စက်တင် ၅၊ ၂၀၂၆

The Kaladan Post

တရားဝင် နေထိုင်ခွင့်မရှိသည့် ရွှေ့ပြောင်းနေထိုင်သူများကို ဥရောပသမဂ္ဂ (EU) ပြင်ပရှိ နိုင်ငံများသို့ ပြန်လည်ပို့ဆောင်နိုင်ရန်အတွက် ဥရောပ ၅ နိုင်ငံသည် ယခုနှစ်အတွင်း သဘောတူညီချက်များ ရရှိရေး ဆောင်ရွက်ရန် သဘောတူညီခဲ့ကြပါတယ်။

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့၌ ပြုလုပ်သည့် အစည်းအဝေးတွင် ဂျာမနီ၊ သြစတြီးယား၊ ဂရိ၊ ဒိန်းမတ်နှင့် နယ်သာလန်တို့ ပါဝင်သည့် “Group of Five” အဖွဲ့က ထိုသို့ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ ဂျာမနီ ပြည်ထဲရေးဝန်ကြီး အဲလက်ဇန်းဒါး ဒိုးဘရင်ဒ် (Alexander Dobrindt) က “ပြန်လည်ပို့ဆောင်ရေး စခန်းတွေ ထူထောင်နိုင်ဖို့အတွက် ယခုနှစ်အတွင်း အီးယူမဟုတ်တဲ့ တတိယနိုင်ငံတွေနဲ့ သဘောတူညီချက် ရရှိဖို့ ကျွန်တော်တို့ ဆောင်ရွက်လိုပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။

အဆိုပါ ရွှေ့ပြောင်းနေထိုင်သူများကို လက်ခံမည့် နိုင်ငံများ၏ အမည်များကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါ။ ဒိန်းမတ် လူဝင်မှုကြီးကြပ်ရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မော်တင် ဘော့စကော့ဗ် (Morten Bodskov) က “ဒါဟာ မိတ်ဖက်နိုင်ငံမှာ ဘဝသစ်တစ်ခု ရရှိနိုင်မယ့် အခွင့်အရေးသစ်တစ်ခု ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပြီး ဒိန်းမတ်နိုင်ငံအနေဖြင့် ၂၀၂၇ ခုနှစ် ကုန်တွင် ရွှေ့ပြောင်းနေထိုင်သူများကို ပို့ဆောင်နိုင်ရန် မျှော်လင့်ထားပါတယ်။

အဆိုပါ အစီအစဉ်နှင့် ပတ်သက်၍ လူ့အခွင့်အရေး အဖွဲ့အစည်းများက စိုးရိမ်မှုများ မြင့်တက်လျက် ရှိပါတယ်။ ဒိန်းမတ် ဒုက္ခသည်များကောင်စီ၏ အထွေထွေအတွင်းရေးမှူးချုပ် ရှားလော့ စလန်တေ (Charlotte Slente) က “ပြန်လည်ပို့ဆောင်ရေး စခန်းတွေဟာ ပြန်လည်ထွက်ခွာသူ အရေအတွက် အနည်းငယ်ကိုပဲ အာရုံစိုက်တာဖြစ်ပြီး ပိုမိုအန္တရာယ်များတဲ့ လမ်းကြောင်းတွေကို ရွေးချယ်တာကို တားဆီးနိုင်မှာ မဟုတ်သလို အခြေခံလူ့အခွင့်အရေးတွေကိုလည်း ချိုးဖောက်ရာ ရောက်နိုင်ပါတယ်” ဟု ဝေဖန်ပြောဆိုခဲ့ပါတယ်။

ဥရောပပါလီမန်သည် ဇွန်လအတွင်းက ရွှေ့ပြောင်းနေထိုင်သူများ ပြန်လည်ပို့ဆောင်ရေး မူဝါဒများကို ပြင်ဆင်အတည်ပြုခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပြည်ပတွင် စခန်းများ ထူထောင်ခွင့် ပြုခဲ့ပါတယ်။ အဆိုပါ ဥရောပ ၅ နိုင်ငံအဖွဲ့သည် လာမည့် စက်တင်ဘာလကုန်တွင် ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ ထပ်မံတွေ့ဆုံ အစည်းအဝေးပြုလုပ်ရန် စီစဉ်ထားပါတယ်။

Source – Reuters