဝန်ပိုးဖြစ်မှု) စည်းမျဉ်းများနှင့် ပတ်သက်၍ သင်တန်းများ ပေးအပ်ရန်အတွက် ဖြစ်ပါတယ်။ အဆိုပါ စည်းမျဉ်းမှာ လျှောက်ထားသူသည် အမေရိကန် အစိုးရ၏ ထောက်ပံ့ကြေးများကို မှီခိုရမည့်သူ ဟုတ်မဟုတ် စိစစ်သည့် စည်းမျဉ်းဖြစ်ပြီး သင်တန်းပြီးစီးပါက အဆိုပါ စည်းမျဉ်းဖြင့် ဗီဇာ ငြင်းပယ်ခံရမှု ပိုမိုများပြားလာနိုင်ဖွယ် ရှိနေပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝဘ်ဆိုက်တွင် သမ္မတ ထရမ့်က “ရွှေ့ပြောင်းနေထိုင်သူများသည် ဘဏ္ဍာရေးအရ မိမိဘာသာ ရပ်တည်နိုင်ရမည်ဖြစ်ပြီး အမေရိကန် ပြည်သူများအတွက် ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုး မဖြစ်ရပါ” ဟု ရှင်းလင်းစွာ ပြောကြားထားကြောင်း ဖော်ပြထားပါတယ်။ သို့ဖြစ်ပါ၍ လျှောက်ထားသူ၏ အသက်၊ မိသားစု အခြေအနေ၊ ဘဏ္ဍာရေး အရင်းအမြစ်၊ ပညာအရည်အချင်းနှင့် ကျွမ်းကျင်မှု စသည့် ဘဏ္ဍာရေးဆိုင်ရာ အခြေအနေများသည် အလွန်အရေးပါလာပါတယ်။
ယခု ဆိုင်းငံ့မှုသည် အမေရိကန် နိုင်ငံသား သို့မဟုတ် အမြဲတမ်း နေထိုင်ခွင့်ရထားသူများ၏ ဇနီး/ခင်ပွန်း၊ မိဘ၊ သားသမီးများနှင့် အလုပ်အကိုင်အခြေပြု Green Card လျှောက်ထားသူများကို အဓိက သက်ရောက်မည် ဖြစ်ပါတယ်။ သို့သော်လည်း အပန်းဖြေခရီးသွား၊ ကျောင်းသား၊ စီးပွားရေး စသည့် ယာယီ ပြောင်းရွှေ့နေထိုင်ခွင့်မဟုတ်သော (Nonimmigrant Visa) လျှောက်ထားသူများ အကျုံးမဝင်ပါ။
အဆိုပါ ဆိုင်းငံ့မှု မည်မျှကြာမြင့်မည်ဆိုသည်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက အတိအကျ ကြေညာခြင်း မရှိသေးပါ။ ရက်ချိန်း ရွှေ့ဆိုင်းခံရသူများအနေဖြင့် ဗီဇာ ငြင်းပယ်ခံရခြင်း မဟုတ်ဘဲ အကြောင်းကြားစာများကို စောင့်ကြည့်ရန်နှင့် လိုအပ်သည့် စာရွက်စာတမ်းများကို ဆက်လက် ပြင်ဆင်ထားရန် အသိပေးထားပါတယ်။
Source – The Philippine Star