ဇူလိုင် ၂၂၊ ၂၀၂၆

The Kaladan Post

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) တို့ဟာ ဗုဒ္ဓဟူးနေ့မှာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပနေတဲ့ အာဆီယံအစည်းအဝေးရဲ့ ဘေးထွက်ဆွေးနွေးပွဲမှာ တွေ့ဆုံကြတော့မှာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုအတွင်း လာမယ့် စက်တင်ဘာလမှာ ပြုလုပ်မယ့် သမ္မတ ထရန့်နဲ့ ရှီကျင့်ဖျင်တို့ရဲ့ ထိပ်သီးတွေ့ဆုံပွဲအတွက် အဓိက ညှိနှိုင်းသွားကြဖို့ ရှိနေပါတယ်။

အခု တွေ့ဆုံမှုဟာ သမ္မတ ဒေါ်နယ်ထရန့်က ပြီးခဲ့တဲ့အပတ်မှာ ၂၀၂၀ ရွေးကောက်ပွဲအတွင်း တရုတ်က ဝင်ရောက်စွက်ဖက်ခဲ့တယ်လို့ စွပ်စွဲခဲ့ပြီးနောက်ပိုင်း ပေါ်ပေါက်လာတာဖြစ်လို့ နှစ်နိုင်ငံကြား တင်းမာမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဝန်ကြီး ရူဘီယိုဟာ ဗုဒ္ဓဟူးနေ့မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပြီး အရှေ့အလယ်ပိုင်းက အီရန်စစ်ပွဲနဲ့ ပတ်သက်လို့ အီရန်ဘက်က ငြိမ်းချမ်းရေးအတွက် စိတ်ရင်းမှန်နဲ့ ဆွေးနွေးလိုပုံမရဘူးလို့ ဝေဖန်ခဲ့ပါတယ်။ ၎င်းက “တကယ်လို့ သူတို့ဘက်က စိတ်ရင်းရှိရင် ကျွန်တော်တို့ဘက်ကလည်း အဆင်သင့်ပါပဲ။ ဒါပေမဲ့ သူတို့ဘက်က မပြောင်းလဲဘူးဆိုရင်တော့ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားနဲ့ မဟာမိတ်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လိုအပ်တာမှန်သမျှ လုပ်ဆောင်သွားမှာပါ” လို့ ပြတ်ပြတ်သားသား ပြောကြားခဲ့ပါတယ်။ ဝန်ကြီး ရူဘီယိုက အီရန်အနေနဲ့ ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထိန်းချုပ်ခွင့် မရှိကြောင်းနဲ့ ဒါဟာ တခြားဒေသတွေအတွက်ပါ အန္တရာယ်ရှိတဲ့ စံနမူနာဆိုး ဖြစ်သွားနိုင်တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။

တောင်တရုတ်ပင်လယ် အရေးနဲ့ ပတ်သက်လို့လည်း ဝန်ကြီး ရူဘီယိုက ဖိလစ်ပိုင် မီဒီယာတွေကတစ်ဆင့် တရုတ်ကို သတိပေးခဲ့ပါတယ်။ ၎င်းက “ဒီရေပြင်တွေဟာ ကုန်သွယ်ရေးကို လက်နက်သဖွယ် အသုံးချချင်တဲ့ အင်အားစုတစ်ခုရဲ့ လက်အောက်ကို ရောက်သွားမယ်ဆိုရင် အမေရိကန်ရော၊ အာဆီယံနိုင်ငံတွေပါ သူတို့ရဲ့ အချုပ်အခြာအာဏာနဲ့ စီးပွားရေး အနာဂတ်အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်” လို့ ဆိုပါတယ်။ တစ်ဖက်မှာလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အာဆီယံ အတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံစဉ်မှာ ဖိလစ်ပိုင်ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ဟာ ပင်လယ်ပြင်အတွင်း တမင်တကာ ရန်စမှုတွေ လုပ်ဆောင်နေတယ်လို့ ပြန်လည်စွပ်စွဲထားပါတယ်။

အခု မနီလာ ညီလာခံကို အမေရိကန်နဲ့ တရုတ်တို့အပြင် ရုရှား၊ ဩစတြေးလျ၊ ဂျပန်၊ ကနေဒါ၊ အိန္ဒိယနဲ့ ဥရောပသမဂ္ဂ (EU) တို့က ဝန်ကြီးတွေလည်း တက်ရောက်နေကြတာ ဖြစ်ပါတယ်။ အာဆီယံဝန်ကြီးတွေကတော့ အီရန်စစ်ပွဲကြောင့် စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်လာမှာနဲ့ ကမ္ဘာ့စီးပွားရေး ထိခိုက်မှာကို အထူးစိုးရိမ်နေကြပါတယ်။ ဝန်ကြီး ဝမ်ယိဟာ ဗုဒ္ဓဟူးနေ့မှာပဲ အစည်းအဝေး အိမ်ရှင်ဖြစ်သူ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး သီရီဆာ လာဇာရို နဲ့လည်း သီးခြားတွေ့ဆုံသွားဖို့ ရှိနေပါတယ်။

သတင်း Source: Reuters