မတ် ၁၆
The Kaladan Post

အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်ခဲ့တာ အခုဆို လဝက်ကျော်လာခဲ့ပြီ ဖြစ်ပေမယ့်၊ အီရန်နိုင်ငံထဲမှာ တိုက်ခိုက်ဖျက်ဆီးပစ်ရမယ့် ပစ်မှတ်ပေါင်း ထောင်နဲ့ချီပြီး ဆက်ကျန်နေသေးတယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် အက်ဖီ ဒက်ဖရင် က ပြောကြားလိုက်ပါတယ်။

တစ်ဖက်မှာလည်း အီရန်က အိမ်နီးချင်းနိုင်ငံတွေကို ဒီစစ်ပွဲမှာ အမေရိကန်ကို ဘာအကူအညီမှ မပေးကြဖို့ ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။ အိမ်နီးချင်းနိုင်ငံတချို့ဟာ သူတို့ဆီက အမေရိကန်စစ်စခန်းတွေကို အီရန်ကို ဗုံးကြဲဖို့အတွက် အသုံးပြုခွင့်ပေးထားတယ်ဆိုတဲ့ အထောက်အထားတွေ အခိုင်အမာရထားတယ်လို့ အီရန်က ဆိုပါတယ်။

စစ်ပွဲကာလအတွင်းမှာ အီရန်က ဟောမုဇ်ရေလက်ကြားကို ပိတ်ပစ်လိုက်တဲ့အတွက် နိုင်ငံတကာ ရေနံတင်ပို့မှုတွေအတွက် အသက်သွေးကြောပြတ်တောက်ပြီး ကမ္ဘာတလွှား စွမ်းအင်အကျပ်အတည်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒီရေလက်ကြားကို ပြန်ဖွင့်နိုင်ဖို့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မဟာမိတ်နိုင်ငံတွေကို စစ်ရေးအကူအညီတောင်းပြီး စည်းရုံးနေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘက်စ် အာရက်ချီ က ဟောမုဇ်ရေလက်ကြားထဲ နိုင်ငံတကာစစ်သင်္ဘောတွေ ခေါ်သွင်းမယ့် ထရမ့်ရဲ့ လုပ်ရပ်ဟာ ပြဿနာကို တားဆီးတာမဟုတ်ဘဲ ဖိတ်ခေါ်နေသလို ဖြစ်လိမ့်မယ်လို့ တုံ့ပြန်လိုက်ပါတယ်။ ဒါ့အပြင် အာရပ်အိမ်နီးချင်းတွေအနေနဲ့ နိုင်ငံခြားက ရန်လိုကျူးကျော်သူတွေကို ဝိုင်းဝန်းတွန်းလှန်ကြဖို့ X (Twitter) လူမှုကွန်ရက်ကနေတစ်ဆင့် တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကူဝိတ်မှာရှိတဲ့ အလီအယ်လ်ဆာလမ် လေတပ်စခန်း ဒရုန်းနဲ့ အတိုက်ခံရလို့ အီတလီစစ်တပ်ပိုင် မောင်းသူမဲ့လေယာဉ်တစ်စီး ပျက်စီးသွားခဲ့ပါတယ်။ ဒါပေမယ့် စခန်းထဲက အီတလီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိဘူးလို့ အီတလီနိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။ ဒါဟာ အရှေ့အလယ်ပိုင်းက အီတလီစစ်စခန်းတွေ တစ်ပတ်အတွင်း ဒုတိယအကြိမ် တိုက်ခိုက်ခံရတာပါ။ သို့ပေမယ့် အီတလီနိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျနီ ကတော့ အီတလီဟာ အီရန်အပါအဝင် ဘယ်သူနဲ့မှ စစ်ဖြစ်မှာမဟုတ်ဘူးလို့ ပြောဆိုထားပြီး အီရန်အပေါ် လက်တုံ့ပြန်မယ့်ကိစ္စကို ငြင်းဆိုခဲ့ပါတယ်။

လောလောဆယ်မှာတော့ စစ်ပွဲအတွင်း အစ္စရေးနဲ့ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေအပါအဝင် လူပေါင်း ၁,၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ အီရန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး၊ လူပေါင်း ၃.၂ သန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်ကတော့ စစ်ပွဲနှစ်ပတ်အတွင်းမှာ အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်က ပစ်မှတ်ပေါင်း ၁၅,၀၀၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့ပြီလို့ ထုတ်ပြန်ကြေညာထားပါတယ်။

ကိုးကား – AFP
ဓာတ်ပုံ – AFP