ဝင်းဝတပ်စခန်းမှ ထွက်ပြေးလွတ်မြောက်သွားသော စစ်တပ်လိုက်လံပစ်ခတ်ခံရပြီး ၇ဦး ထပ်မံသေဆုံး
မတ် ၁၅
The Kaladan Post
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄) နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ် မင်းဒပ်ကျေးရွာရှိ ဝင်းဝတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ ထိုတပ်စခန်းသည် နှစ်ပေါင်း ၃၀ ကျော်ကြာ စစ်ကောင်စီတပ်ဖွဲ့များ အခြေချတပ်စွဲထားခဲ့သည့် ဗျူဟာအရ အရေးပါသော နေရာတစ်ခုဖြစ်သည်။ တိုက်ပွဲမှာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်ခဲ့ပြီး မတ်လ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အပြီးသတ်သိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်သည်။ သိမ်းပြီးနောက် စခန်းမှ ထွက်ပြေးသွားသော စစ်တပ်ကို လိုက်လံရှင်းလင်းစဉ် မတ်လ ၁၄ ရက် နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် ထပ်မံ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ကေအဲန်ယူ-မြိတ်ထားဝယ် ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဤတိုက်ပွဲကို KNLA တပ်မဟာ (၄) ဗျူဟာအမှတ် (၂) ဦးဆောင်ကာ တပ်ရင်း (၁၂)၊ တပ်မဟာ (၆) တပ်ရင်း (၂၇)၊ တပ်မဟာ (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ ဦးဆောင်ပါဝင်ခဲ့ပြီး NUG ထားဝယ်ခရိုင် အမှတ် (၁)၊ အမှတ် (၂) တပ်ရင်းများနှင့် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များလည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြသည်။ သိမ်းဆည်းရမိသော လက်နက်များတွင် MA-1 (၅) လက်၊ MA-3 (၃) လက်၊ MA-4 (၁) လက်၊ G-3 (၁) လက်နှင့် ခဲယမ်းများစွာ ပါဝင်ကြောင်း သိရသည်။

ဖလမ်းမြို့နယ် လုံဟောကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံး
မတ် ၁၅
The Kaladan Post
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ လုံဟော (Lunghawh) ကျေးရွာကို မတ်လ ၁၄ ရက် (ယမန်နေ့) စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အရပ်သား ၃ ဦး နေရာတွင်ပင် သေဆုံးခဲ့ ကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဗုံးများ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ချင်းဒေသသတင်းရင်းမြစ်တစ်ဦးက “ဖလမ်းကို စစ်ကြောင်းထိုးလျက်ရှိပြီး လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်လက်ပြုလုပ်နေသည်။ ဗုံးကျဲခံ ရသော ရွာသည် တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် အဝေးကြီးဖြစ်ကြောင်း လက်ရှိတွင် ဖလမ်းမြို့နယ် အတွင်း စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုနှင့် လေကြောင်း တိုက်ခိုက်မှုများ ပြင်းထန်လျက်ရှိပြီး မတ်လ ၂၀ ရက်နောက်ပိုင်း စစ်ရေးအရှိန်ကို ပိုမိုမြှင့်တင်ကာ အပြင်းအထန် ဖိအားပေးလာနိုင်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက သုံးသပ်နေကြသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကို အထူးသတိပြုကာ နေထိုင်ကြရန် တိုက်တွန်းထားကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေသော ကျောက်ဖြူသို့ ဌာနဆိုင်ရာဝန်ထမ်းများကို စစ်တပ်က ပြန်ခေါ်နေ
မတ် ၁၅
The Kaladan Post
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ၂၀၂၄ ခုနှစ် တိုက်ပွဲစတင်ခဲ့စဉ်က ပြည်မဘက်သို့ ပြောင်းရွှေ့ ခဲ့သော စစ်တပ် လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းအချို့နှင့် ၎င်းတို့၏ မိသားစုများကို ယခု ၂၀၂၆ မတ်လအတွင်း ရန်ကုန်မှ သင်္ဘောဖြင့် ကျောက်ဖြူသို့ ပြန်လည်ခေါ်ဆောင်နေကြောင်း စစ်တပ်နှင့် နီးစပ်သူများက ပြောဆိုသည်။ ရန်ကုန်မှ မာန်အောင်သို့ ပထမဆုံး ပို့ဆောင်ပြီး ထိုမှတဆင့် ရေကြောင်း ဖြင့် ကျောက်ဖြူသို့ ပြန်လည်သွင်းနေခြင်း ဖြစ်ကြောင်းသိရသည်။ ဤသို့ ပြန်မှုသည် ရခိုင်လူမျိုး ဝန်ထမ်းများကို လူသားဒိုင်း အဖြစ် အသုံးချရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း စစ်ရေးလေ့လာသူတစ်ဦးက သုံးသပ်ပြောဆိုသည်။ ကျောက်ဖြူတွင် တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံထားသော စီမံကိန်းများ အများအပြား ရှိနေသဖြင့် စစ်ကောင်စီက နေရာကို လက်မလွှတ်နိုင်ရန် အင်အားဖြည့်တင်းနေပြီး လက်အောက်ငယ် သားများကို ဖိအားပေး စေခိုင်းနေကြောင်း စစ်တပ်အသိုင်းအဝိုင်းမှ သိရသည်။ လက်ရှိ ကျောက်ဖြူ မြို့နယ်တွင် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် မြေပြင်စစ်ကြောင်း ထိုးနေသော်လည်း အာရက္ခတပ်တော် (AA)နှင့် ပူးပေါင်းတပ်များ တိုက်ခိုက်မှုကြောင့် အထိနာကျဆုံးမှု များနေကြောင်း စစ်ရေးနီးစပ်သူများက ဆိုသည်။

ကျောက်ပန်းတောင်း-မြင်းခြံ လမ်းပိုင်းတွင် စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံ၌ရပြီး ၁၂ ဦး သေဆုံး
မတ် ၁၅
The Kaladan Post
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ အေးရွာအနီး ကျောက်ပန်းတောင်း-မြင်းခြံ လမ်းပိုင်းတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ စစ်ကောင်စီ တပ်ဖွဲ့ကို မတ်လ ၁၄ ရက် ညနေပိုင်း စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ရန်သူ ၈ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း (PLA) က ထုတ်ပြန်သည်။ ထိုနေ့ နံနက်ပိုင်းက စစ်ကောင်စီ တပ်သား ၃၀၀ ခန့် အေးရွာသို့ ရောက်ရှိလာပြီး လမ်းတလျှောက် ခါးပတ်ရွာ၊ သမုန်းပင်လမ်းခွဲ၊ ကျားနေအိုင်လမ်းခွဲနှင့် ဆိတ္ထိန်းရွာ လမ်းခွဲများတွင် အင်အား ၃၀ စီ ခွဲဝေနေရာယူထားခဲ့သည်။ ညနေ ၆ နာရီခန့်တွင် ဆိတ္ထိန်းရွာမှ စစ်ကောင်စီ အင်အား ၃၀ ခန့်သည် ကား ၃ စီးဖြင့် အေးရွာဘက်သို့ ထွက်လာစဉ် PLA ရဲဘော်များ၏ ကြိုတင်နေရာယူ ထားသော အချက်အချာကျသော နေရာတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲသည် ၅ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး ရန်သူ့ကား ၃ စီးအနက် တစ်စီး လမ်းဘေးသို့ ထိုးရပ်ပျက်စီးသွားကာ ရန်သူ ၈ ဦး နေရာတွင်ပင် ကျဆုံးခဲ့သည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့သည်။ နောက်ဆက်တွဲ သတင်းများအရ စစ်ကောင်စီ တပ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဗိုလ်အယ်ခွီး KTLA အဖွဲ့ကို ပြည်သူ့တော်လှန်ရေးကို သစ္စာဖောက်သော စစ်တပ် မိတ်ဖက်အဖြစ် KNU ကြေညာ
မတ် ၁၅
The Kaladan Post
KNU မြိတ်-ထားဝယ်ခရိုင် တပ်မဟာ (၄) က ယနေ့ မတ်လ ၁၅ ရက်တွင် KTLA ဆာကဆော စစ်ကြောင်းမှူး ဗိုလ်အယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်သော အဖွဲ့ကို အကြမ်းဖက် စစ်ကောင်စီ၏ မိတ်ဖက် အကြမ်းဖက်အဖွဲ့အဖြစ် တရားဝင် သတ်မှတ်ကြေညာလိုက်သည်။ ၂၀၂၁ စစ်အာဏာ သိမ်းပြီးနောက် ဗိုလ်အယ်ခွီး နှင့် အဖွဲ့သည် ပြည်သူ့တော်လှန်ရေးကို ဆန့်ကျင်နှောင့်ယှက်လှုပ်ရှား နေခဲ့ပြီး ဒေသခံကရင်ပြည်သူများနှင့် PDF များကို လှည့်စားစည်းရုံးကာ စစ်ကောင်စီနှင့် ပူးပေါင်းခဲ့ကြောင်း သိရသည်။ ၂၀၂၄-၂၀၂၆ ကာလအတွင်း တော်လှန်ရေး စစ်ရေးအရှိန်မြင့်လာချိန်တွင် တပ်မဟာ (၄) ၏ နောက်တန်းစခန်းများ၊ စစ်ကူ၊ ရိက္ခာ၊ ဆေးဝါးပို့ဆောင်ယာဉ်များကို မကြာခဏ ချုံခိုတိုက်ခိုက်ခဲ့သည်။ အပြစ်မဲ့ပြည်သူများကို တပ်မဟာ (၄) နှင့်ဆက်စပ်သည်ဟု စွပ်စွဲ၍ ရက်စက်စွာ သတ်ဖြတ်ခြင်း၊ အိမ်များမီးရှို့ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကြေးလုယက်တောင်းခံခြင်း များဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့ကြောင်း ဖော်ပြထားသည်။ စစ်ကောင်စီကို ဆန့်ကျင်မည်ဟု ကြွေးကြော်သော်လည်း တော်လှန်ရေးအင်အားစုများကို နှောင့်ယှက်သတ်ဖြတ်ခြင်း သည် စစ်ကောင်စီ၏ စစ်ရေးဗျူဟာကို အကောင်အထည်ဖော်ပေးနေခြင်းပင်ဖြစ်ကြောင်း KNU တပ်မဟာ (၄) က ပြင်းထန်စွာ ရှုံ့ချထားသည်။ “တနင်္သာရီတိုင်းအတွင်းရှိ ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများ၏ ကိုယ်စား ဗိုလ်အယ်ခွီး နှင့် အပေါင်းအပါများအား အကြမ်းဖက် စစ်ကောင်စီ၏ မိတ်ဖက်အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြောင်း” ကြေညာအပ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်တပ် အမတ ၃၁၆ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး ပွဲချင်းပြီး သေဆုံး
မတ် ၁၅
The Kaladan Post
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီ အမတ ၃၁၆ တပ်ရင်း စစ်ဆေးရေးဂိတ်ကို ရေးဘီလူး တပ်ရင်း မှ ရဲဘော်များက ယနေ့ (မတ်လ ၁၅ ရက်) နံနက် ၁၁ နာရီခန့်တွင် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက် ခဲ့ရာ စစ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း အဆိုပါအဖွဲ့က ပြောဆိုသည်။ ထို့ပြင် ပျူစောထီး ခေါင်းဆောင် လင်းဦးသား ဒဏ်ရာရရှိ၍ ရေးမြို့နယ် ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ရေးဘီလူး တပ်ရင်းမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။ စစ်ဆေးရေးဂိတ်တွင် စစ်သား အင်အား ၃၀ ခန့်ရှိခဲ့သော် လည်း အလစ်အငိုက်ဝင်တိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ပစ်ခတ်မှု ပြင်းထန်လာသဖြင့် ရဲဘော်များ က ဆုတ်ခွာခဲ့ရာ လက်နက်ခဲယမ်း သိမ်းဆည်းရမိမှု မရှိသော်လည်း ရန်သူဘက်မှ ထိခိုက်သေဆုံးမှု ရလဒ်ကောင်းရရှိခဲ့ကြောင်း ဖော်ပြထားသည်။ တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော်များ အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

သူရဲကောင်းတံဆိပ်ချီးမြှင့်ခံရသူ တပ်မ ၇၇ ဒုတပ်မမှူး ဝင်းမောင်မောင် နယ်စပ်တိုက်ပွဲတွင် သေဆုံး
မတ် ၁၅
The Kaladan Post
မကွေးတိုင်း၊ ပခုက္ကူ-ပေါက်-ထီးလင်း လမ်းပိုင်းမှတစ်ဆင့် ချင်းပြည်နယ်အတွင်း စစ်ကြောင်းထိုးနေ သော စစ်ကောင်စီ တပ်မ ၇၇ လက်အောက်ခံ စစ်ကြောင်းများနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ထီးလင်းနယ်စပ်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တပ်မ ၇၇ ၏ ဒုတပ်မမှူး ဗိုလ်မှူးကြီး ဝင်းမောင်မောင် သေဆုံးခဲ့ကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က အတည်ပြု သည်။ နောင်ချိုတန်ပြန်စစ်ဆင်ရေးတွင် နာမည်ကောင်းရရှိခဲ့ပြီး စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်မှ သူရဲကောင်းမှတ်တမ်းဝင်ဆု တံဆိပ်ချီးမြှင့်ခံရသူ ဗိုလ်မှူးကြီး ဝင်းမောင်မောင်သည် ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း (မတ်လ ၉ ရက် သို့မဟုတ် ၁၀ ရက်ခန့်) ထီးလင်းနယ်စပ်တိုက်ပွဲ အတွင်း ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း MDSI တာဝန်ရှိသူ CDM ဗိုလ်ကိုနောင်ရိုးက ပြောကြား ခဲ့သည်။ ကနဦး သတင်းများတွင် ပခုက္ကူနယ်အတွင်း သေဆုံးဟု ယူဆခဲ့သော်လည်း အတည်ပြုချက် အရ ချင်းပြည်နယ်ဘက်သို့ စစ်ကြောင်းထိုးနေစဉ် ထီးလင်းအစပ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဤသေဆုံးမှုကြောင့် တပ်မ ၇၇ သည် စစ်မြေပြင်တွင် ထိခိုက်ဆုံးရှုံးရသည့် ဒုတပ်မမှူး ဒုတိယဦး ဖြစ်လာခဲ့ပြီဖြစ်သည်။ ယခင် တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးမှာလည်း ၂၀၂၅ ခုနှစ် ဧပြီလတွင် စစ်ကိုင်းတိုင်း အင်းတော်မြို့ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်တပ်မတော် (PDF) က စစ်သုံ့ပန်း ဖမ်းဆီးခံခဲ့ရသည်။ လက်ရှိတွင် တပ်မ ၇၇ လက်အောက်ခံ စစ်ကြောင်းများသည် ချင်းပြည်နယ် မြောက်ပိုင်း၊ ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်း နှင့် မကွေးတိုင်းအတွင်း တပ်ဖြန့်လှုပ်ရှားနေဆဲ ဖြစ်ကြောင်း သိရှိရသည်။
