စက်တင် ၅၊ ၂၀၂၆
The Kaladan Post
ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်းတွင် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၌ ပါဝင်သည်ဟု စွပ်စွဲကာ အီကွေဒေါ သင်္ဘော ၃ စီးကို အမေရိကန် တပ်ဖွဲ့များက နှစ်မြှုပ်ခဲ့မှုကို နှစ်နိုင်ငံ ပူးတွဲ မူးယစ်ဆေးဝါး နှိမ်နင်းရေး စစ်ဆင်ရေး၏ အစိတ်အပိုင်း ဖြစ်သည်ဟု အီကွေဒေါ အစိုးရက ခုခံကာကွယ် ပြောကြားလိုက်ပါတယ်။
အဆိုပါ သင်္ဘောများသည် မက္ကဆီကိုနှင့် အမေရိကန်နိုင်ငံတို့ဘက်သို့ မူးယစ်ဆေးဝါးများ ပို့ဆောင်သည့် အမြန်ရေယာဉ်များအတွက် စက်သုံးဆီ ဖြည့်တင်းပေးသည့် စခန်းများ ဖြစ်ကြောင်း အီကွေဒေါ ပြည်ထဲရေးဝန်ကြီး ဂျွန်ရိုင်မ်ဘာ့ဂ် (John Reimberg) က Teleamazonas ရုပ်သံသို့ ပြောကြားခဲ့ပါတယ်။ ဝန်ကြီး ရိုင်မ်ဘာ့ဂ် က “ဒါဟာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကနေတစ်ဆင့် လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းတစ်ရပ် ဖြစ်ပါတယ်” ဟု ပြောဆိုခဲ့ပါတယ်။
အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ် (SOUTHCOM) ကလည်း “Los Choneros” ရာဇဝတ်ဂိုဏ်း၏ တရားမဝင် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုကို ကူညီပေးနေသည့် ရေပေါ် စက်သုံးဆီဖြည့်စခန်း သင်္ဘောတစ်စီးကို တားဆီးနိုင်ခဲ့ကြောင်း အတည်ပြုထုတ်ပြန်ထားပါတယ်။ အဆိုပါ သင်္ဘောပေါ်မှ လူများကို အီကွေဒေါ အာဏာပိုင်များထံ လုံခြုံစွာ လွှဲပြောင်းပေးခဲ့ပြီးနောက် အမေရိကန် တပ်ဖွဲ့များက သင်္ဘောကို နှစ်မြှုပ်လိုက်ခြင်း ဖြစ်ပါတယ်။
သို့သော်လည်း ဖမ်းဆီးခံထားရသူ အဖွဲ့ဝင်များ၏ မိသားစုဝင်များက အမေရိကန် စစ်တပ်သည် အထောက်အထား မရှိဘဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ဖမ်းဆီးခံရသူများမှာ မှောင်ခိုသမားများ မဟုတ်ဘဲ ရေလုပ်သားများသာ ဖြစ်ကြောင်း ပြောဆိုကြပါတယ်။ အဆိုပါ နှစ်မြှုပ်ခံရသည့် သင်္ဘောများပေါ်မှ ရေလုပ်သား ၂၈ ဦးကို အီကွေဒေါ ရေတပ်က အဓိက ငါးဖမ်းဆိပ်ကမ်းဖြစ်သည့် မန်းတား (Manta) မြို့သို့ ခေါ်ဆောင်လာခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
အဆိုပါ ဖြစ်စဉ်သည် လက်တင်အမေရိက ရေပြင်တွင် တိုက်ခိုက်မှုများ ပြုလုပ်နေသည့် ထရမ့် အုပ်ချုပ်ရေးအဖွဲ့၏ မူးယစ်ဆေးဝါး နှိမ်နင်းရေး စစ်ဆင်ရေးများထဲမှ မကြာသေးမီက ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ အမေရိကန်၏ ဩဂုတ် ၂၃ ရက်က တိုက်ခိုက်မှုတွင် လူ ၂ ဦး သေဆုံးခဲ့ပြီး ဩဂုတ် ၂၅ ရက် တိုက်ခိုက်မှုတွင်လည်း လူ ၄ ဦး သေဆုံးခဲ့ကြောင်း SOUTHCOM က အတည်ပြုထားပါတယ်။
Source – Al Jazeera