ဇွန် ၂၇၊ ၂၀၂၆

The Kaladan Post

 

အစ္စရေးနဲ့ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာ (Hezbollah) အဖွဲ့တို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်နိုင်ဖို့ အမေရိကန်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ရက်အတော်ကြာ ဆွေးနွေးပြီးနောက် သောကြာနေ့ (ဇွန်လ ၂၆ ရက်) က ဝါရှင်တန်ဒီစီမှာ အစ္စရေးနဲ့ လက်ဘနွန်တို့ဟာ ကနဦး ငြိမ်းချမ်းရေးသဘောတူညီချက် (Framework Agreement) တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ ဒီလက်မှတ်ရေးထိုးပွဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) အပါအဝင် လက်ဘနွန်သံအမတ် နာဒါ မိုအာဝက်ဒ် (Nada Moawad) နဲ့ အစ္စရေးသံအမတ် ရီချီယယ် လီတာ (Yechiel Leiter) တို့ တက်ရောက်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီသဘောတူညီချက်နဲ့ပတ်သက်ပြီး ဝန်ကြီး ရူဘီယို က “ဒီနေ့မှာ သံသယဖြစ်စရာမလိုတဲ့ ခက်ခဲတဲ့ခရီးလမ်းတစ်ခုရဲ့ ပထမဆုံးခြေလှမ်းကို ကျွန်တော်တို့ စတင်လှမ်းလိုက်ပါပြီ။ ဒါဟာ အရေးကြီးသလို မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်အနေနဲ့ ဒီသဘောတူညီချက် အကောင်အထည်ဖော်မှုကို “လက်ဘနွန်အတွက် သုံးပွင့်ဆိုင် စစ်ရေးညှိနှိုင်းမှုအဖွဲ့” ကတစ်ဆင့် ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ကုလသမဂ္ဂနဲ့ ပူးပေါင်းကာ လူသားချင်းစာနာထောက်ထားမှု အကူအညီ ဒေါ်လာ သန်း ၁၀၀ ကို ချက်ချင်းထောက်ပံ့သွားမယ်လို့ ရူဘီယို က ဆက်လက်ပြောကြားပါတယ်။ လက်ဘနွန်စစ်တပ် စွမ်းရည်မြှင့်တင်ရေးအတွက်လည်း ဒေါ်လာ သန်း ၃၀ ကျော် ထောက်ပံ့ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) ကတော့ “အကယ်၍ ဟစ်ဇ်ဘိုလာတွေ လက်နက်မချဘူးဆိုရင် အစ္စရေးတပ်ဖွဲ့တွေအနေနဲ့ လက်ဘနွန်တောင်ပိုင်းကို ဆက်လက် သိမ်းပိုက်ထားခွင့်ရှိပါတယ်။ ဒါပေမဲ့ လက်ဘနွန်စစ်တပ်က နယ်မြေထိန်းချုပ်မှုတွေ စတင်နိုင်ဖို့အတွက် အစ္စရေးတပ်တွေ ဆုတ်ခွာပေးမယ့် စမ်းသပ်ဇုန် (Pilot Zones) နှစ်ခုကို သတ်မှတ်ပေးသွားမှာပါ။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အစ္စရေးသံအမတ် လီတာ ကလည်း “ဟစ်ဇ်ဘိုလာတွေကို ဖျက်သိမ်းပြီး လက်နက်ဖြုတ်သိမ်းဖို့ လက်ဘနွန်စစ်တပ်က ဘယ်လောက်အထိ လုပ်ဆောင်နိုင်မလဲဆိုတာအပေါ် မူတည်ပြီး နောက်ထပ် စမ်းသပ်ဇုန်တွေ ထပ်တိုးပေးသွားပါမယ်။” လို့ သတင်းထောက်တွေကို ပြောပါတယ်။ လက်ဘနွန်သံအမတ် မိုအာဝက်ဒ် ကတော့ ဒါဟာ လက်ဘနွန်ရဲ့ အချုပ်အခြာအာဏာကို ပြန်လည်ရယူဖို့ လမ်းစတစ်ခုလို့ ရှုမြင်ကြောင်း မှတ်ချက်ပြုပါတယ်။

အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာ စစ်ပွဲဟာ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး အစ္စရေးရဲ့ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်မှာ လူ ၄,၀၀၀ ကျော် သေဆုံးခဲ့ကာ လူတစ်သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ရိုက်တာသတင်းဌာနရဲ့ မေလ ၄ ရက်နေ့ ဖော်ပြချက်အရ ဟစ်ဇ်ဘိုလာဘက်က တိုက်ခိုက်ရေးသမား ထောင်ပေါင်းများစွာ သေဆုံးခဲ့တယ်လို့ သိရပြီး၊ အစ္စရေးဘက်ကတော့ စစ်သား ၃၂ ဦးနဲ့ အရပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ အတည်ပြုထားပါတယ်။

ဒီသဘောတူညီချက်နဲ့ပတ်သက်ပြီး ဟစ်ဇ်ဘိုလာ လွှတ်တော်အမတ် ဟာဆန် ဖက်ဒလာ (Hassan Fadlallah) ကတော့ “လက်ဘနွန်အစိုးရအနေနဲ့ အမေရိကန်ရဲ့ ထောက်ခံမှုနဲ့ ပြည်တွင်းစစ် ဆင်နွှဲတာမျိုးမလုပ်ရင် ဒီသဘောတူညီချက်ကို အသက်ဝင်အောင် လုပ်နိုင်မှာမဟုတ်ပါဘူး။ ဟစ်ဇ်ဘိုလာအနေနဲ့ လက်ဘနွန်အစိုးရရဲ့ လုပ်ဆောင်ချက်တိုင်းကို ဆန့်ကျင်သွားမှာဖြစ်ပြီး လက်နက်တွေကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်ထားမှာပါ။” လို့ Al Mayadeen ရုပ်သံလိုင်းကို ဖြေကြားထားပါတယ်။

လက်ရှိမှာလည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိထားပေမယ့် တိုက်ခိုက်မှုတွေက ဆက်ရှိနေဆဲပါ။ သောကြာနေ့ကပဲ အစ္စရေးတပ်ဖွဲ့တွေဟာ လက်ဘနွန်တောင်ပိုင်းက Mansouri မြို့ခံတွေကို ထွက်ခွာကြဖို့ လက်ကမ်းစာစောင်တွေ ကြဲချခဲ့ပြီးနောက် ဟစ်ဇ်ဘိုလာအဖွဲ့ဝင် ၇ ဦးကို သုတ်သင်နိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ထားပါတယ်။

သတင်း Source: Reuters