မတ် ၁၄
The Kaladan Post
အီရန်နိုင်ငံရဲ့ အဓိပတိအသစ်ဖြစ်လာတဲ့ မော့ဂျ်တာဘာ ခါမေနီရဲ့ မိန့်ခွန်း ထွက်ပေါ်လာပေမယ့် ဒါဟာ သူကိုယ်တိုင် ပြောထားတာ ဟုတ်ရဲ့လားဆိုပြီး အီရန်ပြည်သူတွေကြားမှာ သံသယတွေ အကြီးအကျယ် ဖြစ်နေကြပါတယ်။
သိကြတဲ့အတိုင်း အီရန်စစ်ပွဲ စတင်တဲ့ ပထမဆုံးနေ့မှာတင် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အဓိပတိကြီး အယာတိုလာ အလီ ခါမေနီ သေဆုံးသွားခဲ့ပါတယ်။ အဲဒီနောက် သားဖြစ်သူ မော့ဂျ်တာဘာ ခါမေနီကို အရိုက်အရာ ဆက်ခံသူအဖြစ် အီရန်အစိုးရက ကြေညာခဲ့တာပါ။
အခု သီတင်းပတ်ထဲမှာပဲ ပြည်သူတွေကို လိပ်မူထားတဲ့ မော့ဂျ်တာဘာရဲ့ ပထမဆုံး သဘောထားထုတ်ပြန်ချက် ထွက်လာပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင် လူလုံးထွက်ပြပြီး မိန့်ခွန်းပြောတာမျိုး မဟုတ်ဘဲ အစိုးရရုပ်သံက သတင်းကြေညာသူ တစ်ဦးကနေတစ်ဆင့် ဖတ်ပြသွားခဲ့တာပါ။ မတ်လ ၁၂ ရက်နေ့က ထွက်လာတဲ့ အဲဒီကြေညာချက်ထဲမှာတော့ ဟောမုဇ် ရေလက်ကြားကို ဆက်ပိတ်ဆို့ထားမယ့်အကြောင်းနဲ့ အမေရိကန်နဲ့ အစ္စရေးတို့ကြောင့် ကျခဲ့ရတဲ့ သွေးတွေအတွက် မမေ့မလျော့ လက်စားချေမယ့်အကြောင်း ခြိမ်းခြောက်ထားပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ အသက် ၄၀ အရွယ် အီရန်အမျိုးသမီး တစ်ဦးက “ဒီကြေညာချက်က မော့ဂျ်တာဘာဆီက အမှန်တကယ် ထွက်လာတာတောင် ဟုတ်ရဲ့လားလို့ သံသယရှိမိတယ်။ တကယ်တမ်း နိုင်ငံကို အုပ်ချုပ်နေတာက အီရန်ရဲ့ အင်အားအကြီးဆုံးဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေးတပ် (IRGC) ဖြစ်လိမ့်မယ်လို့ ခံစားမိတယ်” လို့ BBC သတင်းဌာနကို ပြောပါတယ်။
အဓိပတိအဖြစ် ခန့်အပ်ခံရပြီးကတည်းက သူ့ကို လူလုံးဝမတွေ့ရတော့တာကြောင့် ပြည်သူတွေကြားမှာ နိုင်ငံကို အမှန်တကယ် အုပ်ချုပ်နေတာ ဘယ်သူလဲဆိုတဲ့ အတွေးတွေ ပျံ့နှံ့နေတာပါ။ တကယ်တော့ မော့ဂျ်တာဘာဟာ လေကြောင်းတိုက်ခိုက်မှု တစ်ခုအတွင်းမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး ခြေထောက်တစ်ဖက် ဖြတ်လိုက်ရသလို ကိုမာဝင်ပြီး သတိလစ် မေ့မြောနေတယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်နေပါတယ်။ အစ္စရေးကလည်း တက်လာတဲ့ အဓိပတိအသစ် ဘယ်သူပဲဖြစ်ဖြစ် သုတ်သင်ပစ်မယ်လို့ ခြိမ်းခြောက်ထားတာပါ။
အီရန်အစိုးရကတော့ လုံခြုံရေးအခြေအနေကြောင့် လူလုံးမပြတာလို့ ပုံဖော်ထားပါတယ်။ ဒါပေမဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ကတော့ တိကျတဲ့ အထောက်အထား မပြနိုင်ပေမယ့် “မော့ဂျ်တာဘာဟာ ဖခင်ဖြစ်သူ သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုမှာကတည်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပြီး ဒုက္ခိတတောင် ဖြစ်ချင်ဖြစ်နေလောက်ပြီ” လို့ သုံးသပ်ထားပါတယ်။
တဟီရန် မြို့ခံတစ်ဦးကလည်း “ရုပ်မမြင်ရရင်တောင် အသံဖိုင်လောက်တော့ ထွက်လာမယ် မျှော်လင့်ခဲ့တာ။ အခုတော့ အသံဖိုင်တောင် ထုတ်မပြနိုင်တဲ့အခါ သူ့အခြေအနေကို နားလည်ယုံကြည်ဖို့ ခက်နေတယ်” လို့ ဆိုပါတယ်။ နောက်ထပ် အသက် ၂၀ အရွယ် လူငယ်တစ်ဦးကလည်း “လူတွေ အတွေးများနေတဲ့အချိန်မှာ ထွက်လာတဲ့ ဒီသတင်းစကားက သံသယတွေကို လျော့သွားစေဖို့ နေနေသာသာ ပိုပြီးတောင် တိုးလာစေတယ်” လို့ မှတ်ချက်ပေးပါတယ်။
လက်ရှိ စစ်ကာလအတွင်းမှာ အီရန်အစိုးရက အင်တာနက်တွေ ဖြတ်တောက်ထားလို့ ပြည်သူ အနည်းအကျဉ်းလောက်ပဲ ဂြိုဟ်တုအင်တာနက်ကတစ်ဆင့် ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ရနေကြတာပါ။ အဓိပတိသစ်ရဲ့ ကြေညာချက်မှာ ရန်သူကို တွန်းလှန်ဖို့ ပြည်သူတွေကို စည်းရုံးထားပေမယ့် တကယ့်လက်တွေ့ အီရန်ပြည်သူတွေကြားမှာတော့ အစိုးရဆန့်ကျင်ရေး သဘောထားတွေကသာ ပိုပို ကြီးမားလာနေပါတယ်။
ကိုးကား: BBC
ဓာတ်ပုံ – EPA