ကျောက်တံခါးမြို့နယ်တွင် စစ်တပ်၏ လက်နက်ကြီး ဒရုန်းဗုံးကြဲမှုကြောင့် မိသားစု လေးဦး သေဆုံး
မတ် ၁၄
The Kaldan Post
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သဲဖြူရွာသစ်ကျေးရွာတွင် မတ်လ ၁၃ ရက် ည ၉ နာရီခန့် က ပဲနွယ်ကုန်းမြို့၊ ရွှေဝါကျေးရွာ အခြေစိုက် ခမရ ၃၀၇ တပ်ရင်းမှ စစ်သားများက လက်နက်ကြီး ၂ လုံး၊ ဒရုန်းဗုံးသီး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိသားစုတစ်စုမှ မိခင်၊ ဖခင်နှင့် ကလေးငယ် ၂ ဦး စုစုပေါင်း ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ သေဆုံးသူများမှာ အသက် ၄၀ နှစ် အရွယ် ကိုဝင်းဇော်၊ ဇနီး အသက် ၃၈ နှစ်အရွယ် မမာလာဝင်း နှင့် ၎င်းတို့၏ ကလေးငယ် ၂ ဦး ဖြစ်ပြီး မိသားစုထဲမှ အသက် ၃ လသားအရွယ် ယောက်ျားလေးငယ်တစ်ဦးသာ အသက်ရှင်လွတ်မြောက် ခဲ့ကြောင်းသိရသည်။ ယင်းအပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်ကလည်း သမင်အင်းကုန်းကျေးရွာ တွင် စစ်တပ်က ဒရုန်းဗုံးကြဲချမှုကြောင့် နေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့သည်။

သီလဝါဆိပ်ကမ်းမှ စက်သုံးဆီ ထုတ်ယူခွင့် ရပ်ဆိုင်း၊ ဆီပြတ်လပ်မှု စိုးရိမ်ချက်များ မြင့်တက်လာ
မတ် ၁၄
The Kaldan Post
ရန်ကုန်မြို့အပါအဝင် တိုင်းဒေသကြီးအသီးသီးအတွက် ခွဲတမ်းရရှိထားသော စက်သုံးဆီကို သီလဝါ ဆိပ်ကမ်းမှ ဆီဘောက်ဆာယာဉ်များဖြင့် ထုတ်ယူခွင့်ကို စစ်ကောင်စီက လက်ရှိ ၄ ရက်ခန့်ရှိပြီး ထုတ်မပေးဘဲ ရပ်ဆိုင်းထားကြောင်း စက်သုံးဆီလုပ်ငန်းရှင်အချို့က ပြောဆိုသည်။ ဆီထုတ်ယူရန် ဘောက်ဆာယာဉ်များ တန်းစီစောင့်ဆိုင်းနေရပြီး ဘာကြောင့် ထုတ်မပေးသည်ကို မသိရှိရကြောင်း၊ စက်သုံးဆီအသင်းကလည်း ရှင်းလင်းစွာ မဖြေကြားနိုင်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။ စစ်တပ်က မတ်လ ၇ ရက်မှ စ၍ ကားများကို စုံ/မ အလှည့်ကျ စနစ်ဖြင့် မောင်းနှင်ရန်၊ QR Code စနစ်ဖြင့် တစ်ရက်လျှင် တစ်ကြိမ်သာ ဝယ်ယူခွင့်ပြုကာ တစ်ရက်လျှင် ၅၀,၀၀၀ ကျပ်ဖိုးသာ ဝယ်ယူရမည်ဟု ကန့်သတ်ထားသည်။ ယင်း QR Code စနစ်တွင်လည်း အခက်အခဲများ ကြုံနေရကြောင်း ဆီဝယ်ယူသူများက ပြောဆိုသည်။ သို့သော် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၄ ရက်က စက်သုံးဆီအရန် ရက် ၄၀ စာ ရှိနေသေးပြီး ဆီတင်သင်္ဘော ၁၀ စီးကျော် ရောက်ရှိလာမည်ဟု ထုတ်ပြန်ခဲ့သည်။ လက်ရှိ ထုတ်ပြန်ချက်အရ ရက် ၃၀ ခန့်သာ ကျန်တော့သည်ဟု ယူဆရသည်။ စစ်ကောင်စီက အရန်ဆီ ရက် ၄၀ ရှိကြောင်း ဆိုသော်လည်း ပြည်သူများက ယုံကြည်မှု မရှိဘဲ ဆီရောင်းချမှု တင်းကြပ်လာခြင်းကြောင့် ဆီပြတ်လပ်မှုကို စိုးရိမ်နေကြသည်။ လက်ရှိ အခြေအနေတွင် သီလဝါဆိပ်ကမ်းမှ ဆီထုတ်ယူမှု ရပ်ဆိုင်းထားခြင်းနှင့် ကန့်သတ်ချက်များက ပြည်သူလူထု၏ နေ့စဉ်ဘဝနှင့် စီးပွားရေးလုပ်ငန်း များအပေါ် သက်ရောက်မှု ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

ရှမ်းမြောက် ကွတ်ခိုင်တွင် MNDAA က TNLA စခန်းများကို ဝိုင်းပိတ်ဆို့ တိုက်ပွဲပြင်းထန်လာနိုင်
မတ် ၁၄
The Kaldan Post
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၏ စခန်းအများစုကို ကိုးကန့်တပ်မတော် (MNDAA) က စစ်ကြောင်း ၄ ကြောင်းဖြင့် ဝိုင်းရံပိတ်ဆို့ထားကာ လက်နက်ချရန် ရာဇသံပေးနေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။ ယနေ့ မတ်လ ၁၄ ရက်တွင် MNDAA ဘက်က TNLA စခန်းများကို ဝိုင်းထားရုံသာမက လက်နက်မချပါက ပစ်ခတ်တိုက်ခိုက်မည်ဟု အမိန့်ပေးထားကြောင်း စစ်ရေးအသိရှိသူတစ်ဦးက ပြောဆိုသည်။ MNDAA က သိန္နီဘက်မှ စစ်ကြောင်း ၂ ကြောင်း၊ မူဆယ် ၁၀၅ မိုင်ဘက်မှ စစ်ကြောင်း ၂ ကြောင်း စုစုပေါင်း ၄ ကြောင်းဖြင့် တစ်ပြိုင်နက် စစ်မျက်နှာ ဖွင့်လှစ်ကာ အသာစီးရယူနေခြင်း ဖြစ်သည်။ ယခုပဋိပက္ခသည် နယ်မြေစိုးမိုးမှု၊ အုပ်ချုပ်ရေးဆိုင်ရာ အငြင်းပွားမှုများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ညီနောင်မဟာမိတ်အချင်းချင်း စစ်ရေးအရ ဖြေရှင်းရန် ကြိုးပမ်းနေကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။ လက်ရှိ ကွတ်ခိုင်မြို့အနီးတဝိုက်တွင် အပြန်အလှန် လက်နက်ကြီးပစ်ခတ်မှုများ ဆက်ရှိနေပြီး MNDAA က ဒရုန်းများဖြင့် ပစ်မှတ်ထား တိုက်ခိုက်နေသဖြင့် TNLA တပ်ဖွဲ့ဝင်များ ထိခိုက်နိုင်ခြေ ရှိနေသည်။ အခြေအနေ ဆိုးရွားလာနိုင်သဖြင့် ကွတ်ခိုင်၊ သိန္နီ၊ မူဆယ် လမ်းပိုင်းများတွင် ခရီးသွားလာမည့် ပြည်သူများအနေဖြင့် အထူးသတိပြု၍ ဖြစ်နိုင်ပါက ခရီးစဉ်များကို ခေတ္တရပ်ဆိုင်းထားရန် ဒေသခံများက သတိပေးထားသည်။ ဤပဋိပက္ခသည် အချိန်မီ ညှိနှိုင်းဖြေရှင်းနိုင်ခြင်း မရှိပါက ရှမ်းမြောက်ဒေသ တစ်ခုလုံး၏ တည်ငြိမ်မှု ပျက်ပြားကာ လူနည်းစုများအကြား လူမျိုးရေးပဋိပက္ခအထိ ကူးစက်နိုင်ကြောင်း စစ်ရေးလေ့လာသူများက သတိပေးထားသည်။
ရေစကြိုမြို့နယ်တွင် စစ်တပ်က ကာကွယ်ရေးစခန်း ၂ ခု စီးနင်းတိုက်ခိုက်၊ PDF တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံး
မတ် ၁၄
The Kaldan Post
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ စဉ့်ကိုင်ရွာနှင့် ကံသစ်ရွာရှိ ဒေသခံ ရပ်ကျေးကာကွယ်ရေး စခန်း ၂ ခုကို စစ်ကောင်စီတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ရာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရသည်။ မတ်လ ၁၂ ရက် မနက် ၅ နာရီကျော်အချိန်တွင် ရေစကြိုမြို့ ဘက်မှ အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းက စဉ့်ကိုင်ရွာ ကျေးရွာကာကွယ်ရေးစခန်းကို တိုက်ခိုက် စီးနင်းခဲ့ပြီး မတ်လ ၁၃ ရက် မနက် ၆ နာရီတွင် ကံသစ်ရွာ ရပ်ကျေးကာကွယ်ရေးစခန်းကို ထပ်မံ တိုက်ခိုက်ခဲ့သည်။ စဉ့်ကိုင်ရွာတိုက်ပွဲတွင် အသက် ၂၀ မှ ၃၀ ကြား ကာကွယ်ရေးအဖွဲ့ဝင် ၃ ဦး ကျဆုံး ခဲ့ပြီး ယူနီဖောင်း၊ လက်လုပ်သေနတ်နှင့် မိုင်းအချို့ သိမ်းဆည်းခံရကြောင်း သိရသည်။ ကံသစ်ရွာစခန်း တိုက်ခိုက်ခံရမှု တွင်လည်း အသက် ၂၀ မှ ၄၀ ကြား တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးကာ မြို့နယ်ပကဖ အဖွဲ့ဝင် ၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ကံသစ်ရွာစခန်းနှင့် ကျဆုံးတပ်ဖွဲ့ဝင် ၃ ဦး၏ အလောင်းများကို စစ်တပ်က မီးရှို့ ဖျက်ဆီးပြီး နေ့လယ်ပိုင်းတွင် ရွာမှ ထွက်ခွာခဲ့ကြောင်း သိရှိရသည်။ စစ်တပ် ထောက်ခံတယ်လီဂရမ် ချန်နယ်များတွင်လည်း သိမ်းဆည်းရမိသော လက်နက်များနှင့် ကျဆုံးတပ်ဖွဲ့ဝင်များ၏ ဓာတ်ပုံများ ဖော်ပြထားပြီး ယင်းပုံများမှန်ကန်သည်ဟု သတင်းရင်းမြစ်က ပြောဆိုသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ အစောပိုင်းက ပကဖအဖွဲ့ဝင်တစ်ဦး ရွာသစ်ရွာတွင် အဖွဲ့ဝင် ၂ ဦးကို ပစ်သတ်ပြီး စစ်ကောင်စီဘက်သို့ ပြောင်းလဲခဲ့မှုနှင့် ဆက်စပ်နိုင်ကြောင်း၊ စဉ့်ကိုင်နှင့် ကံသစ်ရွာကြားတွင် ရွာ ၃ ရွာ ခြားနေသော်လည်း အလယ်ရွာများကို မဝင်ဘဲ ကံသစ်ရွာကို တိုက်ရိုက်ဝင်ရောက်ခဲ့ကြောင်း ဒေသခံက ပြောဆိုသည်။

ပုလောမြို့နယ်ရှိ စစ်တပ် တောင်ယာကမ်းစခန်း သိမ်းပိုက်ခံရပြီး တပ်သား ၆ ဦး သေဆုံး
မတ် ၁၄
The Kaldan Post
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ ပလောကျေးရွာအုပ်စု တောင်ယာကမ်း ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄) လက်အောက်ခံ KNDO တပ်ရင်း (၇)၊ တပ်ခွဲ (၁)၊ တပ်ခွဲ (၅)၊ KNLA အထူးကွန်မန်ဒိုတပ်ဖွဲ့၊ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ရာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။ ယင်းစခန်းသည် ထားဝယ်-မြိတ် အမှတ် (၈) လမ်းမကြီး ပုလောမြို့ တောင်ယာကမ်းကျေးရွာတွင် တည်ရှိပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက တပ်စွဲထားကြောင်း သိရသည်။ တိုက်ပွဲကို ၂၀၂၆ ခုနှစ် မတ်လ ၁၁ ရက်မှ စတင်ခဲ့ပြီး မတ်လ ၁၄ ရက် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု ကေအဲန်ယူ မြိတ်-ထားဝယ်ခရိုင် က ပြောဆိုသည်။ တိုက်ပွဲအတွင်း စစ်တပ်မှ တပ်သား ၆ ဦး သေဆုံးခဲ့ပြီး အယောက် ၃၀ ကျော် စခန်းမှ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ MA1 သေနတ် ၄ လက်၊ MA3 သေနတ် ၁ လက်နှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့သည်။

တိုက်ပွဲဖြစ်ပွားမှု နောက်ဆက်တွဲပြသာနာအားလုံး TNLA က တာဝန်ယူရမည်ဟု MNDAA ပြော
မတ် ၁၄
The Kaldan Post
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း ညီနောင်သုံးဖော် မဟာမိတ်အဖွဲ့ဝင်များဖြစ်သော တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ကြား မတ်လ ၁၄ ရက် နံနက်ပိုင်းမှ စတင်ကာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။ MNDAA ဘက်က ယနေ့ ထုတ်ပြန်ချက်တွင် TNLA ၏ တိုက်ခိုက်မှုကြောင့် မဟာမိတ် ဆက်ဆံရေး ထိခိုက်လျက်ရှိကြောင်း ပြောဆိုခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်က TNLA တပ်ဖွဲ့ဝင်များက MNDAA ၏ ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးဌာနများကို ဝင်ရောက်စီးနင်း တိုက်ခိုက်ကာ တပ်ဖွဲ့ဝင်များကို ရိုက်နှက်မောင်းထုတ်ခဲ့သည်ဟု ဆိုသည်။ ထို့နောက် ပြဿနာ ဖြေရှင်းရန် အကြောင်း ကြားစာ ၅ ကြိမ်ပေးပို့ခဲ့သော်လည်း TNLA ဘက်မှ မျက်ကွယ်ပြုခဲ့ကြောင်း MNDAA က ဖော်ပြထား သည်။ ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ကွတ်ခိုင်မြို့အတွင်း ကင်းလှည့်နေသော MNDAA တပ်ဖွဲ့ဝင်များကို TNLA ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ MNDAA က ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းတိုက်ပွဲများမှ ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ပြဿနာ အားလုံးကို TNLA ဘက်မှ အပြည့်အဝ တာဝန်ယူရမည်ဟု MNDAA က သတိပေးထားသည်။ MNDAA က ခက်ခဲစွာ ရရှိခဲ့သော ညီနောင်မဟာမိတ်ဆက်ဆံရေးနှင့် နိုင်ငံရေးအခြေအနေများကို အလွန်မြတ်နိုး ကြောင်း၊ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အချင်းချင်း စစ်ရေးပွတ်တိုက်မှုများကို မလိုလားသော်လည်း အကြမ်းဖက်တိုက်ခိုက်ခံရခြင်း၊ ဂုဏ်သိက္ခာ နင်းချေခံရခြင်း၊ လူမှုဘဝ ရှင်သန်ရေး ခြိမ်းခြောက်ခံရခြင်း များ ရှိလာပါက အစွမ်းကုန် ခုခံကာကွယ်သွားမည်ဟု ဆိုထားသည်။ ပဋိပက္ခသည် ဖေဖော်ဝါရီ ၁၃ ရက်မှ စတင်ခဲ့ပြီး နယ်မြေစိုးမိုးမှု၊ အုပ်ချုပ်ရေးဆိုင်ရာ အငြင်းပွားမှုများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ကာ လက်ရှိ စစ်ရေးတင်းမာမှုများက ရှမ်းမြောက်ဒေသ တည်ငြိမ်ရေးကို ထိခိုက်စေနိုင်ကြောင်း လေ့လာသူများက သတိပေးထားသည်။

မြဝတီမြို့နယ် လေးကေ့ကော် စစ်ရှောင်စခန်းကို စစ်တပ်က ကာမီကာဇေ ဒရုန်း ၄ စင်းဖြင့် တိုက်ခိုက်
မတ် ၁၄
The Kaldan Post
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်အနီး လေးကေ့ကော် (ပလော့တပို့/ အမိုးပြာ) ယာယီစစ်ရှောင်စခန်းကို စစ်ကောင်စီတပ်ဖွဲ့က မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် ကာမီကာဇေ (Kamikaze) အသေခံဒရုန်း ၄ စင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်ပြည်သူ ၁ ဦး ပွဲချင်းပြီး သေဆုံးကာ ၁ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုတွင် ဒရုန်း ၄ စင်းမှ ၂ စင်းသည် စခန်းအတွင်းရှိ ဆေးခန်းနေရာ သို့ တိုက်ရိုက်ကျရောက်ပေါက်ကွဲခဲ့ပြီး ဆေးခန်းအနီးရှိ ပြည်သူတစ်ဦး (လေးကေ့ကော်ရွာသား) သေဆုံးခဲ့ကာ နောက်ထပ်တစ်ဦး ဒဏ်ရာပြင်းထန်ခဲ့ကြောင်းသိရသည်။ စစ်ရှောင်စခန်းတွင် အိမ်ခြေ ၁,၀၀၀ ကျော်ရှိပြီး လူဦးရေ ၃,၀၀၀ ကျော် ခိုလှုံနေကြသည့်အထဲ ဖလူး၊ မင်းလက်ပံ၊ ရသေ့ဂူ၊ မဲ့ထော် သလေး၊ မယ်ဝါးခီး စသည့်ဒေသများမှ ပြည်သူများ ပါဝင်သည်။ ယနေ့နံနက်ပိုင်းကတည်းက စစ်တပ် က လက်နက်ကြီးများဖြင့် တောက်လျှောက် ပစ်ခတ်နေခဲ့ပြီး ဒရုန်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်များ သည် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးရန် ပြင်ဆင်နေကြသော်လည်း ထိုင်းအာဏာပိုင်များက လက်ခံမည် လားဟု စိုးရိမ်နေကြသည်။ လက်ရှိ မြဝတီမြို့တောင်ဘက် မင်းလက်ပံ၊ ရသေ့ဂူ ဒေသအနီးတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲ ပြင်းထန်နေပြီး စွယ်တော်ကုန်း၊ လက်ခတ်တောင်မှ စစ်တပ်တပ်စွဲရာနေရာများက လက်နက်ကြီး ပစ်ကူပေးနေကာ မင်းလက်ပံကျေးရွာကို ကာကွယ်ရေး တပ်ဖွဲ့များက ထိန်းချုပ်ထားဆဲ ဖြစ်ကြောင်းသိရသည်။ စစ်တပ်က လက်လွှတ်ခဲ့ရသော တပ်စခန်းများ ကို ပြန်လည်ရယူရန် ပြီးခဲ့သည့်နှစ် အောက်တိုဘာမှ စတင် စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင် နေသော်လည်း ကာကွယ်ရေးတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ရှေ့မတိုးနိုင်သေးကြောင်း သိရှိရသည်။

ပြည်သူတွေကို အစုလိုက်သတ်ဖြတ်နေသည့် စစ်တပ်၏ ဟန်ပြလွှတ်တော်နှင့် အစိုးရကို တရားဝင်မှု မပေးရန် NUG တောင်းဆို
မတ် ၁၄
The Kaldan Post
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာ (ခရုကုန်း၊ ကျောင်းကုန်း အပါအဝင်) တွင် မတ်လ ၅ ရက် နံနက် ၅ နာရီခန့်က တပ်မ ၇၇ ဦးဆောင်သော စစ်ကောင်စီ စစ်ကြောင်း ၄ ကြောင်း ဝင်ရောက်ကာ ပြည်သူ ၃၀၀ ကျော်ကို ဓားစာခံ ဖမ်းဆီးခဲ့ပြီး ဘုန်းကြီးကျောင်းထဲ ပုန်းခိုနေသူများကို လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂၅ ဦး သေဆုံးခဲ့ကြောင်းသိရသည်။ ထို့အပြင် ကလေးငယ် တစ်ဦး အပါအဝင် ပြည်သူ ၃ ဦးကို လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြသည်။ သေဆုံးသူများ၏ ရုပ်အလောင်းများမှ နားဋောင်း၊ ဆွဲကြိုး၊ ငွေကြေးများကို စစ်သားများက ဖြုတ်ယူသွားခဲ့ပြီး ဓားစာခံပြည်သူများထံမှလည်း လက်ဝတ်ရတနာနှင့် ပိုက်ဆံများ အလုံးအရင်း သိမ်းဆည်းခဲ့ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ပြည်သူ တစ်ဦးချင်း တရားမျှတမှု ရရှိရေး အစွမ်းကုန်ကြိုးစားမည်ဖြစ်ပြီး ကျန်ရစ်မိသားစုများနှင့် စစ်ဘေး ရှောင်ပြည်သူများအတွက် လူသားချင်းစာနာအကူအညီ ပေးအပ်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ က ယနေ့ ထုတ်ပြန်သည်။ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေကို စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၅၂၀ ကြိမ် ကျူးလွန်ခဲ့ကာ ပြည်သူ ၅,၅၀၅ ဦး သေဆုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ၅,၀၄၁ ကြိမ် (ဗုံးကြဲ ၁၀,၆၅၁ ကြိမ်) တွင် ပြည်သူ ၅,၀၇၅ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း NUG က ပြောဆိုသည်။ ထို့ကြောင့် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲအပြီး ဖွဲ့စည်းမည့် ဟန်ပြလွှတ်တော်နှင့် အစိုးရကို နိုင်ငံတကာအနေဖြင့် တရားဝင်မှု လုံးဝ မပေးရန်၊ လေကြောင်းယာဉ်၊ လက်နက်ခဲယမ်း၊ လေယာဉ်ဆီ ရောင်းချမှုများ ရပ်တန့်ရန် NUG က အလေးအနက် တောင်းဆိုထားသည်။

ကြို့ပင်ကောက်မြို့နယ်တွင် ပေါ်တာဆွဲ စစ်တပ် စစ်ကြောင်း တိုက်ခိုက်ခံရ
မတ် ၁၄
The Kaldan Post
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ဂွေးကောင်းပင်ကျေးရွာအနီး ဒေသခံပြည်သူများ ကို ပေါ်တာဆွဲရန် လာရောက်သော စစ်ကောင်စီတပ်သား ၂၅ ဦးပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF) သာယာဝတီခရိုင် အမှတ်-၁ တပ်ရင်း-၃၈၀၁၊ တပ်ခွဲ-၅ လက်အောက်ခံ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က မတ်လ ၁၃ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ယနေ့ မတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ဤတိုက်ခိုက်မှုကို Hero ပြောက်ကျားတပ်ဖွဲ့ တစ်ဖွဲ့တည်းက လုပ်ဆောင်ခဲ့ပြီး ရန်သူဘက် ထိခိုက်မှု အတိအကျ မသိရ သေးကြောင်း ဖော်ပြထားသည်။ တိုက်ပွဲအတွင်း အရပ်သားပြည်သူများ ထိခိုက်မှု လုံးဝမရှိခဲ့သလို တော်လှန်ရေးရဲဘော်များဘက်တွင်လည်း ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း အသိပေးထားသည်။ ဒေသခံပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သားများနှင့် အတူ သွားလာနေထိုင်ခြင်း၊ စစ်တပ်ထံ သတင်းပေးခြင်းများ မပြုလုပ်ရန် သတိပေးထားပြီး စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်သူများကို ရှင်းလင်းသုတ်သင်သွားမည်ဖြစ်ကာ စစ်သားများနှင့် အတူလိုက်ပါသွားလာသူများကိုပါ ဆက်လက် တိုက်ခိုက်သွားမည်ဟု ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က ကြေညာထားသည်။

စစ်အုပ်စု သွေးခွဲမှုကို သတိပြုပြီး ညီနောင်များအကြား ထိတွေ့မှုအား မိတ်ဖက်ပဋိပက္ခအဖြစ် ငြိမ်းချမ်းစွာ ဆွေးနွေးရန် NUCC တိုက်တွန်း
မတ် ၁၄
The Kaldan Post
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဒေသတွင် ဖြစ်ပွားနေသော မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကြား တိုက်ပွဲများကို ချက်ချင်း ရပ်တန့်ရန်နှင့် မိတ်ဖက်ပဋိပက္ခအဖြစ် ရှုမြင်ကာ နိုင်ငံရေးအရ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး ဖြေရှင်းကြရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ယနေ့ မတ်လ ၁၄ ရက်နေ့တွင် တောင်းဆိုလာသည်။ MNDAA၊ TNLA နှင့် အာရက္ခတပ်တော် (AA) တို့သည် မြောက်ပိုင်းညီနောင်မဟာမိတ်အဖြစ် စစ်အာဏာမသိမ်းမီကတည်းက စုဖွဲ့ခဲ့ပြီး ၂၀၂၃ ခုနှစ် တွင် Operation 1027 စစ်ဆင်ရေးကြီးကို ဦးဆောင်ကာ သမိုင်းဝင် အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ ဤသို့ သေအတူရှင်မကွာ စိတ်ဓာတ်ဖြင့် ကျောချင်းကပ် လက်ချင်းတွဲ တိုက်ပွဲဝင်ခဲ့သော ညီနောင် မဟာမိတ်များ၏ စည်းလုံးမှုသည် နွေဦးတော်လှန်ရေးတွင် အားကျအတုယူဖွယ် စံနမူနာ ဖြစ်ခဲ့ကြောင်း NUCC က အလေးပေး ဖော်ပြထားသည်။ ယခုဖြစ်ပွားနေသော ပဋိပက္ခများသည် စစ်အုပ်စုမှ ပြည်တွင်းပြည်ပ နည်းလမ်းမျိုးစုံဖြင့် သွေးခွဲတိုက်ခိုက်နေမှုကို အခွင့်ကောင်းယူနေခြင်း ဖြစ်နိုင်ကြောင်း သတိပေးခဲ့ပြီး တော်လှန်ရေးအင်အားစုများအကြား အငြင်းပွားမှုများကို ငြိမ်းချမ်းသော နည်းလမ်းများ ဖြင့်သာ ဖြေရှင်းရန် လိုအပ်ကြောင်း၊ ပြည်သူလူထု၏ အဆုံးအဖြတ်ကို ခံယူသည့် Bottom-up Feder alism ချဉ်းကပ်မှုအတိုင်း ရပ်တည်ကြောင်း ရှင်းလင်းထားသည်။ ပြည်ထောင်စုသားချင်း မောင်နှမများ အနေဖြင့်လည်းကောင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး မဟာမိတ်များအနေဖြင့်လည်းကောင်း လက်ရှိ လက်နက်ကိုင်တိုက်ပွဲများကို ချက်ချင်း ရပ်တန့်ပြီး နိုင်ငံရေးအရ ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် လိုအပ်ပါက နွေးဖြေရှင်းရေးတွင် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း NUCC က ကမ်းလှမ်း အသိပေးထားသည်။

