စက်တင် ၅၊ ၂၀၂၆
The Kaladan Post
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံ၏ Pickaxe Mountain စစ်ရေးစခန်းကို “မကြာမီ” တိုက်ခိုက်သွားမည်ဟု ထပ်မံ ခြိမ်းခြောက်လိုက်ပြီး အီရန်ဘက်ကလည်း မည်သည့် ထိပ်တိုက်တွေ့ဆုံမှုမျိုးမဆို ရင်ဆိုင်ရန် အသင့်ရှိကြောင်း ပြန်လည် တုံ့ပြန်လိုက်ပါတယ်။
အီရန် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ ရေမှူးချုပ် ဗိုလ်ချုပ် အလီရီဇာ အယ်လ်ဟာမီ (Alireza Elhami) က “ခြိမ်းခြောက်မှုတွေ မပြီးဆုံးသေးတာကြောင့်” လက်ရှိ သို့မဟုတ် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် “မည်သည့် ထိပ်တိုက်တွေ့ဆုံမှုမျိုးမဆို ရင်ဆိုင်ဖို့ အသင့်ရှိနေပါတယ်” ဟု ပြောကြားခဲ့ပါတယ်။ သမ္မတ ထရမ့်သည် အဆိုပါ တောင်ကို တိုက်ခိုက်မည်ဟု ဇူလိုင်လလယ်ပိုင်းတွင် ပထမအကြိမ် သတိပေးခဲ့ပြီးနောက် ယခုအခါ ထပ်မံ ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်ပါတယ်။
ထို့အပြင် ဂါဇာဒေသမှ ပါလက်စတိုင်းသားများကို ဖယ်ရှားပစ်ခြင်းသည်သာ တစ်ခုတည်းသော “အဖြေ” ဖြစ်သည်ဟု အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကတ်ဇ် (Israel Katz) ၏ ပြောကြားချက်အပေါ် အမေရိကန်က တုံ့ပြန်ခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပါလက်စတိုင်းသားများကို နှင်ထုတ်မည့် “မည်သည့် အစီအစဉ်ကိုမျှ ထောက်ခံမည် မဟုတ်ကြောင်း” Al Jazeera သို့ ပြောကြားထားပါတယ်။
အခြားတစ်ဖက်တွင်လည်း အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့သည် အီရန်နိုင်ငံ၏ နျူကလီးယား မပြန့်ပွားရေး ကတိကဝတ်များကို လိုက်နာရန် ပျက်ကွက်မှုကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ လွှဲပြောင်းရန် ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကို ရေးဆွဲလိုက်ကြပါတယ်။ အဆိုပါ မူကြမ်းတွင် အပြည်ပြည်ဆိုင်ရာ နျူကလီးယား စွမ်းအင်အေဂျင်စီ (IAEA) ညွှန်ကြားရေးမှူးချုပ် ရာဖေးလ် ဂရော့စီ (Rafael Grossi) အနေဖြင့် လုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ သတင်းပို့ တင်ပြရန် တောင်းဆိုထားပါတယ်။
Source – Al Jazeera