ဩဂုတ် ၈၊ ၂၀၂၆

The Kaladan Post

အမေရိကန်ပြည်ထောင်စုတွင် အလုပ်လုပ်ကိုင်ရန် ဗီဇာလျှောက်ထားသည့် ပြည်ပသတင်းထောက်များ၏ လူမှုကွန်ရက် အကောင့်များကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက စိစစ်စစ်ဆေးသွားမည် ဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရပါတယ်။

လက်ယာယိမ်း သတင်းဌာနတစ်ခုဖြစ်သည့် The Daily Signal ၏ ဖော်ပြချက်အရ သမ္မတ ဒေါ်နယ်ထရမ့် အစိုးရသည် ဗီဇာလျှောက်ထားသူများ၏ လူမှုကွန်ရက် အကောင့်များကို စိစစ်သည့် အစီအစဉ်အား ပြည်ပသတင်းထောက်များနှင့် ကနေဒါ၊ မက္ကဆီကိုနိုင်ငံတို့မှ လုပ်သားများအထိ တိုးချဲ့ဆောင်ရွက်ရန် ပြင်ဆင်နေခြင်း ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက “နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ အမေရိကန်နိုင်ငံကို ဝင်ရောက်ဖို့ ကြိုးပမ်းသူ နိုင်ငံခြားသားတိုင်း အမေရိကန်ဥပဒေတွေကို လေးစားလိုက်နာဖို့နဲ့ အမေရိကန်ရဲ့ လုံခြုံရေး၊ ပြည်သူ့ဘေးကင်းရေး သို့မဟုတ် အမျိုးသား အကျိုးစီးပွားတွေကို ခြိမ်းခြောက်မှု မရှိစေရေးအတွက် တတ်နိုင်သမျှ အပြည့်အဝ စိစစ်နေပါတယ်” ဟု ပြောကြားခဲ့ပါတယ်။ ၎င်းက ဆက်လက်ပြီး အမျိုးသားလုံခြုံရေးကို ကာကွယ်ရန်နှင့် လိမ်လည်မှုများကို တားဆီးရန် ယခုကဲ့သို့ စိစစ်နေခြင်းဖြစ်သည်ဟု ဆိုပါတယ်။

ပြီးခဲ့သည့်လကလည်း အိမ်တွင်းလုံခြုံရေးဝန်ကြီးဌာနသည် အမေရိကန်တွင် အလုပ်လုပ်နေသည့် ပြည်ပသတင်းထောက်များနှင့် ကျောင်းသားများ၏ နေထိုင်ခွင့် သက်တမ်းဆိုင်ရာ စည်းမျဉ်းများကို တင်းကြပ်ခဲ့ပါတယ်။ ထရမ့်အစိုးရသည် ၎င်း၏ ဒုတိယ သမ္မတသက်တမ်း စတင်သည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစ၍ လူမှုကွန်ရက်ပေါ်ရှိ ပြောဆိုချက်များကို ဗီဇာထုတ်ပေးရေးတွင် ထည့်သွင်းစဉ်းစားနေသဖြင့် လွတ်လပ်စွာ ပြောဆိုခွင့်ဆိုင်ရာ စိုးရိမ်မှုများ ထွက်ပေါ်လျက် ရှိပါတယ်။

Source – Reuters