တော်လှန်ရေးခရီးကြမ်း ဆက်လက်ချီတက်ရန် မဟာဗျူဟာ ပြန်လည်ချိန်ညှိချိန်တန်ပြီဟု ဒေါက်တာ တေဇာဆန်း ပြော
မတ် ၁၉
The Kaladan Post
စစ်အာဏာသိမ်းမှု ဖြစ်ပြီး ငါးနှစ်ကျော်ကြာ ခဲ့ပြီဖြစ်သော မြန်မာ့နွေဦးတော်လှန်ရေး ခရီးလမ်းသည် ရေတိုခရီး မဟုတ်ဘဲ အင်မတန် ခက်ခဲကြမ်းတမ်း၊ အန္တရာယ်များပြီး ရှည်လျားသော ချီတက်ပွဲ တစ်ခု ဖြစ်ကြောင်း ထင်ရှားနေပြီဟု ယမန်နေ့ မတ်လ ၁၈ ရက်နေ့က သူရဲ့လူမှုကွန်ယက်ပေါ်ကနေ ဒေါက်တာ တေဇာဆန်းက အသိပေးထားပါသည်။ ပြည်သူ့တော်လှန်ရေး အင်အားစုများအနေဖြင့် ယခုအချိန်တွင် ဖြတ်သန်းခဲ့ရသော ကာလတစ်လျှောက် လုပ်ငန်းဆောင်ရွက်မှုများကို ပြန်လည်ဆင်ခြင်သုံးသပ်ကာ အကောင်းဆုံး ပြင်ဆင်စုဖွဲ့ တည်ဆောက်ရန် အချိန်ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြောဆိုထားသည်။ လက်ရှိ အခြေအနေ၊ စစ်အုပ်စု အင်အားအခြေအနေ၊ နိုင်ငံတကာ အခြေအနေ၊ အားသာချက်နှင့် အားနည်းချက်များစသည့် နယ်ပယ်အသီးသီးတွင် ချင့်ချိန်တွက်ချက်ပြီး အကိုက်ညီဆုံး မဟာဗျူဟာ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရန် လိုအပ်နေကြောင်း ထောက်ပြထားသည်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို မဟာဗျူဟာ ရည်မှန်းချက် အဖြစ် ထားရှိကာ ရှေ့လျောက် နည်းဗျူဟာ၊ လုပ်ငန်းစဉ်များကို ရေတို အမြင်မဟုတ်ဘဲ ရေလတ်၊ ရေရှည် လက်တွေ့ကျကျ ချမှတ်ဆောင်ရွက်ရန် လိုအပ်သည်။ မြန်မာနိုင်ငံသည် အာဏာရှင်စနစ်မျိုးစုံ နှစ်ပေါင်းများစွာ အမြစ်တွယ်နေသော နိုင်ငံ ဖြစ်ပြီး ကမ္ဘာ့ အရှည်ကြာဆုံး ပြည်တွင်းစစ် ဖြစ်ပွားနေ သော နိုင်ငံ တစ်ခု ဖြစ်သည်။ စစ်အုပ်စုကို ရုပ်ဝတ္ထု အင်အားဖြင့် တောင့်တင်းခိုင်မာစေရန် အခြားအင်အားကြီး အာဏာရှင်နိုင်ငံအချို့က ကျောထောက်နောက်ခံ ပေးထားကြောင်း လည်း သိသာထင်ရှားဟု ၎င်းက ပြောဆိုသည်။ ထို့ကြောင့် တော်လှန်ရေး ခရီးကြမ်းတွင် စုဖွဲ့စုစည်းမှုနှင့် ခေါင်းဆောင်မှု တည်ဆောက်ရေး၊ အတွေးအခေါ် တည်ဆောက်ရေး၊ အရင်းအမြစ် တည်ဆောက်ရေး တို့ကို အထူး အလေးပေး ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။ ဤနိုင်ငံတွင် စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်စနစ်ကို ကြုံတွေ့ရသည့် ကျွန်ုပ်တို့သည် နောက်ဆုံး မျိုးဆက် ဖြစ်ရမည်ဟု ခံယူကြပြီး နောင်လာမည့် မျိုးဆက်သစ်များအတွက် နေပျော်ရာ၊ ငြိမ်းချမ်းသာယာ၊ တိုးတက်သော လူ့ဘောင်အဖွဲ့အစည်း တစ်ခုကို လက်ဆင့်ကမ်း အမွေပေးနိုင်ရန် အစွမ်းကုန် ကြိုးပမ်းကြရမည် ဟု ပြောဆိုသည်။

ပေါက်မြို့နယ်တွင် စစ်တပ်ရိက္ခာယာဉ်တန်းကို နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံး
မတ် ၁၉
The Kaladan Post
မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကပစ ၂၄ တပ်ရင်းသို့ ရိက္ခာပို့ဆောင်လာသော စစ်ကောင်စီ ယာဉ်တန်းကို မတ်လ ၁၂ နှင့် ၁၃ ရက်နေ့များတွင် တော်လှန်ရေးတပ်ဖွဲ့များက ပုသိမ်-မုံရွာ လမ်းမကြီး တစ်လျှောက် မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယာဉ်တန်းတွင် ကားအစီးရေ ၁၀၀ ကျော်ပါဝင်ခဲ့ပြီး တိုက်ခိုက်မှုကြောင့် စစ်သား ၃ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရရှိခဲ့ကာ ခြေထောက်ပြတ်ဒဏ်ရာ ရရှိသူ ၂ ဦး ရှိခဲ့ကြောင်း ဆိုင်းဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး ပြည်သူ့ကာကွယ်ရေး LDF မှ ကိုကျားဇိုးက ကပြောဆိုသည်။ တော်လှန်ရေး ရဲဘော်များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြသည်။ ဤတိုက်ခိုက်မှုကို ပေါက်မြို့နယ် ပကဖ၊ BLY ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၊ ဆိပ်ဖြူပကဖ၊ မြိုင်ပကဖ နှင့် ဆိပ်ဖြူ တကိုယ်တော် ကျားဇိုး အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယာဉ်တန်း ရောက်ရှိပြီးနောက် စစ်တပ်ဘက်မှ ပေါက်မြို့နယ်အတွင်း ကျေးရွာများသို့ ဝင်ရောက်ကာ ပြည်သူပိုင် ပစ္စည်းများ လုယက်ခိုးယူမှု၊ ကားများ၊ ရွှေထည်ပစ္စည်း၊ ကြက်၊ ဝက်၊ ငှက်များကို စိတ်ကြိုက် သတ်ဖြတ်စားသောက်ခဲ့ကြောင်း သိရှိရသည်။ လက်ရှိအချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့များသည် ပေါက်မြို့နယ်အတွင်း ဘုန်းကြီးကျောင်းများကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေပြီး ကျေးရွာ ၁၀ ခုကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရှိရသည်။

မြင်းခြံနှင့် မတ္တရာမြို့နယ်များတွင် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၉ ဦး သေဆုံး
မတ် ၁၉
The Kaladan Post
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် မတ်လ ၁၅ ရက်နေ့က ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်ဖွဲ့ကို တော်လှန်ရေး တပ်ဖွဲ့များက ကမ်းပါးနီရွာနှင့် နယ်ခြားကျေးရွာ အကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ စစ်တပ် စစ်ကြောင်းတွင် အင်အား ၁၀၀ ကျော်ရှိပြီး သီတာယုမွန်ပျူစောထီး အဖွဲ့များနှင့် ပူးပေါင်း ထားကာ ရေကြောင်း ပစ်ကူများလည်း ရှိခဲ့ကြောင်း သတင်းရင်မြစ်ကပြောဆိုသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်မှ ထိခိုက်ဒဏ်ရာ ရရှိသူ များပြားသဖြင့် စစ်တပ်က လက်နက်ကြီးများဖြင့် အနီးအနားရှိ ကျေးရွာများကို ရမ်းသမ်း ပစ်ခတ်ခဲ့သည်။ ဤတိုက်ခိုက်မှုကို MGN 35 အဖွဲ့၊ MGN Tiger အဖွဲ့ နှင့် ဒေသ တော်လှန်ရေး မဟာမိတ် ပူးပေါင်းအဖွဲ့များက ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။ အလားတူ မတ်လ ၁၇ ရက်နေ့တွင် မတ္တရာမြို့နယ်၊ စိန်ပန်းကုန်းရွာမှ မြစ်အနောက်ဘက် ကျွန်းပေါ်သို့ ဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်းကို မတ္တရာမြို့နယ် ပကဖ က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံး၊ ၇ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရသူများကို မန္တလေးဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – မတ္တရာမြို့နယ်အဖွဲ့က သတင်းထုတ်ပြန်ထားသည်။ မန္တလေးတိုင်း အတွင်း စစ်ကောင်စီ စစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်မှုများကြောင့် စုစုပေါင်း စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၉ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေး အင်အားစုများက စစ်ကောင်စီ၏ ရွာလုံးကျွတ် စစ်ဆင်ရေး လမ်းကြောင်းများကို ဆက်လက် ဟန့်တားတိုက်ခိုက်နေကြောင်း သိရှိရသည်။

ပခုက္ကူမြို့နယ်ရှိ စစ်တပ်လက်အောက်ခံ ပျူစောထီးရွာများ လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ
မတ် ၁၉
The Kaladan Post
မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် မတ်လ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ရှင်မကန်နှင့် အနောက်မကျီးကန် ပျူစောထီးရွာနှစ်ရွာကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ရှင်မကန်ရွာ တွင် မနက်ပိုင်း ၃ လုံး၊ ညနေပိုင်း ၄ လုံးဖြင့် ပစ်ခတ်ရာ စခန်းအတွင်း ပေါက်ကွဲမှုများနှင့် မီးလောင် ကျွမ်းမှုများ ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့ကြောင်း ပခုက္ကူမြို့နယ် ပကဖ COBRA ONE လက်နက်ကြီးတပ်ဖွဲ့က ဆိုသည်။ မတ်လ ၁၈ ရက်တွင် အနောက်မကျီးကန်ရွာတွင် အစည်းအဝေး ပြုလုပ်မည်ဟု သတင်းရရှိသဖြင့် ရှော့တိုက်ဒုံး ၃ လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုများကို COBRA ONE နှင့် ဧရာဒေါင်းတပ်ဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ရှင်မကန် ရွာမှ ပျူစောထီးအချို့ အောင်သာပျူစောထီးရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး နယ်မြေအတွင်း စစ်ရေး တင်းမာမှု ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။ အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်တွင် မတ်လ ၁၄ ရက်မှ ၁၇ ရက်အတွင်း T5 Wings ဒရုန်းတပ်ဖွဲ့က ၆၀ မမ ဗုံးသီးများဖြင့် စစ်ဆေးရေးဂိတ်၊ ရဲစခန်း၊ ဝန်ထမ်းအိမ်ရာများနှင့် စုပေါင်းရုံးများကို အကြိမ်ကြိမ် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

TNLA နှင့် MNDAA အကြား အပစ်ရပ်သဘောတူညီချက် ရရှိပြီး
မတ် ၁၉
The Kaladan Post
ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့ကြား ဖြစ်ပွားနေသော တိုက်ပွဲများကို ရပ်တန့်ရန် အပစ်ရပ် သဘောတူညီမှု ရရှိခဲ့ကြောင်း နှစ်ဖက် နီးစပ်သော စစ်ရေးသတင်းရင်းမြစ်များက ထံမှ သိရ သည်။ မတ်လ ၁၈ ရက် ည ၁၂ နာရီအတိအကျတွင် နှစ်ဖက်တပ်မတော်များက အပစ်ရပ်ရေး သဘောတူညီခဲ့ပြီး မြေပြင်ရှိ တပ်မှူးများထံ ညွှန်ကြားချက်များ ပေးပို့ထားပြီး ဖြစ်ကြောင်း သိရသည်။ ဆွေးနွေးပွဲကို ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့တွင် နှစ်ရက်ဆက်တိုက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အပစ်ရပ်သဘောတူညီမှု ရရှိပြီးနောက်တွင်လည်း ယနေ့ အခြားကိစ္စရပ်များကို ဆက်လက် ဆွေးနွေးနေဆဲ ဖြစ်ကြောင်း၊ ညှိနှိုင်းမှုတွင် အာရက္ခတပ်မတော် (AA) ခေါင်းဆောင်များက ပါဝင် ကူညီညှိနှိုင်းပေးနေကြောင်း ဆွေးနွေးပွဲနှင့် နီးစပ်သူများက ပြောဆိုကြသည်။ ယနေ့ တိုက်ပွဲဖြစ်ပွားမှု မရှိတော့ဘဲ နှစ်ဖက်တပ်များ ရောက်ရှိနေသည့် နေရာများတွင် ရပ်တန့်ထားကာ စစ်ဆိုင်ထားကြောင်း မြေပြင်စစ်ရေး သတင်းရင်းမြစ်များက ဆိုသည်။ သို့သော် MNDAA ထိန်းချုပ်နယ်မြေအစပ်ရှိ ဂိတ် များတွင် စစ်ဆေးမှု တင်းကျပ်ထားဆဲ ဖြစ်ပြီး ကုန်စည်စီးဆင်းမှု ပိတ်ဆို့ထားဆဲ ဖြစ်ကြောင်း၊ MNDAA ထိုးစစ်အတွင်း ဖမ်းဆီးထားသော TNLA တပ်ဖွဲ့ဝင်များနှင့် ဒေသခံအရပ်သား များကို ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရှိရသည်။ ဤအပစ်ရပ်သဘောတူညီမှုသည် မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့ဝင်များအကြား ဖြစ်ပွားခဲ့သော ပဋိပက္ခများကို ယာယီ ရပ်တန့်နိုင်ခဲ့သော်လည်း နောက်ဆက်တွဲ ဆွေးနွေးမှုများနှင့် အသေးစိတ် သဘောတူညီချက်များ ဆက်လက် လိုအပ်နေဆဲ ဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။

သရက်မြို့နယ်တွင် ကပစ (၁၂) မှ အင်အား (၇၀) ခန့်ပါ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံး
မတ် ၁၉
The Kaladan Post
မကွေးတိုင်း၊ သရက်မြို့နယ်အခြေစိုက် ခမရ (၁၂) မှ ထွက်ခွာလာသော စစ်တပ် စစ်ကြောင်း (အင်အား ၇၀ ဝန်းကျင်) နှင့် ဗမာပြည်ကာကွယ်ရေးတပ် – USBA တို့ မင်းတုန်းမြို့နယ် ခုန်တိုင်ကျေးရွာအနီးတွင် ၂၀၂၆ ခုနှစ် မတ်လ ၁၈ ရက် နံနက် ၁၀ နာရီခန့်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးပြီး ၁ ဦး ဒဏ်ရာအပြင်းထန် ရရှိခဲ့ကာ ထိခိုက်ဒဏ်ရာရသူများကို ခမရ (၁၂) သို့ ပြန်လည် သယ်ဆောင်သွားခဲ့သည်။ တိုက်ပွဲ ကြာချိန် ၁၀ မိနစ်ခန့်သာ ဖြစ်ပွားခဲ့ပြီး USBA ဘက်တွင် အထိအခိုက် မရှိခဲ့ကြောင်း သိရသည်။ စစ်ကြောင်းတွင် သံပြာကာကားများနှင့် ခြေလျင်တပ်ဖွဲ့ ပေါင်းစပ်ပါဝင်ခဲ့ကြောင်း USBA က ပြောဆိုသည်။ ထို့အပြင် USBA တပ်ဖွဲ့သည် မတ်လ ၁၅ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဆင်ပေါင်ဝဲမြို့နယ် ဆူးလေကုန်း၊ စိုင်းစုနှင့် ရှားတိုင်းကြီး ကျေးရွာ ၃ ရွာ ကြားရှိ မီးရထားလမ်းဘေးတစ်နေရာတွင် စစ်ကောင်စီ တပ်ဖွဲ့ (အင်အား ၅၀ ဝန်းကျင် ခန့်မှန်း) နှင့် USBA တို့ အနီးကပ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီ ဘက်မှ ၂ ဦး ကျဆုံး၊ ၃ ဦး ဒဏ်ရာအပြင်းထန် ရရှိခဲ့ပြီး ထိခိုက်ကျဆုံးသူများကို ဧရာဝတီမြစ်ကြောင်း အတိုင်း စက်လှေ တစ်စီးဖြင့် နေ့လည် ၁ နာရီခန့်တွင် ဆင်ပေါင်ဝဲမြို့ဘက်သို့ သယ်ဆောင်သွားခဲ့ ကြောင်း သိရှိရသည်။ မကွေးတိုင်း အလယ်ပိုင်းဒေသများတွင် စစ်တပ် လှုပ်ရှားမှုတိုင်း တော်လှန်ရေး တပ်ဖွဲ့များက ဆက်တိုက် တိုက်ခိုက်နေကြပြီး ဒေသတွင်း စစ်ရေးတင်းမာမှု ဆက်လက် မြင့်တက်နေဆဲ ဖြစ်ကြောင်း သိရသည်။

မြိုင်မြို့နယ်တွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး လက်နက်နှင့်အတူ အလင်းဝင်
မတ် ၁၉
The Kaladan Post
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမရွာ ပျူစောထီးစခန်းတွင် တာဝန်ကျနေသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ နဂါးနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဘက်ပြောင်း လာခဲ့ကြောင်း သတင်းရင်မြစ်က ပြောဆိုသည်။ ပခုက္ကူအခြေစိုက် ခလရ ၂၅၈ တပ်မှ တွင်းမရွာတွင် တာဝန်ကျနေ သော အသက် ၂၃ နှစ်အရွယ် တပ်ကြပ် ဇော်ကြီး နှင့် အသက် ၂၀ နှစ်အရွယ် တပ်သား ဇင်မင်းအောင် တို့သည် မတ်လ ၁၈ ရက်နေ့တွင် MA-1 တစ်လက်၊ MA-3 တစ်လက်၊ ကျည်ဘောက်စ် ၄ ခု၊ ကျည် ၈၀ တို့ ယူဆောင်ကာ ဘက်ပြောင်းလာခဲ့သည်။ အလင်းဝင်လာသူများသည် မနက် ၉ နာရီခန့်က ကင်းတာဝန်ကျနေချိန် ကျွန်တော်တို့နှင့် ချိတ်ဆက်ပြီး တပ်ဖွဲ့ရဲဘောာ်များမှ သွားကြိုခဲ့ကြောင်း နဂါးနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မီးတောက်က ပြောဆိုခဲ့သည်။ တပ်သား ဇင်မင်းအောင်သည် ရန်ကုန်ဇာတိဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် မူးယစ်ဆေးဝါးဆိုင်ရာ စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရပြီးနောက် ဂျိုးဖြူ စစ်သင်တန်းကျောင်းတွင် စစ်မှုထမ်း အပတ်စဉ် ၁၀ တက်ရောက်ခဲ့သူ ဖြစ်သည်။ တပ်ကြပ် ဇော်ကြီးမှာ စစ်အာဏာမသိမ်းမီကတည်းက စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်း သိရသည်။ ဘက်ပြောင်းလာသူ နှစ်ဦးစလုံး လက်နက်များ ယူဆောင်လာနိုင်ခဲ့သဖြင့် တစ်ဦးလျှင် ကျပ်သိန်း ၂၀ ဆုငွေ ချီးမြှင့်မည်ဟု နဂါးနီပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဆိုသည်။

စစ်တပ်က PDF ၅၀၆ ဦး အလင်းဝင်ဟု ဝါဒဖြန့်ချိသော်လည်း တံဆိပ်အတု အမှားများသာ ဖြစ်နေ
မတ် ၁၉
The Kaladan Post
စစ်ကောင်စီက မတ်လ ၁၉ ရက် နေ့လယ်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ရေးပြကွင်းတွင် အခမ်းအနားကျင်းပပြီး PDF အဖွဲ့ဝင် အမျိုးသား ၄၅၃ ဦး၊ အမျိုးသမီး ၅၃ ဦး စုစုပေါင်း ၅၀၆ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ အခမ်းအနား တွင် မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေး တက်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။ အလင်းဝင်လာသူများနှင့်အတူ လက်နက်မျိုးစုံ ၇၈ လက်၊ လက်ပစ်ဗုံး/ဗုံးသီး ၃၈ လုံး၊ စကားပြောစက် ၃ လုံး၊ ကျည်အိမ် ၅၀ ခု၊ ကျည် ၃၃၆၂ တောင့်၊ မိုင်း ၁၄ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ကျည်ကာ ဦးထုပ် ၅ လုံး ပါဝင်ခဲ့ပြီး မောင်းပြန်ရိုင်ဖယ် တစ်လက်အတွက် ကျပ်သိန်း ၅၀၊ RPG တစ်လက်အတွက် ကျပ်သိန်း ၇၅ ဆုကြေး ပေးအပ်ခဲ့ကြောင်း ဆိုသည်။
သို့သော် ရွှေဘိုခရိုင် အမှတ် (၂၄) တပ်ရင်း အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက ဤထုတ်ပြန်ချက်ကို စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေး လုပ်ဇာတ်အသစ်ဟု ပြန်လည် တုံ့ပြန်ခဲ့သည်။ အထူးသဖြင့် ထုတ်ပြန်ချက်တွင် ပါဝင်သော ဓာတ်ပုံများရှိ PDF တံဆိပ် (Badge) များတွင် အရောင်လွဲ၊ စာလုံးပုံစံ (Font) မှားယွင်း၊ အရွယ်အစား မညီမညာ၊ တပ်ဆင်နေရာ လွဲမှားမှုများ ရှိနေကြောင်း ထောက်ပြခဲ့ သည်။ တော်လှန်ရေးတပ်ဖွဲ့များ၏ တံဆိပ်များသည် သတ်မှတ်ပုံစံ၊ အရွယ်အစားနှင့် တပ်ဆင်နေရာ တိကျစွာ ရှိသော်လည်း စစ်ကောင်စီ ထုတ်ပြန်ချက်တွင် အတုအယောင်များသာ တွေ့ရှိရသည်ဟု ဆိုသည်။ထို့ပြင် ပုံများတွင် ပါဝင်သူများ၏ ဝတ်စုံများသည် အသစ်စက်စက် ဖြစ်နေပြီး တောထဲတောင်ထဲ တိုက်ပွဲဝင်နေသော ရဲဘော်များ၏ ဝတ်စုံများကဲ့သို့ ရာသီဥတု၊ ပတ်ဝန်းကျင်ဒဏ်ကြောင့် နွမ်းပါးလွင့်ပျက်မှု မရှိကြောင်း ဝေဖန်ခဲ့သည်။ ကိုယ်ဟန်အနေအထား၊ ဆံပင်ပုံစံ စသည်တို့ကိုလည်း စစ်သားအသစ်များ သို့မဟုတ် ငွေပေးငှားထားသူများနှင့် ဆင်တူနေကြောင်း ထောက်ပြခဲ့သည်။ အလင်းဝင်သူများ၏ နောက်ခံ၊ တပ်ရင်း၊ ဒေသ အသေးစိတ် မဖော်ပြနိုင်ဘဲ ဝေဝါးနေကြောင်း လည်း ထောက်ပြခဲ့သည်။ ဤဝါဒဖြန့်ချိမှုသည် စစ်ကောင်စီ၏ စိတ်ဓာတ်စစ်ဆင်ရေး တစ်ခုသာဖြစ်ပြီး မြေပြင်တွင် ရှုံးနိမ့်နေမှုကို ဖုံးကွယ်ရန် ကြိုးပမ်းနေခြင်းဟု တော်လှန်ရေးဘက်က သုံးသပ်ကြသည်။ ပြည်သူများအနေဖြင့် ဤသို့သော သတင်းမှားများကို Like၊ Share မပြုလုပ်ဘဲ Report လုပ်ရန် သို့မဟုတ် မှန်ကန်စွာ ခွဲခြားနိုင်ရန် Comment ရေးသားကာ တုံ့ပြန်ရန် တိုက်တွန်းထားသည်။
