ဇွန် ၁၀၊ ၂၀၂၆
The Kaladan Post
မြန်မာစစ်ကောင်စီထံ စီးဆင်းနေတဲ့ ငွေကြေးလမ်းကြောင်းတွေကို ပိတ်ဆို့ဖို့၊ နိုင်ငံတကာ အထည်အမှတ်တံဆိပ်တွေ မြန်မာနိုင်ငံကနေ ထွက်ခွာကြဖို့နဲ့ ဥရောပသမဂ္ဂ (EU) ရဲ့ ကုန်သွယ်မှု အထူးအခွင့်အရေးတွေကို ရပ်ဆိုင်းဖို့ ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (IndustriALL) က ပြင်းပြင်းထန်ထန် တောင်းဆိုလိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ၁၁၄ ကြိမ်မြောက် နိုင်ငံတကာ အလုပ်သမားရေးရာညီလာခံ (ILC) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအစည်းအဝေးမှာ IndustriALL က အခုလို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ အဓိကအားဖြင့် မြန်မာနိုင်ငံအတွင်း အလုပ်သမားတွေရဲ့ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နဲ့ အဓမ္မလုပ်အားပေး စေခိုင်းမှု တားမြစ်ချက်တွေကို စစ်ကောင်စီက ချိုးဖောက်နေတာကြောင့်လို့ ဆိုပါတယ်။
IndustriALL ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် အက်တဲလ် ဟွိုင်ယဲ က မြန်မာနိုင်ငံက အထည်ချုပ်အလုပ်သမား ၄၅၀,၀၀၀ ခန့်ရဲ့ အခြေအနေကို တင်ပြရာမှာ “အလုပ်သမားတွေဟာ တစ်လကို ဒေါ်လာ ၁၀၀ အောက်ပဲ ရနေကြပြီး ဒါဟာ နေထိုင်စရိတ်ရဲ့ ထက်ဝက်ပဲ ရှိပါတယ်” လို့ ထောက်ပြခဲ့ပါတယ်။ ဒါ့အပြင် အလုပ်သမားတွေဟာ စစ်ဆေးရေးဂိတ်တွေမှာ ဖုန်းစစ်ဆေးခံရတာ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရတာတွေအပြင် စက်ရုံတွေက သူတို့ရဲ့ အချက်အလက်တွေကို စစ်တပ်ထံ ပေးပို့နေတာကြောင့် အဓမ္မစစ်မှုထမ်းရမယ့် ဘေးနဲ့ပါ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
လက်ရှိမှာ မြန်မာ့အထည်ချုပ် တင်ပို့မှုရဲ့ ၅၄ ရာခိုင်နှုန်းဟာ EU ဈေးကွက်ကို သွားနေတာဖြစ်ပြီး စစ်ကောင်စီက အဲဒီကရတဲ့ နိုင်ငံခြားငွေတွေကို အဓမ္မလဲလှယ်ခိုင်းကာ သူတို့အတွက် အဓိက ဝင်ငွေလမ်းကြောင်းအဖြစ် သုံးနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် EU အနေနဲ့ GSP နဲ့ EBA လို ကုန်သွယ်ရေး အထူးအခွင့်အရေးတွေကို ချက်ချင်းရပ်ဆိုင်းပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။
EU ဘက်က ရန်ပုံငွေစိုက်ပေးထားတဲ့ “MADE in Myanmar” ဆိုတဲ့ စီမံကိန်းဟာလည်း အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကို ဖုံးကွယ်ဖို့ လုပ်ထားတဲ့ အတုအယောင်စီမံကိန်း ဖြစ်တယ်လို့လည်း ဝေဖန်ထားပါတယ်။ “အမှတ်တံဆိပ်တွေအနေနဲ့လည်း မြန်မာနိုင်ငံကနေ တာဝန်ယူမှုရှိရှိ ထွက်ခွာသွားကြဖို့ တောင်းဆိုပါတယ်” လို့ အက်တဲလ် ဟွိုင်ယဲ က ပြောကြားခဲ့ပါတယ်။
ဒီအစည်းအဝေးမှာ စစ်ကောင်စီဘက်က တက်ရောက်ခွင့် မရခဲ့ပေမဲ့ ရုရှားနဲ့ တချို့အစိုးရတွေကတော့ မြန်မာအပေါ် ILO အပိုဒ် ၃၃ အရ အရေးယူမယ့်အစီအစဉ်ကို ကန့်ကွက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။
Source: IndustriALL / နိုင်ငံတကာသတင်းရင်းမြစ်များ