မတ် ၁၄
The Kaladan Post
အီရတ်နိုင်ငံထဲမှာ အမေရိကန် စစ်တပ်ရဲ့ ဝေဟင်ဆီဖြည့်လေယာဉ်တစ်စီး ပျက်ကျခဲ့လို့ လေယာဉ်ပေါ် ပါသွားတဲ့ လေတပ်သား ၆ ဦးစလုံး သေဆုံးသွားခဲ့ပြီလို့ အမေရိကန်က အတည်ပြုလိုက်ပါတယ်။
စစချင်းတုန်းကတော့ အမေရိကန် ဗဟိုစစ်ရေးကွပ်ကဲမှုဌာန (CENTCOM) က ၄ ဦး သေဆုံးတယ်လို့ ထုတ်ပြန်ခဲ့တာပါ။ ဒါပေမဲ့ မတ်လ ၁၃ ရက်နေ့ ညပိုင်းမှာတော့ “အသက်ရှင်ကျန်ရစ်သူ မရှိပါဘူး” ဆိုပြီး ပြင်ဆင် ထုတ်ပြန်ခဲ့ပါတယ်။
ဒီလေယာဉ်ဟာ အီရန်ဘက်မှာ လုပ်နေတဲ့ စစ်ဆင်ရေးတွေကို ပံ့ပိုးပေးနေတာဖြစ်ပြီး မဟာမိတ် အီရတ်လေပိုင်နက်ထဲမှာ ပျက်ကျခဲ့တာပါ။ CENTCOM ရဲ့ ထုတ်ပြန်ချက်မှာတော့ “ရန်သူက ပစ်ချတာ၊ ဒါမှမဟုတ် မဟာမိတ် အချင်းချင်း မှားပစ်မိတာမျိုး မဟုတ်ပါဘူး” လို့ ရှင်းလင်းထားပါတယ်။
ပျက်ကျသွားတဲ့ KC-135 လေယာဉ်ဟာ လေထဲမှာ တခြားလေယာဉ်တစ်စီးနဲ့ မတော်တဆဖြစ်ခဲ့တာဖြစ်ပြီး ဒုတိယလေယာဉ်ကတော့ ဘေးကင်းကင်း ဆင်းသက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ် အသေးစိတ်ကိုတော့ အမေရိကန်စစ်တပ်က ရှင်းရှင်းလင်းလင်း မပြောသေးပါဘူး။
တစ်ဖက်မှာ အီရန်ကတော့ “အီရတ်မှာရှိနေတဲ့ သူတို့ရဲ့ မဟာမိတ် လက်နက်ကိုင်တပ်ဖွဲ့တွေက အမေရိကန်လေယာဉ်ကို ပစ်ချခဲ့တာ” လို့ ကြေညာထားပါတယ်။ အမေရိကန်ကတော့ လေယာဉ်ပျက်ကျတဲ့နေရာဟာ မဟာမိတ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာလို့ တုံ့ပြန်ထားပါတယ်။
အိုဟိုင်ယိုပြည်နယ် အုပ်ချုပ်ရေးမှူး မိုက်ခ်ဒီဝိုင်းက “သေဆုံးသွားတဲ့ ၆ ဦးထဲက ၃ ဦးဟာ ကျွန်တော်တို့ ပြည်နယ် အမျိုးသားအစောင့်တပ်က ဝေဟင်ဆီဖြည့် လေယာဉ်အုပ် (၁၂၁) က အဖွဲ့သားတွေ ဖြစ်ပါတယ်။ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းရပါတယ်” လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ လောလောဆယ်တော့ နာမည်တွေကို ထုတ်မပြောသေးပါဘူး။
ဒီဖြစ်စဉ်ကြောင့် အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်သည်သေဆုံးမှုဟာ ၁၃ ဦးအထိ ရှိလာခဲ့ပါပြီ။ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ အဆိုအရ တပ်ဖွဲ့ဝင် ၁၄၀ လောက် ဒဏ်ရာရထားပြီး ၈ ဦးကတော့ အခြေအနေ စိုးရိမ်ရတယ်လို့ သိရပါတယ်။ နှစ်ပေါင်း ၆၀ ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ဒီ KC-135 လေယာဉ်တွေဟာ အရင်ကလည်း အသေအပျောက်များတဲ့ မတော်တဆမှုတွေ ဖြစ်ဖူးပါတယ်။
အခုဆိုရင် အီရန်စစ်ပွဲအတွင်း အမေရိကန်လေယာဉ် ဆုံးရှုံးမှု ၄ စီး ရှိသွားပါပြီ။ စစ်ပွဲစစချင်းတုန်းကလည်း မဟာမိတ် ကူဝိတ်လေတပ်က အမေရိကန်ရဲ့ F-15 တိုက်လေယာဉ် ၃ စီးကို ရန်သူထင်ပြီး မှားယွင်းပစ်ချခဲ့ပါသေးတယ်။ အဲဒီတုန်းကတော့ အမေရိကန် လေသူရဲ ၆ ဦးစလုံး လေထီးနဲ့ခုန်ထွက်လို့ အသက်လွတ်ခဲ့ကြပါတယ်။