မတ် ၁၆

The Kaladan Post

အီရန်နိုင်ငံရဲ့ ရေနံတင်ပို့မှု အဓိကဇုန်ဖြစ်တဲ့ ခါ့ဂ် (Kharg) ကျွန်းကို နောက်ထပ် တိုက်ခိုက်မှုတွေ ဆက်လုပ်သွားနိုင်သေးတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။

ဒီတစ်ပတ်ထဲမှာပဲ အမေရိကန်က အဲဒီ ခါ့ဂ်ကျွန်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ကျွန်းရဲ့ အစိတ်အပိုင်း အများစုကို လုံးဝနီးပါး ချေမှုန်းပစ်နိုင်ခဲ့တယ်လို့ ထရမ့်က ဆိုပါတယ်။ ဒီကျွန်းဟာ နိုင်ငံတကာ ရေနံတင်ပို့မှုကဏ္ဍမှာ အသက်သွေးကြောတစ်ခုဖြစ်တဲ့ ဟောမုဇ်ရေလက်ကြားရဲ့ အနောက်မြောက်ဘက် မိုင် ၃၀၀ လောက်အကွာ ပါရှန်းပင်လယ်ကွေ့ထဲမှာ တည်ရှိတာပါ။

Reuters သတင်းဌာနရဲ့ ဖော်ပြချက်အရ သမ္မတထရမ့်က NBC သတင်းဌာနနဲ့ အင်တာဗျူးရာမှာ ခါ့ဂ်ကျွန်း အကြီးအကျယ် ပျက်စီးသွားပြီဖြစ်ပေမယ့်လည်း “အပျော်သဘောမျိုးနဲ့ နောက်ထပ် နည်းနည်း ထပ်ပစ်တာတွေ ရှိလာနိုင်သေးတယ်” လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အီရန်ဘက်က စစ်ပွဲကိုရပ်တန့်ဖို့ ညှိနှိုင်းချင်နေပုံရပေမယ့် “အီရန်ဘက်က လိုက်လျောနိုင်တဲ့ အခြေအနေတွေက အမေရိကန်အတွက် လုံးဝ မလုံလောက်သေးဘူး” လို့လည်း သူက ဆက်ပြောပါတယ်။

ဒါပေမယ့် NBC နဲ့ အင်တာဗျူးမှာ ခါ့ဂ်ကျွန်းတစ်ခုလုံးနီးပါးကို ဖျက်ဆီးပစ်လိုက်ပြီလို့ ထရမ့် ပြောခဲ့တဲ့စကားဟာ အရင်က သူပြောခဲ့ဖူးတဲ့ စကားတွေနဲ့တော့ ကွဲလွဲနေပါတယ်။ အစောပိုင်းတုန်းကတော့ အမေရိကန်ဟာ ကျွန်းပေါ်က စစ်ရေးပစ်မှတ်တွေကို ရွေးချယ်ပြီးမှ တိတိကျကျ ချေမှုန်းခဲ့တာလို့ ထရမ့်က ကြေညာခဲ့ဖူးတာပါ။

စစ်ပွဲစတင်ကတည်းက အီရန်ဟာ ဟောမုဇ်ရေလက်ကြားကို ပိတ်ချထားပြီး အဲဒီကနေ ဖြတ်သန်းသွားလာနေတဲ့ ရေနံတင်သင်္ဘောတွေနဲ့ ကုန်တင်သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီရေလက်ကြားကြီး ပြန်ပွင့်လာအောင် မဟာမိတ်နိုင်ငံတွေအနေနဲ့ ဝိုင်းဝန်းပူးပေါင်းကြဖို့ ထရမ့်က တောင်းဆိုထားပါတယ်။

“ဒီရေလက်ကြားကို ဖြတ်ပြီး ရေနံဝယ်ယူတင်သွင်းနေတဲ့ ကမ္ဘာ့နိုင်ငံတွေကပဲ ဒီရေလက်ကြားကို ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရမှာပါ။ အဲဒီအတွက် အမေရိကန်ကလည်း အများကြီး ကူညီပေးသွားမှာပါ။ ကိစ္စအားလုံး မြန်မြန်ဆန်ဆန်နဲ့ ချောချောမောမော အဆင်ပြေသွားအောင် အမေရိကန်က ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်” လို့ သမ္မတထရမ့်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ထရမ့်ဘက်က ကျွန်းတစ်ခုလုံးနီးပါး ပြာကျသွားပြီလို့ ကြုံးဝါးနေပေမယ့် အီရန်အစိုးရကတော့ အပျက်အစီးဟာ အဲဒီလောက်ထိ မဆိုးရွားပါဘူးလို့ ငြင်းဆိုထားပါတယ်။ ဒါပေမယ့် အမေရိကန်စစ်တပ်ဘက်ကတော့ ကျွန်းပေါ်က အဆောက်အအုံတွေ ဒုံးကျည်ထိမှန်ပြီး အကြီးအကျယ် ပေါက်ကွဲကုန်တဲ့ လေကြောင်းတိုက်ခိုက်မှု မှတ်တမ်းဗီဒီယိုတချို့ကို ထုတ်ပြန်ပြသသွားခဲ့ပါတယ်။

 

ကိုးကား – Reuters

ဓာတ်ပုံ – Reuters