စစ်တပ်၏ လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုများကို သတိပြုနေထိုင်ကြရန် ULA/AA တိုက်တွန်း

စက်တင် ၅
The Kaladan Post
အာရက္ခဒေသက မြို့ရွာတွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ လူထူထပ်ရာ နေရာတွေကို စစ်ကောင်စီတပ်က လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးတွေ အသုံးပြုပြီး နေ့စဉ်နီးပါး တိုက်ခိုက်နေတယ်လို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ဆိုပါတယ်။ စက်တင်ဘာ ၃ ရက်မှာ ဂွမြို့နယ်နဲ့ ကျိန္တလီမြို့အတွင်း ကမ်းခြေတစ်လျှောက်ကို စစ်ကောင်စီစစ်သင်္ဘောတွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ အသိပေးထားပါတယ်။
အဲဒီနေ့မှာပဲ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ရသေ့တောင်မြို့နယ်အစပ်က ကျေးရွာတွေကို ဂျက်တိုက်လေယာဉ် ၄ စီးနဲ့ မိနစ် ၃၀ ခန့် လှည့်ပတ်ဗုံးကြဲခဲ့သည့်အပြင် စက်တင်ဘာ ၄ ရက်မှာလည်း စစ်တွေမြို့အတွင်းက လက်နက်ကြီးအထိုင်စခန်းတွေ၊ သံချပ်ကာယာဉ်တွေနဲ့ ပင်လယ်ပြင်မှာ ရပ်နားထားတဲ့ စစ်သင်္ဘော တွေကနေ အနီးဝန်းကျင်မြို့နယ်တွေကို လက်နက်ကြီးတွေ ဆက်လက်ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။
ဒီလို လေကြောင်းနဲ့ ရေကြောင်းတိုက်ခိုက်မှုတွေ အချိန်မရွေး ဖြစ်လာနိုင်တာကြောင့် အာရက္ခဒေသခံ ပြည်သူတွေအနေနဲ့ လေကြောင်းအချက်ပြမှုတွေကို သတိထားစောင့်ကြည့်ပြီး လက်နက်ကြီးနဲ့ လေကြောင်းရန်ကို အထူးဂရုစိုက်ကြဖို့ ULA/AA က သတိပေးထားပါတယ်။ ULA/AA ဟာ ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်နဲ့ ချင်းပြည်နယ်မှ ပလက်ဝမြို့နယ်တို့ကို ထိန်းချုပ်ထားပြီး စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တွေကသာ သိမ်းပိုက်ရန် ကျန်ရှိနေတာဖြစ်ပါတယ်။
#thekaladanpost #အာရက္ခဒေသ #ULA #AA #ရခိုင်စစ်ရေး #လေကြောင်းတိုက်ခိုက်မှု

မန္တလေးကနေ ရွှေကူဘက် ထပ်မံဆန်တက်လာတဲ့ စစ်ရေယာဉ် ၃၁ စီး မတ္တရာအနီး ရောက်ရှိ

စက်တင် ၅
The Kaladan Post
မန္တလေးဂေါ်ဝန်ဆိပ်ကမ်းကနေ ရွှေကူမြို့ဘက်ကို ဆန်တက်လာတဲ့ စစ်ရေယာဉ်နဲ့ တွဲသင်္ဘော စုစုပေါင်း ၃၁ စီးအနက် ရှေ့ဆုံးရေယာဉ်ဟာ မတ္တရာမြို့နယ်အနောက်ခြမ်း စိန်ပန်းကုန်းရွာအနီး ရောက်ရှိနေပြီး ကျန်ရေယာဉ်တွေကလည်း မြစ်ကြောင်းအတိုင်း ဆက်လက်ဆန်တက်နေတယ်လို့ ဝက်လက်မြို့နယ် ပကဖ က အသိပေးလာပါတယ်။ အဆိုပါ စစ်သင်္ဘောဟာ ယနေ့ စက်တင်ဘာ ၅ ရက် မနက်ပိုင်းမှာ တိုက်ခိုက်ရေးသင်္ဘောတွေ အပါအဝင် ရေယာဉ် ၆ စီးဟာ မတ္တရာမြို့နယ် ရှင်လှအလယ်ရွာအနီးမှာ ရပ်တန့်ထားပြီး တွဲသင်္ဘော ၂၀ ကျော်ကလည်း သုံးဆယ်ပေးရွာအနီး ရောက်ရှိကြောင်း သိရပါတယ်။
ရေယာဉ်အုပ်စုဟာ ကချင်ပြည်နယ် ရွှေကူနဲ့ ဗန်းမော်ဘက်ကို စစ်အင်အားနဲ့ ရိက္ခာတွေ ပို့ဆောင်ဖို့ ဆန်တက်လာတာဖြစ်ပြီး မြစ်ကြောင်းတစ်လျှောက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနိုင်တာကြောင့် ဒေသခံတွေ ကို သတိထားနေထိုင်ဖို့ ဝက်လက်မြို့နယ် ပကဖ က သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း မန္တလေးကနေ ဆန်တက်လာတဲ့ စစ်ရေယာဉ်အုပ်စုဟာ ရွှေကူနဲ့ ဗန်းမော် ကြားမှာ တိုက်ခိုက်ခံခဲ့ရပြီး ရေယာဉ် (၈) စီးအထိ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။ စက်တင်ဘာ ၄ ရက်ကလည်း ဗန်းမော်အနီး စက်ပျက်ပြီး မျောနေတဲ့ ရေယာဉ်တစ်စီးကို ဆွဲယူဖို့ ဆင်းလာတဲ့ ရေယာဉ် ၃ စီးကို KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ၂ စီး မီးလောင်ပျက်စီးပြီး နောက်ထပ် ရေယာဉ်တစ်စီးကိုလည်း ညောင်ပင်သာအနီးမှာ ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA သတင်းရင်းမြစ်က ဆိုပါတယ်။
#thekaladanpost #မန္တလေး #မတ္တရာ #ရွှေကူ #KIA #စစ်သင်္ဘော

လယ်ဒိုစိုးမြို့နယ်နှင့် မြစ်ခြေမြို့နယ်အတွင်း စစ်တပ်ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံး၊ ၆ ဒဏ်ရာရ

စက်တင် ၅
The Kaladan Post
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင် လယ်ဒိုစိုးမြို့နယ်အတွင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက် မနက်ပိုင်းမှာ စစ်တပ်က ရာဖူးကျေးရွာဘက်ကို ၆၀ မမ လက်နက်ကြီး ၈ လုံး ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။ အဆိုပါ ပစ်ခတ်မှုကို ရာဖူးရွာအနီးမှာ တပ်စွဲထားတဲ့ ခမရ-၄၀၈၊ ခလရ-၂၈၂ နဲ့ အမတ-၃၀၈ ပူးပေါင်း တပ်ဖွဲ့တွေက ပြုလုပ်ခဲ့တာြဖစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၂ ရက် ညနေပိုင်းမှာလည်း ကစယ်ဒိုမြို့နယ် ရငဲကျေးရွာဘက်ကို ဝင်းဝတပ်စခန်း က ၈၁ မမ လက်နက်ကြီး ၃ လုံး ထပ်မံပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ပြည်သူတွေအပေါ် လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးတွေ အသုံးပြုတိုက်ခိုက်မှုတွေ ဆက်လက်ရှိနေ ပြီး ဒေသခံ ပြည်သူတွေအနေနဲ့ လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်ကို သတိထားကြဖို့ KNU က တိုက်တွန်း ထားပါတယ်။
အလားတူ မကွေးတိုင်း၊ မြစ်ခြေမြို့နယ်ကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး အရပ်သား ၃ ဦးသေဆုံးကာ ၅ ယောက်ထက်မနည်းမှာ ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရပါတယ်။ ယမန်နေ့ စက်တင်ဘာလ ၄ ရက်နေ့၊ နံနက် ၄ နာရီလောက်မှာ မြစ်ခြေမြို့ရှိ စစ်တပ်ရဲ့ အမှတ် (၁) တိရစ္ဆာန် မွေးမြူရေးနဲ့ လေ့ကျင့်ရေးတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက စီးနင်းဝင်ရောက်ကာ တိုက်ခိုက်ခဲ့ တာကြောင့် အထိနာခဲ့တဲ့ စစ်တပ်က အရပ်သားတွေ နေထိုင်တဲ့ကျေးရွာတွေကို လေကြောင်းကနေ ပြန်လည်တိုက်ခိုက်ခဲ့တာဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
#thekaladanpost #တနင်္သာရီတိုင်း #လယ်ဒိုစိုးမြို့နယ် #KNU #လက်နက်ကြီးပစ်ခတ်မှု

နတ်မောက်နဲ့ စစ်ကိုင်းမှာ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သားနဲ့ ရဲ ၆ ဦးသေဆုံး

စက်တင် ၅
The Kaladan Post
မကွေးတိုင်း နတ်မောက်မြို့နယ်အရှေ့ခြမ်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့ တယ်လို့ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးလာပါတယ်။ အဆိုပါ စစ်ကြောင်း ဟာ ထနောင်းကုန်းကျေးရွာဘက်ကနေ ထွက်လာပြီး သရက်ချောင်းနဲ့ ကံလှကျေးရွာကြား ရောက်ရှိချိန် မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး နတ်မောက် ပကဖနဲ့ အမှတ် ၉၀၃ ဂဠုန် PDF တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
အလားတူ စစ်ကိုင်းမြို့နယ် ကန်းရွာကျေးရွာအနီး စစ်ယာဉ်တန်းလုံခြုံရေးယူပေးရင်း ပြည်သူတွေဆီက ဆက်ကြေးကောက်ခံနေတဲ့ စစ်တပ်လက်အောက်ခံ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က ယမန်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ တိုက်ခိုက်မှုမှာ ရဲအများအပြားလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုထားပြီး ဖြစ်စဉ်ပြီးနောက် ကင်းပုန်းဝပ်နေ တဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ လက်နက်ငယ်တွေ အသုံးပြုပြီး ပတ်ဝန်းကျင်ကို ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း သေဆုံးသူ ရဲအလောင်းတွေ လာရောက်ကောက်ယူချိန်မှာလည်း အနီးဝန်းကျင် လမ်းတွေကို ယာယီပိတ်ဆို့ပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေက ဆိုပါတယ်။
#thekaladanpost #နတ်မောက် #စစ်ကိုင်း #PDF #မိုင်းဆွဲတိုက်ခိုက်မှု

ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၅ ဦးအနက် ၇ ဦးက KNLA ထဲ ဝင်ပြီး စစ်တပ်ကို ပြန်တိုက်မည်ဟု ဆို

စက်တင် ၅
The Kaladan Post
ကရင်ပြည်နယ်တွင် ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း ၂၅ ဦးနဲ့ စက်တင်ဘာ ၄ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး အဲဒီထဲက ၇ ဦးဟာ KNLA တပ်ဖွဲ့ထဲ ဝင်ရောက်တာဝန်ထမ်းဆောင်ပြီး စစ်တပ်ကို ပြန်လည်တိုက်ခိုက် လိုကြောင်း အဆိုပြုခဲ့တယ်လို့ KNLA စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီစစ်သုံ့ပန်းတွေ ထဲမှာ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခံရသူတွေ၊ ရှေ့တန်းမှာ ဖမ်းဆီးခံရသူတွေနဲ့ စစ်ကောင်စီတပ်ကနေ ထွက်ပြေးပြီး တော်လှန်ရေးဘက်ကို အလင်းဝင်လာသူတွေ ပါဝင်ကြောင်း သိရပါတယ်။
အဆိုပါ စစ်သုံ့ပန်းတွေဟာ အသက် ၁၇ နှစ်ကနေ ၄၆ နှစ်အထိဖြစ်ကြပြီး စစ်ကောင်စီတပ်ရဲ့ စကခ ၁၃ လက်အောက်ခံ ခလရ ၂၃၀၊ ၂၃၁ နဲ့ ၅၅၉ တပ်ရင်းတွေက တပ်သားတွေလည်း ပါဝင်တယ်လို့ KNLA က အသိပေးထားပါတယ်။ ၎င်းတွေ့စုံမှု စကားဝိုင်းအတွင်းက ပြောဆိုချက်တွေအရ လူငယ်တွေကို လုံလောက်တဲ့ စစ်သင်တန်းမပေးဘဲ ရှေ့တန်းပို့တာ၊ ခဲယမ်းနဲ့ ရိက္ခာသယ်ခိုင်းတာ၊ မိုင်းအန္တရာယ်ရှိတဲ့ နေရာတွေကို ဖြတ်သန်းခိုင်းတာတွေရှိကြောင်း သိရပါတယ်။
KNU/KNLA တပ်မဟာ ၆ တပ်ရင်း ၂၈ က ဒုတိယဗိုလ်မှူးကြီး စောဒါဘောကတော့ စစ်သုံ့ပန်းတွေရဲ့ ဖြစ်ရပ်မှန်တွေကို ကိုယ်တိုင်နားထောင်နိုင်ဖို့ စကားဝိုင်းတွေ ပြုလုပ်တာဖြစ်ပြီး ဝါဒဖြန့်သတင်းနဲ့ မြေပြင်အခြေအနေကို ခွဲခြားနိုင်ဖို့ ရည်ရွယ်ထားကြောင်း ရှင်းပြထားပါတယ်။
ဒါ့အပြင် ၂၀၂၅ ဇန်နဝါရီမှ ၂၀၂၆ ဩဂုတ် စတုတ္ထပတ်အထိ စစ်တပ်ဘက်က အလင်းဝင်၊ လက်နက်ချနဲ့ စစ်သုံ့ပန်း စုစုပေါင်း ၃,၈၂၁ ဦးရှိကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့ဘက်က ပြောဆိုပါတယ်။ လက်ရှိမှာ အတင်းအဓမ္မ စစ်သားစုဆောင်းခံနေရတဲ့ လူငယ်တွေအနေနဲ့ အန္တရာယ်ရှိတဲ့ ရှေ့တန်းကို ပို့ဆောင်ခံရ ပါက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အလင်းဝင်နိုင်ကြောင်း KNLA နဲ့ ဆက်စပ်အဖွဲ့တွေက တိုက်တွန်းထားပါတယ်။
#thekaladanpost #KNLA #KNU #စစ်သုံ့ပန်း #အဓမ္မစစ်မှုထမ်း #မြန်မာ့သတင်း