ဇူလိုင် ၁၇၊ ၂၀၂၆

The Kaladan Post

မြန်မာနိုင်ငံကနေ ဘေးကင်းရာဆီ ထွက်ပြေးလာတဲ့ ဒုက္ခသည်ပေါင်း ၅၀၀ ကျော် တင်ဆောင်လာတဲ့ စက်လှေနှစ်စင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာ နစ်မြုပ်သွားခဲ့တာကြောင့် လူပေါင်း ၅၀၀ ကျော် သေဆုံးသွားနိုင်တယ်လို့ ကုလသမဂ္ဂ အေဂျင်စီတွေက ကြာသပတေးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ စက်လှေတွေပေါ်မှာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည် အများစု ပါဝင်တယ်လို့ သိရပါတယ်။

[အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM)] နဲ့ [ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)] တို့ရဲ့ ပူးတွဲထုတ်ပြန်ချက်အရ ဇွန်လကုန်ပိုင်းမှာ ရခိုင်ပြည်နယ်ကနေ ထွက်ခွာလာတဲ့ ပထမစက်လှေမှာ လူပေါင်း ၂၅၀ ခန့် ပါဝင်ပြီး ထွက်ခွာပြီး မကြာခင်မှာပဲ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။ ဒုတိယစက်လှေမှာတော့ လူပေါင်း ၂၈၀ ခန့် ပါဝင်ပြီး ဇူလိုင်လ ၈ ရက်နေ့မှာ ဧရာဝတီတိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ နစ်မြုပ်သွားခဲ့တာလို့ ကနဦး သတင်းအချက်အလက်တွေအရ သိရပါတယ်။ ထုတ်ပြန်ချက်မှာ “အခုဖြစ်စဉ်နဲ့ သေဆုံးသူ အရေအတွက်ကို တရားဝင် အတည်မပြုနိုင်သေးပေမဲ့ လူပေါင်းများစွာရဲ့ အသက်အန္တရာယ် ဆုံးရှုံးရနိုင်တဲ့အပေါ် UNHCR နဲ့ IOM တို့အနေနဲ့ အင်မတန် စိုးရိမ်ပူပန်မိပါတယ်” လို့ ဖော်ပြထားပါတယ်။

အဆိုပါ ဒုက္ခသည်တွေဟာ ပြည်တွင်းက အကြမ်းဖက်မှုတွေနဲ့ ဒုက္ခသည်စခန်းတွေက ဆိုးရွားတဲ့ အခြေအနေတွေကြောင့် မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတို့ဆီကို အသက်စွန့်ပြီး သွားရောက်ဖို့ ကြိုးပမ်းခဲ့ကြတာပါ။ ကုလသမဂ္ဂရဲ့ အဆိုအရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့ဟာ ကမ္ဘာမှာ ဒုက္ခသည်တွေအတွက် အန္တရာယ်အရှိဆုံး ရေလမ်းကြောင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတင် ရိုဟင်ဂျာ ဒုက္ခသည် ၉၀၀ နီးပါးလောက် အဆိုပါ ရေပြင်တွေမှာ သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးခဲ့ရပါတယ်။

အခုလို မိုးရာသီ ပင်လယ်လှိုင်းကြီးတဲ့ အချိန်မှာ ခိုင်ခံ့မှုမရှိတဲ့ သစ်သားစက်လှေတွေနဲ့ ထွက်ခွာတာဟာ အလွန်အန္တရာယ်ကြီးမားကြောင်းလည်း ကုလသမဂ္ဂက သတိပေးထားပါတယ်။ ယခုနှစ်အတွင်းမှာတင် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ ပျောက်ဆုံး ဒါမှမဟုတ် သေဆုံးသူ အရေအတွက်ဟာ ၃၀၀ နီးပါး ရှိနေပြီ ဖြစ်ပါတယ်။

သတင်းရင်းမြစ် – Reuters