ဒီပဲယင်းမှာ တိုက်ပွဲဖြစ်ပြီး စစ်တပ်တပ်ကြပ်အလောင်းနဲ့ သေနတ်တစ်လက် သိမ်းဆည်းရမိ
စက်တင် ၆
The Kaladan Post
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ စက်တင်ဘာ ၂ ရက်က ရိက္ခာရှာထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်ကြပ်အဆင့်ရှိသူ တစ်ဦး သေဆုံးခဲ့တယ်လို့ ပကဖ တောသားကြီး-ဒီပဲယင်းအဖွဲ့က ပြောဆိုထားပါတယ်။ တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ တပ်ကြပ်အလောင်းကို စစ်ကောင်စီတပ်ဘက်က ပြန်လည်လာရောက်မသယ်ယူ တာကြောင့် နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ အလောင်းနဲ့အတူ ကျည်ထိုးထားတဲ့ MA-1 သေနတ် တစ်လက်ကိုပါ သိမ်းဆည်းရမိုကြောင်း သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ဒီပဲယင်းမြို့နယ် ပကဖ တိုက်နယ် ၁ နဲ့ တိုက်နယ် ၂ တို့က ပူးပေါင်းဆောင်ရွက် ခဲ့ကြပြီး တိုက်ပွဲအပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပကဖအဖွဲ့လ တွေက ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါတယ်။ ထို့ပြင် ဒီပဲယင်းမြို့ပေါ်က အထက်တန်း ကျောင်း၊ ရဲစခန်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ စစ်ကောင်စီတပ်က အင်အား ၁၀၀ နီးပါး တပ်စွဲထားပြီး စစ်ကြောင်းတွေက ရိက္ခာရှာဖို့ ထွက်လာတာတွေ မကြာခဏရှိနေကြောင်း ဒေသခံတစ်ဦးက ပြောဆိုထားပါတယ်။
ဒီပဲယင်းမြို့ပေါ်ကို စစ်ကောင်စီတပ်က တပ်စွဲထားနိုင်ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေက မကြာခဏ ဝင်ရောက်တိုက်ခိုက်နေတဲ့အတွက် မြို့နယ်တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း သိရပါတယ်။
#thekaladanpost #ဒီပဲယင်း #စစ်ကိုင်းတိုင်း #ပကဖ #တော်လှန်ရေးသတင်း

NUG လက်အောက် တပ်ရင်း ၃ ရင်းမှ တပ်ဖွဲ့ဝင်များဖြင့် ယောလွတ်မြောက်ရေးတပ်တော် ဖွဲ့စည်း
စက်တင် ၆
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဂန့်ဂေါခရိုင်စစ်ဌာနလက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အမှတ် ၁၊ ၁၈ နဲ့ ၁၉ တပ်ရင်းတွေက တပ်ဖွဲ့ဝင်တွေဟာ ဩဂုတ် ၁ ရက်မှာ ယောဒေသအရေးကို အဓိကထားပြီး ယောလွတ်မြောက်ရေးတပ်တော် YLA ကို စတင်ဖွဲ့စည်းခဲ့ကြောင်း ယမန်နေ့က ကြေညာလာပါတယ်။ ယောလွတ်မြောက်ရေးတပ်တော် YLA အဖြစ် သီးခြားရပ်တည်တာဟာ NUG/MOD ရဲ့ ဦးဆောင်မှုကို အယုံအကြည်မရှိတာ ဒါမှမဟုတ် ဌာနဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ ပဋိပက္ခ ဖြစ်တာကြောင့် မဟုတ်ဘဲ ယောဒေသတွင်း တော်လှန်ရေးလုပ်ငန်းတွေကို ကိုယ်တိုင်ပိုမိုအာရုံစိုက်ပြီး စစ်ရေးအရ လွတ်လပ်စွာ လှုပ်ရှားနိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ပြောဆိုပါတယ်။
ဒါ့အပြင် အခြားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ပိုမိုကျယ်ပြန့်စွာ မဟာမိတ်ဖွဲ့နိုင်ရေးကိုလည်း ရည်ရွယ်ထားပြီး NUG/MOD လက်အောက်ခံတပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်တွေကို ဆက်လက်ပူးပေါင်း ကာ တိုက်ပွဲဝင်သွားမယ်လို့ ပြောဆိုပါတယ်။ YLA တပ်ဖွဲ့ရဲ့ အဓိကရည်မှန်းချက်က စစ်အာဏာရှင်စနစ် ကို အမြစ်ပြတ်တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေးဖြစ်ပြီး ယောဒေသဘ အတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ပိုမိုစည်းလုံးညီညွတ်လာရေးကိုလည်း အလေးထားဆောင်ရွက်မယ် လို့ ဆိုပါတယ်။
လက်ရှိမှာ YLA ဟာ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နယ်နဲ့ ယောဒေသ ကျောက်ထုနယ်တို့မှ ဒေသခံ တပ်တွေ၊ MOD လက်အောက်ခံတပ်ရင်းတွေအပြင် မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်နေဆဲဖြစ် ကြောင်း သိရပါတယ်။
#thekaladanpost #YLA #ယောလွတ်မြောက်ရေးတပ်တော် #NUG #ယောဒေသ

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ရခိုင်ဘာသာသင်ရိုးသစ် သင်ကြားမှုကို ခူမီးအဖွဲ့ ကန့်ကွက်
စက်တင် ၆
The Kaladan Post
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အခြေခံပညာသင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားနဲ့ သင်ကြားဖို့ ပြဋ္ဌာန်းလာတာဟာ ခူမီးချင်းနဲ့ အခြားချင်းတိုင်းရင်းသားတွေအပေါ် မထီမဲ့မြင်ပြုရာရောက်ပြီး လူမျိုးစု အချင်းချင်းကြား စိတ်ဝမ်းကွဲစေနိုင်တယ်လို့ Global Khumi Organization (GKO) က ယနေ့ စက်တင်ဘာ ၆ ရက်မှာ ထုတ်ပြန်ကန့်ကွက်လာပါတယ်။ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ပလက်ဝမြို့နယ်မှာ ဩဂုတ်လကစပြီး ၁၂ တန်း မြန်မာစာကို ရခိုင်ဘာသာသင်ရိုးသစ်နဲ့ အစားထိုးသင်ကြားနေတယ်လို့ GKO က ပြောဆိုထးပါတယ်။
အာရက္ခတပ်တော်အနေဖြင့် ဒေသခံတွေရဲ့ သဘောဆန္ဒမပါဘဲ အခုလို သင်ရိုးပြောင်းလဲသတ်မှတ်တာ ဟာ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်တဲ့ UNDRIP သဘောတရားတွေကို ချိုးဖောက်ရာရောက်တယ်လို့ GKO က ဝေဖန်ထားပါတယ်။ ပလက်ဝဒေသခံ ခူမီးချင်းတချို့ကလည်း ခူမီးလူမျိုးအများစု နေထိုင်တဲ့ ဒေသမှာ ခူမီးစာပေသင်ကြားမှုတွေ ရှိနေတဲ့အခြေအနေကနေ ပလက်ဝတစ်ခုလုံးကို ရခိုင်ဘာသာသင်ရိုးနဲ့ အစားထိုးလာတာကို လက်မခံကြောင်း ပြောဆိုပါတယ်။
ရခိုင်ဘာသာသင်ရိုးသစ်ထဲမှာ ရခိုင်စာပေ၊ သမိုင်း၊ ရိုးရာယဉ်ကျေးမှု၊ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုနဲ့ အခြားစာပေတွေကို ထည့်သွင်းသင်ကြားမယ့်ပုံစံဖြစ်ပြီး ပလက်ဝဒေသမှာ ဒီလိုသင်ကြားမှုလုပ်ဆောင် တာကို ဒေသခံတချို့က လူမျိုးရေးလွှမ်းမိုးမှုအဖြစ် ဝေဖန်ထားပါတယ်။
#thekaladanpost #ပလက်ဝ #ခူမီးချင်း #ရခိုင်ဘာသာသင်ရိုး #GKO #စာသင်ကျောင်းများ

စင်းခန်းဧရာဝတီမြစ်ကူးတံတားခြေရင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်
စက်တင် ၆
The Kaladan Post
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာအနီးရှိ KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ စင်းခန်းဧရာဝတီမြစ်ကူးတံတားခြေရင်းကို ယနေ့စက်တင်ဘာ ၆ ရက် မွန်းလွဲပိုင်းမှာ အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် တံတားရဲ့ သံမဏိသံဘောင်တချို့ ထိခိုက်ပျက်စီးသွားသလို တံတားကြမ်းခင်းမှာလည်း ပေါက်ပြဲမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
ထို့ပြင် တံတားအောက်ခြေ ပင်မတိုင်အနီးမှာ ဗုံးကျဲမှုကြောင့် မြေကျင်းကြီးတွေ ဖြစ်ပြီး တံတားပေါ် တက်ဖို့ ပြုလုပ်ထားတဲ့ ဘေးလှေကားတွေလည်း ကျိုးကျပျက်စီးသွားကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်က စင်းခန်းတံတားအနီးမှာ KIA ပူးပေါင်းတပ်က စစ်သုံ့ပန်း ၁၉၀ ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း စစ်တပ်က အဆိုပါနေရာကို လေကြောင်းကနေ တိုက်ခိုက်တာဖြစ်ပါတယ်။
စင်းခန်းဧရာဝတီမြစ်ကူးတံတားဟာ ဗန်းမော်နဲ့ ရွှေကူမြို့နယ်ကြား ဆက်သွယ်ထားသည့် အရေးပါတဲ့ မြစ်ကူးတံတားတစ်စင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်ကတည်းက KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။ လက်ရှိမှာ တံတားဟာ လုံးဝပြိုကျသွားတာမဟုတ်ပေမယ့် အစိတ်အပိုင်းတချို့ ထိခိုက်ပျက်စီးနေပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု ဆက်လက်ပြုလုပ် လာနိုင်တာကြောင့် အနီးဝန်းကျင် သတိထားနေထိုင်ကြဖို့ သတင်းရင်းမြစ်က တိုက်တွန်းထားပါတယ်။
#thekaladanpost #ဗန်းမော် #စင်းခန်းတံတား #KIA #လေကြောင်းတိုက်ခိုက်မှု

နတ်မောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်ပါ ယာဉ် ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရ
စက်တင် ၆
The Kaladan Post
မကွေးတိုင်း၊ နတ်မောက်မြို့နယ် ကမ်းပြိုကျေးရွာကနေ ကုလားရှင်ကျေးရွာဘက် ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်ပါ စစ်တပ်ကား ၂ စီးကို ယနေ့ စက်တင်ဘာ ၆ ရက် မနက် ၁၀ နာရီ ၂၉ မိနစ်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ဦးစီးတပ်က ထုတ်ပြန်ပါတယ်။ အဆိုပါ စစ်တပ်ကားဟာ မိုင်းကွင်း ၂ ကွင်း ပြင်ဆင်ထားရာမှာ ပထမယာဉ်က မိုင်းမကွဲခဲ့ပေမယ့် ဒုတိယယာဉ် ရောက်ရှိချိန်မှာ ဒုတိယမိုင်းကွင်းကနေ အောင်မြင်စွာ မိုင်းခွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ တပ်ဖွဲ့က အသိပေးထားပါတယ်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းတစ်လျှောက် သေနတ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်ပြီး နတ်မောက်မြို့ဘက်ကို ပြန်လည်ဆုတ်ခွာသွားကြောင်း သိရပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအရေအတွက်ကို အတည်မပြုနိုင်သေးပေမယ့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ ရဲဘော်အားလုံး ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်နဲ့ မြို့သစ်မြို့နယ် ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး တိုက်ခိုက်ပြီးနောက် ကုလားရှင်နဲ့ ကမ်းပြိုရွာဘက်မှာ စစ်ကောင်စီတပ်တွေက ကင်းပုန်းချတာနဲ့ ရှာဖွေစစ်ဆေးတာတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဒေသခံတစ်ဦးက ပြောဆိုပါတယ်။
#thekaladanpost #နတ်မောက် #မကွေးတိုင်း #မိုင်းဆွဲတိုက်ခိုက်မှု #ပကဖ
