ဇွန် ၂၇၊ ၂၀၂၆
The Kaladan Post
အမေရိကန်စီးပွားရေးရဲ့ ကြံ့ခိုင်မှုဟာ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေကောက်ခံရရှိမှု (Fiscal revenue collection) ကို ခိုင်မာစေတာကြောင့် နိုင်ငံတကာ အကြွေးအဆင့်သတ်မှတ်ရေး အေဂျင်စီဖြစ်တဲ့ S&P Global က အမေရိကန်နိုင်ငံရဲ့ အကြွေးဆပ်နိုင်စွမ်းအဆင့် (Credit Rating) ကို ယခင်အတိုင်း “AA+” အဖြစ် သောကြာနေ့ (ဇွန်လ ၂၆ ရက်) တွင် ဆက်လက်အတည်ပြု သတ်မှတ်ပေးလိုက်ပါတယ်။
S&P Global ရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်စီးပွားရေးဟာ ၂၀၂၆ ခုနှစ်ကနေ ၂၀၂၉ ခုနှစ်အတွင်း နှစ်စဉ် ပျမ်းမျှ ၂ ရာခိုင်နှုန်းခန့် တိုးတက်လာမယ်လို့ မျှော်မှန်းထားပါတယ်။ နိုင်ငံရေးအရ အယူအဆကွဲလွဲမှုတွေ ကြီးထွားနေပေမယ့်၊ ခိုင်မာအားကောင်းတဲ့ နိုင်ငံတော်အဖွဲ့အစည်းတွေနဲ့ အပြန်အလှန်ထိန်းကျောင်းမှုစနစ် (Checks and balances) တွေကြောင့် မူဝါဒပိုင်းဆိုင်ရာ ရလဒ်တွေအပေါ် ဆက်လက်ထိန်းသိမ်းထားနိုင်မယ်လို့ ဆိုပါတယ်။ အထူးသဖြင့် “အခွန်ဝင်ငွေ ခိုင်မာမှုအပါအဝင် ဘဏ္ဍာငွေကောက်ခံရရှိမှု အားကောင်းနေခြင်းက ဘဏ္ဍာရေးလိုငွေပြမှု အန္တရာယ်ကို လျှော့ချပေးနိုင်လိမ့်မယ်။” လို့ S&P က မှတ်ချက်ပြုထားပါတယ်။
အမေရိကန်စီးပွားရေးဟာ ယခုနှစ် ပထမသုံးလပတ်အတွင်းမှာ ခန့်မှန်းထားတာထက် ပိုမိုမြန်ဆန်စွာ တိုးတက်ခဲ့ပြီး ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) ဟာ ၁.၆ ရာခိုင်နှုန်းသာ တိုးတက်မယ်လို့ ဘောဂဗေဒပညာရှင်တွေက ခန့်မှန်းခဲ့ပေမယ့် အမှန်တကယ်မှာ ၂.၁ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ်။ ပြည်ပမှ တင်သွင်းမှု လျော့ကျသွားတာကြောင့် စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုခဲ့ပေမယ့်၊ စီးပွားရေးရဲ့ သုံးပုံနှစ်ပုံကျော်ကို ကိုယ်စားပြုတဲ့ ပြည်သူတွေရဲ့ သုံးစွဲမှု (Consumer spending) သိသိသာသာ ကျဆင်းသွားတာကတော့ တိုးတက်မှုကို အနည်းငယ် ထိခိုက်စေခဲ့ပါတယ်။
S&P ဟာ ၂၀၁၁ ခုနှစ်တုန်းက အမေရိကန်ရဲ့ အမြင့်ဆုံး အကြွေးအဆင့်သတ်မှတ်ချက် (AAA) ကို ပထမဆုံးအကြိမ်အဖြစ် လျှော့ချခဲ့ဖူးတဲ့ အေဂျင်စီတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ အမေရိကန်ရဲ့ အကြွေးအဆင့် အလားအလာကို “တည်ငြိမ် (Stable)” အဖြစ် သတ်မှတ်ထားပြီး၊ ပြည်တွင်းနဲ့ နိုင်ငံတကာ မူဝါဒ အပြောင်းအလဲတွေ ရှိနေပေမယ့် အမေရိကန်စီးပွားရေးရဲ့ ခိုင်မာမှုကို ယုံကြည်လျက်ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဉာဏ်ရည်တု (AI) ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု အားကောင်းနေတာကလည်း အမေရိကန်ရဲ့ အလုံးစုံ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အဓိက မဏ္ဍိုင်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေမယ်လို့ မျှော်လင့်ရပါတယ်။ သို့သော်လည်း AI ကြောင့် ရေရှည်မှာ ကုန်ထုတ်လုပ်ငန်းစွမ်းအား ဘယ်လောက်အထိ တိုးတက်လာမလဲ ဆိုတာကတော့ လက်ရှိအချိန်မှာ အတိအကျ မသိရသေးဘူးလို့လည်း S&P က ထည့်သွင်းပြောကြားထားပါတယ်။
သတင်း Source: Reuters