စက်တင် ၇၊ ၂၀၂၆

The Kaladan Post

ဗီယက်နမ် ခေါင်းဆောင် တိုလမ် (To Lam) နှင့် ရွေးတုသမ္မတ မင်းအောင်လှိုင် တို့သည် စက်တင်ဘာလ ၅ ရက် စနေနေ့က ဟနွိုင်းမြို့၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစွာ မြှင့်တင်ရန် သဘောတူညီခဲ့ကြပါတယ်။

တွေ့ဆုံပွဲအတွင်း ခေါင်းဆောင် နှစ်ဦးသည် စစ်ရေး သင်တန်းများ၊ အရာရှိငယ်များ အပြန်အလှန် လဲလှယ်ရေး၊ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေး၊ သတင်းအချက်အလက် မျှဝေရေးနှင့် ရာဇဝတ်မှုများ တားဆီးရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူခဲ့ကြပါတယ်။ ထို့ပြင် မည်သည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုမျှ တစ်နိုင်ငံ၏ နယ်မြေကို အသုံးပြု၍ အခြားတစ်နိုင်ငံအား တိုက်ခိုက်သည့် လှုပ်ရှားမှုများ ပြုလုပ်ခွင့် မပြုရန်လည်း ကတိပြုခဲ့ကြပါတယ်။

တွေ့ဆုံပွဲတွင် ဗီယက်နမ် ခေါင်းဆောင် တိုလမ် က “ဗီယက်နမ်နိုင်ငံအနေနဲ့ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး လုံခြုံစိတ်ချရမှု ရှိစေရေးနဲ့ ရေရှည်တည်တံ့တဲ့ တိုးတက်မှု ရရှိစေရေးတို့မှာ မိမိတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေဖို့ အသင့်ရှိပါတယ်” ဟု ပြောကြားခဲ့ကြောင်း အစိုးရ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ ထို့အပြင် နည်းပညာမြင့် စိုက်ပျိုးရေး၊ သတင်းအချက်အလက် နည်းပညာ၊ စွမ်းအင်နှင့် ပို့ဆောင်ရေး ကဏ္ဍများတွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန်လည်း သဘောတူခဲ့ကြပါတယ်။

နှစ်နိုင်ငံ ခေါင်းဆောင်များသည် အာဆီယံနှင့် မဲခေါင် ဒေသတွင်း မူဘောင်များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန်နှင့် တောင်တရုတ်ပင်လယ်အတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လွတ်လပ်စွာ ရေကြောင်း/လေကြောင်း သွားလာနိုင်ရေးတို့ကို ထောက်ခံကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ရွေးတုသမ္မတ မင်းအောင်လှိုင်သည် သောကြာနေ့က ဗီယက်နမ်ရှိ VinFast လျှပ်စစ်ကား စက်ရုံနှင့် Viettel ဆက်သွယ်ရေး အုပ်စုတို့သို့လည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။

Source – Reuters