မတ် ၁၉၊ ၂၀၂၆
The Kaladan Post
အမေရိကန် ဝါရှင်တန်ဒီစီက ဖက်ဒရယ်တရားသူကြီးတစ်ဦးကနေ အမေရိကန်အသံ (VOA) ဝန်ထမ်း ၁,၀၄၂ ဦးကို လာမယ့် မတ်လ ၂၃ ရက် (တနင်္လာနေ့) နောက်ဆုံးထားပြီး လုပ်ငန်းခွင် ပြန်ဝင်ကြဖို့ အမိန့်ချမှတ်လိုက်ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့် ဒုတိယအကြိမ် တက်လာပြီး လပိုင်းအကြာ ၂၀၂၅ မတ်လတုန်းက VOA ဝန်ထမ်း ၁,၅၀၀ နီးပါးထဲက ၄၀၀ ကျော်ကို အလုပ်ကနေ ရပ်နားခဲ့ပြီး၊ ဝန်ထမ်း ၁,၀၀၀ ကျော်ကိုတော့ လစာပေးပြီး ခွင့်ပေးထားခဲ့တာပါ။ အဲဒီ ၁,၀၀၀ ကျော်ဟာ အခုချိန်ထိ အလုပ်ပြန်ဆင်းခွင့် မရကြသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး VOA ဝန်ထမ်းတွေက သမ္မတထရမ့် ခန့်အပ်ထားတဲ့ USAGM (အမေရိကန် ကမ္ဘာလုံးဆိုင်ရာ မီဒီယာအေဂျင်စီ) အကြီးအကဲ ကာရီလိတ် (Kari Lake) ကို တရားစွဲဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ တရားရုံးက ဝန်ထမ်းတွေကို အလုပ်ပြန်ခန့်ဖို့နဲ့ ကာရီလိတ်ရဲ့ လုပ်ဆောင်ချက်တွေဟာ တရားဝင်မှုမရှိဘူးလို့ အမိန့်ချခဲ့ပေမယ့် ထရမ့်အစိုးရဘက်က အယူခံဝင်တာ၊ လျှောက်လဲချက်ပေးတာတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။
ဒါပေမဲ့ မတ်လ ၁၇ ရက်နေ့က ချမှတ်လိုက်တဲ့ ဖက်ဒရယ်တရားသူကြီးရဲ့ အမိန့်ကတော့ အရင်တုန်းကနဲ့ မတူဘူးလို့ VOA မြန်မာပိုင်း ဝန်ထမ်းတစ်ဦးက အခုလို ရှင်းပြပါတယ်။
“အရင်စီရင်ချက်တွေနဲ့ မတူတာက ဒီစီရင်ချက်မှာကျတော့ ဘယ်နေ့ ဘယ်ရက်မှာ အလုပ်ပြန်ဆင်းစေဆိုတာ ပါတယ်။ အရင်တုန်းက အဲဒါတွေ မပါဘူး။ အခုကတော့ အတိအကျ၊ ဘယ်နေ့ ဘယ်ရက်မှာ ဝန်ထမ်းတွေ အားလုံး အလုပ်ပြန်ဆင်း ရမယ်ဆိုပြီးတော့ သတ်မှတ်ပေးလိုက်တယ်ဆိုတော့ ပိုပြီးထူးခြားတာပေါ့” လို့ အဲဒီဝန်ထမ်းက ပြောပါတယ်။
လက်ရှိမှာတော့ VOA တာဝန်ရှိသူတွေက ဝန်ထမ်းတွေ ရုံးပြန်တက်နိုင်ဖို့ ပြင်ဆင်နေကြပါပြီ။ ဒါပေမဲ့ မတ်လ ၁၇ ရက် တရားရုံးအမိန့်အပေါ် ထရမ့်အစိုးရဘက်က အယူခံထပ်ဝင်မလား၊ ရုံးပြန်ဖွင့်ပေးမလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဝန်ထမ်းတွေဘက်ကတော့ ဒီအမိန့်ကြောင့် ရုံးပြန်တက်ရဖို့ အလားအလာ ပိုများသွားတယ်လို့ သုံးသပ်နေကြပါတယ်။
VOA ဟာ မြန်မာဘာသာအပါအဝင် ကမ္ဘာတဝန်းက ဘာသာစကား ၄၀ ကျော်နဲ့ ရေဒီယို၊ တီဗီ၊ ဒစ်ဂျစ်တယ် အစီအစဉ်တွေ နေ့စဉ်ထုတ်လွှင့်နေတဲ့ သတင်းဌာနဖြစ်ပြီး လက်ရှိမှာ မြန်မာဌာနအပါအဝင် ဌာနအများစု လုပ်ငန်းခွင် ပြန်မဝင်နိုင်သေးပါဘူး။
၂၀၂၆ ဇန်နဝါရီလမှာ အမေရိကန်လွှတ်တော်က USAGM တစ်ခုလုံးအတွက် ဘတ်ဂျက် ဒေါ်လာ ၆၄၃ သန်း (VOA အတွက် ၁၉၉.၅ သန်း အပါအဝင်) အတည်ပြုပေးခဲ့ပေမယ့် ထရမ့်အစိုးရက အဲဒီငွေကို ဘယ်လိုသုံးမလဲ ဆိုတာ တိတိကျကျ မထုတ်ပြန်သေးပါဘူး။
တချိန်တည်းမှာပဲ သမ္မတထရမ့်က နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ ဆာရာရော်ဂျာ (Sarah Rogers) ကို USAGM ရဲ့ အမှုဆောင်အရာရှိချုပ် (CEO) အသစ်အဖြစ် ခန့်အပ်ဖို့ အဆိုပြုထားပါတယ်။ ဒီခန့်အပ်မှုကို အထက်လွှတ်တော်က အတည်ပြုဖို့ စောင့်ဆိုင်းနေချိန်မှာပဲ အခုလို ဝန်ထမ်းတွေကို အလုပ်ပြန်ဆင်းဖို့ တရားရုံးက အမိန့်ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ: AP (VOA ရုံးတစ်ရုံးကို တွေ့ရစဥ်)