မတ် ၁၉
The Kaladan Post
အရှေ့အလယ်ပိုင်းမှာ စစ်မီးတွေ တဟုန်းဟုန်းတောက်လောင်နေချိန်မှာပဲ ကာတာနိုင်ငံမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး လောင်စာဓာတ်ငွေ့ သိုလှောင်ဇုန်ကြီးကို အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်လိုက်တဲ့အတွက် အကြီးအကျယ် ထိခိုက်ပျက်စီးမှုတွေ ဖြစ်သွားခဲ့ပါတယ်။
မတ်လ ၁၉ ရက်နေ့က နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ‘ရက်စ်လာဖန်’ (Ras Laffan) ဓာတ်ငွေ့သိုလှောင်ဇုန်ကို အီရန်ဒရုန်းတွေ ဝင်ရောက်ထိမှန်ခဲ့လို့ အကြီးအကျယ် မီးလောင်ကျွမ်းခဲ့ရပြီး မီးငြှိမ်းသတ်ဖို့ အပူတပြင်း လုပ်ဆောင်ခဲ့ရတယ်လို့ ကာတာအစိုးရပိုင် QatarEnergy စွမ်းအင်လုပ်ငန်းစုကြီးက ကြေညာထားပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် လောင်ကျွမ်းနေတဲ့ မီးတောက်ကြီးတွေကို “ကီလိုမီတာ ၃၀ လောက် အကွာကနေတောင် လှမ်းမြင်နေရတယ်” လို့ ဒေသခံတွေက ပြောပါတယ်။ ကာတာရဲ့ လေကြောင်းကာကွယ်ရေးစနစ်က အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည် ၂ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ပေမယ့် ကျန်တဲ့ဒုံးကျည်တွေကတော့ သိုလှောင်ရုံတွေကို ဝင်ရောက်ထိမှန်သွားခဲ့တာပါ။
အခုလို တိုက်ခိုက်ရတာကလည်း အမေရိကန်နဲ့ အစ္စရေးတို့ဘက်က စစ်ရေးအရှိန်မြှင့် တိုက်ခိုက်လာတာကို တုံ့ပြန်တဲ့အနေနဲ့ ပင်လယ်ကွေ့ဒေသတွင်းက အမေရိကန် မဟာမိတ်နိုင်ငံတွေရဲ့ စွမ်းအင်အဆောက်အအုံတွေကို ပစ်မှတ်ထားမယ်လို့ အီရန်က ကြုံးဝါးထားခဲ့လို့ပါပဲ။ အမေရိကန်က အီရန်ရဲ့ ရေနံနဲ့ ဓာတ်ငွေ့သိုလှောင်ရုံတွေကို ဗုံးကြဲအပြီး သိပ်မကြာခင်မှာပဲ ကာတာဘက်က အခုလို အလှည့်ကျ တိုက်ခိုက်ခံလိုက်ရတာ ဖြစ်ပါတယ်။ အခုဆိုရင် အီရန်ဟာ ပင်လယ်ကွေ့အခြေစိုက် အမေရိကန်စစ်စခန်းတွေကိုသာမက အိမ်ရှင်နိုင်ငံတွေရဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကိုပါ ဒရုန်း၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်နေတာကြောင့် စစ်မီးဟာ အရှေ့အလယ်ပိုင်းဒေသ တစ်ခုလုံးကို ကူးစက်လာနေပါပြီ။
ဆော်ဒီအာရေးဘီးယားက အာရပ်နဲ့ အစ္စလာမ်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကို စုစည်းပြီး အီရန်ကို ဘယ်လိုတားဆီးကြမလဲဆိုတာ ဆွေးနွေးနေချိန်မှာပဲ ဒီတိုက်ခိုက်မှုကြီး ပေါ်ပေါက်လာတာပါ။ ဒီလုပ်ရပ်အပေါ် ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်တာလို့ စွပ်စွဲခဲ့ပါတယ်။ ဒါ့အပြင် ကာတာမှာရှိနေတဲ့ အီရန်စစ်သံမှူးတွေနဲ့ လုံခြုံရေး သံအရာရှိတွေအားလုံးကို ၂၄ နာရီအတွင်း နိုင်ငံထဲကနေ ထွက်ခွာဖို့လည်း နှင်ထုတ်လိုက်ပါတယ်။
အီရန်သမ္မတ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်းကတော့ နိုင်ငံရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေ ဆက်ပြီး တိုက်ခိုက်ခံနေရမယ်ဆိုရင် “အကျိုးဆက်တွေက ဒေသတွင်းမှာရှိတဲ့ တခြားနိုင်ငံ အားလုံးကိုပါ ပျံ့နှံ့သက်ရောက်လာလိမ့်မယ်” လို့ ခြိမ်းခြောက် သတိပေးထားပါတယ်။
ကိုးကား: AFP
ဓာတ်ပုံ: AP, Getty