မတ် ၁၉

The Kaladan Post

 

ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ အသက်သွေးကြောဖြစ်တဲ့ ဟောမုဇ်ရေလက်ကြားကို အီရန်က ပိတ်ထားဆဲဖြစ်ပေမယ့်၊ သူတို့ရဲ့ မိတ်ဖက်နိုင်ငံတွေက ရေနံတင်သင်္ဘောတွေကိုတော့ အကန့်အသတ်နဲ့ ဖြတ်သန်းခွင့် ပိုပြီး ပြုလုပ်လာနေပြီ ဖြစ်ပါတယ်။

ရေယာဉ်သွားလာမှု ခြေရာခံစနစ်တွေအရ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ အနည်းဆုံး သင်္ဘော ၅ စီးလောက် ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်းသွားတာ တွေ့ရပါတယ်။ အီရန်နဲ့ ကြိုတင်ညှိနှိုင်းပြီး ခွင့်ပြုချက်မရဘဲနဲ့တော့ ဒီလို ဖြတ်သွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို ခံရပြီးကတည်းက အီရန်ဟာ ဟောမုဇ်ရေလက်ကြားကြီးကို ပိတ်ချခဲ့ပြီး ဖြတ်သွားတဲ့ သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။ ဒီရေလက်ကြားဟာ နိုင်ငံတကာကို တင်ပို့နေတဲ့ ရေနံတွေရဲ့ ငါးပုံတစ်ပုံလောက် ဖြတ်သန်းနေရတဲ့ အဓိက လမ်းကြောင်းကြီး ဖြစ်တဲ့အတွက် အခုလို ပိတ်ဆို့လိုက်ချိန်မှာ ကမ္ဘာတစ်ဝန်း စွမ်းအင်အခက်အခဲဖြစ်လာမယ့်အပေါ် စိုးရိမ်မှုတွေ မြင့်တက်လာပြီး လောင်စာဆီဈေးတွေလည်း ထိုးတက်သွားခဲ့ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရေကြောင်းထောက်လှမ်းရေး သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Windward ကတော့ “အီရန်ရေပိုင်နက်ကို ဖြတ်ပြီး သင်္ဘော ၅ စီးလောက် သွားနိုင်ခဲ့တာကို ကြည့်ရင် အီရန်ဟာ ဟောမုဇ်ကို အပြည့်အဝပဲဖြစ်ဖြစ်၊ အကန့်အသတ်နဲ့ပဲဖြစ်ဖြစ် သူတို့ လိုအပ်သလို ပိတ်ဆို့ထိန်းချုပ်နိုင်စွမ်း ရှိနေတယ်ဆိုတာ ပြသနေတာပါပဲ” လို့ မှတ်ချက်ပေးပါတယ်။

ဒါဟာ အမေရိကန်ကို ထိုးနှက်ဖို့ ရေလမ်းကြောင်းကို ပိတ်ထားရင်းနဲ့ တစ်ဖက်မှာလည်း သူတို့ကို ထောက်ခံတဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ သင်္ဘောတွေကိုတော့ ရွေးချယ်စိစစ်ပြီး ဖြတ်သန်းခွင့်ပေးနိုင်တယ် ဆိုတာကို အထင်အရှား ပြသလိုက်တာပဲ ဖြစ်ပါတယ်။

JPMorgan ဘဏ်ရဲ့ သုတေသီ နာတာရှာ ကာနီဗာ (Natasha Kaneva) ကလည်း ပြီးခဲ့တဲ့ နှစ်ရက်အတွင်း အနည်းဆုံး သင်္ဘောလေးစီးလောက်ဟာ နိုင်ငံတကာသင်္ဘောတွေ သွားနေကျ ပုံမှန်လမ်းကြောင်းကနေ မသွားဘဲ အီရန်ထိန်းချုပ်ထားတဲ့ ‘လာရက်’ ကမ်းမြှောင်နားကပ်ပြီး အီရန်က ညွှန်ပြတဲ့ လမ်းကြောင်းသစ်ကနေ ဖြတ်သန်းသွားခဲ့တယ်လို့ မတ်လ ၁၆ ရက်နေ့မှာ AFP သတင်းဌာနကို ပြောပါတယ်။

“ဒါကြောင့် အီရန်ဟာ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက မဟုတ်တဲ့ တခြားသင်္ဘောတွေကို ဒီနည်းလမ်းသုံးပြီး စိစစ်ဖြတ်သန်းခွင့် ပေးနိုင်ခြေရှိပါတယ်” လို့ သူမက ဆိုပါတယ်။

ဒီနှစ်ရက်အတွင်း ဖြတ်သွားတဲ့ သင်္ဘောတွေထဲမှာ ရေနံနဲ့ ဓာတုပစ္စည်းတင်တဲ့ ဝမ်းပြားရေယာဉ်တွေ ပါဝင်ပြီး ရေနံတင်သင်္ဘော အနည်းဆုံး တစ်စီးလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းကလည်း အိန္ဒိယနိုင်ငံရဲ့ ဓာတ်ငွေ့ရည်တင် သင်္ဘောနှစ်စီးဟာ အီရန်ရဲ့ အထူးခွင့်ပြုချက်နဲ့ ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်းခွင့် ရခဲ့ပါသေးတယ်။ ဒီမတိုင်ခင်ကလည်း အီရန်နဲ့ ညှိနှိုင်းပြီး တူရကီသင်္ဘောတစ်စီး ဖြတ်သန်းခွင့်ရခဲ့တယ်လို့ တူရကီ ပို့ဆောင်ရေးဝန်ကြီး အက်ဘ်ဒူလ်ကာဒါ အူရာလိုဂလူ က အတည်ပြု ပြောကြားထားပါတယ်။

ကိုးကား: AFP
ဓာတ်ပုံ: AP