မတ် ၁၉
The Kaladan Post
အီရန်အစိုးရ ယန္တရားဟာ ပုံမှန်လည်ပတ်နေသေးပေမယ့် အတော်လေးကို အားနည်းချိနဲ့သွားပြီလို့ အမေရိကန် ထိပ်တန်း ထောက်လှမ်းရေး အရာရှိတစ်ဦးက လွှတ်တော်မှာ ထုတ်ဖော်ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ လွှတ်တော်ကြားနာပွဲမှာ အမျိုးသားထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး တူလ်ဆီ ဂက်ဘတ်ဒ် (Tulsi Gabbard) က အီရန်စစ်ဆင်ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ တခြား ထိပ်တန်းအရာရှိတွေနဲ့အတူ ပါဝင်ထွက်ဆိုခဲ့တာပါ။ ဒါဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က စတင်ခဲ့တဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် ပူးပေါင်းတိုက်ခိုက်မှု စစ်ပွဲနဲ့ပတ်သက်ပြီး လွှတ်တော်ကို ပထမဆုံးအကြိမ် ထောက်လှမ်းရေး အချက်အလက်တွေ အစီရင်ခံ တင်ပြတာလည်း ဖြစ်ပါတယ်။
ဒီကြားနာပွဲမှာ ဂက်ဘတ်ဒ်က “အီရန်အစိုးရ ယန္တရားကတော့ ရှိမြဲအတိုင်း လည်ပတ်နေဆဲပါ။ ဒါပေမဲ့ နိုင်ငံရေးနဲ့ စစ်ရေး ခေါင်းဆောင် အများအပြား လုပ်ကြံရှင်းလင်းခံလိုက်ရတဲ့အတွက် သူတို့ရဲ့ စွမ်းဆောင်ရည်နဲ့ အရင်းအမြစ်ပိုင်းတွေမှာတော့ အများကြီး ဆုတ်ယုတ်အားနည်းသွားပါပြီ” လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ဒီစစ်ပွဲ စတင်ခဲ့တဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး အထက်လွှတ်တော်အမတ် ဂျွန်အော့ဆော့ဖ် (Jon Ossoff) က “အီရန်ဟာ အမေရိကန်အတွက် ချက်ချင်းလက်ငင်း အန္တရာယ်ပေးနိုင်တဲ့ အခြေအနေမျိုး တကယ်ရှိခဲ့လို့လား” ဆိုပြီး အကြိမ်ကြိမ် မေးခွန်းထုတ်ခဲ့ရာမှာတော့ ဂက်ဘတ်ဒ်က တိုက်ရိုက် ပြန်မဖြေခဲ့ပါဘူး။
သမ္မတထရမ့်ကတော့ အီရန်ဆီကနေ အချိန်မရွေး တိုက်ခိုက်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေ ရှိနေလို့ လွှတ်တော်ရဲ့ ခွင့်ပြုချက်မယူဘဲ ကြိုတင်လက်ဦးမှုယူပြီး စစ်ဆင်ရေးတွေ လုပ်ခဲ့ရတာလို့ အကြောင်းပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဂက်ဘတ်ဒ်က “နိုင်ငံအတွက် အရေးတကြီး၊ ချက်ချင်းလက်ငင်း ခြိမ်းခြောက်ခံနေရသလား၊ မခံရဘူးလား ဆိုတာကို ဆုံးဖြတ်နိုင်တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဟာ သမ္မတပါပဲ” လို့ ကာကွယ်ပြောဆိုသွားပါတယ်။
အခုလို အီရန်စစ်ပွဲ စတင်ကတည်းက အမေရိကန် ပါတီကြီး နှစ်ရပ်လုံးက လွှတ်တော်အမတ်တွေဟာ ဘယ်လို ခိုင်လုံတဲ့ အခြေခံအကြောင်းတရားတွေကြောင့် အီရန်ကို စစ်တိုက်ခဲ့တာလဲ ဆိုတာကို အပြင်းအထန် မေးခွန်းထုတ်နေကြတာပါ။ ဒါ့အပြင် စစ်ပွဲရဲ့ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ အီရန်က ဟောမုဇ် ရေလက်ကြားကြီးကို ပိတ်ချပစ်မယ့် ဖြစ်နိုင်ခြေတွေအပေါ်မှာရော ထရမ့်အစိုးရအနေနဲ့ ကြိုတင်တွက်ဆထားတာ ရှိ၊ မရှိ ဆိုတာကိုလည်း ဖိအားပေး မေးမြန်းနေကြပါတယ်။ သမ္မတထရမ့်ကတော့ အီရန်ထုတ်လုပ်နေတဲ့ နျူကလီးယားလက်နက်တွေက အမေရိကန်နဲ့ မဟာမိတ် အစ္စရေးကို ခြိမ်းခြောက်လာလို့ အခုလို တိုက်ခိုက်ရတာပါလို့ အခိုင်အမာ ဆိုထားပါတယ်။
ဒါပေမဲ့ မတ်လ ၁၇ ရက်နေ့မှာပဲ အမေရိကန် အမျိုးသား အကြမ်းဖက်မှု တိုက်ဖျက်ရေးစင်တာ (NCTC) ရဲ့ အကြီးအကဲဖြစ်သူ ဂျိုးကန့် (Joe Kent) ဟာ အီရန်ကို စစ်တိုက်မယ့် အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့အနေနဲ့ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ သူက “အီရန်ဟာ အမေရိကန်ကို ချက်ချင်းလက်ငင်း အရေးတကြီး ခြိမ်းခြောက်လာတဲ့ အခြေအနေ လုံးဝ မရှိခဲ့ပါဘူး” လို့ သူ့ရဲ့ နုတ်ထွက်စာထဲမှာ ထည့်သွင်းရေးသားထားပြီး ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။
ကိုးကား: BBC
ဓာတ်ပုံ: Getty