ဇွန် ၁၀၊ ၂၀၂၆
The Kaladan Post
 
အမေရိကန်ပြည်ထောင်စုရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်စပ်လုံခြုံရေးလုပ်ငန်းတွေအတွက် ဒေါ်လာ ၇၀ ဘီလီယံ သုံးစွဲမယ့် ဥပဒေကြမ်းကို အောက်လွှတ်တော်ကနေ ဇွန်လ ၉ ရက်နေ့မှာ အတည်ပြုလိုက်ပြီလို့ သိရပါတယ်။ ဒါဟာ လွှတ်တော်အတွင်း ကာလရှည်ကြာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအရ အခြေအတင်ဖြစ်မှုတွေကို အဆုံးသတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။
 
ဒီမဲခွဲမှုမှာ ထောက်ခံမဲ ၂၁၄ မဲ၊ ကန့်ကွက်မဲ ၂၁၂ မဲနဲ့ အတည်ပြုခဲ့တာပါ။ ရီပတ်ဘလစ်ကန်တွေ လွှမ်းမိုးထားတဲ့ အောက်လွှတ်တော်ကနေ ခုလို အတည်ပြုလိုက်တာကြောင့် ဒီဥပဒေကြမ်းဟာ သမ္မတ ဒေါ်နယ်ထရန့် လက်မှတ်ရေးထိုးဖို့အတွက် အိမ်ဖြူတော်ဆီကို ရောက်ရှိသွားပြီလို့ ဆိုပါတယ်။
 
ရီပတ်ဘလစ်ကန်တွေဟာ ဒီဥပဒေကြမ်းကို အတည်ပြုနိုင်ဖို့အတွက် “Reconciliation” လို့ခေါ်တဲ့ အမြန်လမ်းကြောင်း လုပ်ငန်းစဉ်ကို အသုံးပြုပြီး ဒီမိုကရက်တွေရဲ့ ကန့်ကွက်မှုကို ကျော်လွှဲခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်တုန်းကလည်း အထက်လွှတ်တော်မှာ အချိန်အတော်ကြာ မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် ဒီဥပဒေကြမ်းကိုပဲ အတည်ပြုပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
 
တစ်ဖက်မှာတော့ ဒီမိုကရက်တွေက ဒီဘတ်ဂျက်ကို အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။ အထူးသဖြင့် နယ်စပ်လုံခြုံရေးအရာရှိတွေရဲ့ ပစ်ခတ်မှုကြောင့် လူသေဆုံးမှုတွေ ရှိနေတဲ့အပေါ် ပြုပြင်ပြောင်းလဲမှုတွေ မလုပ်နိုင်တာကြောင့် ခုလို ကန့်ကွက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရီပတ်ဘလစ်ကန်ပါတီကနေ နုတ်ထွက်ပြီး တစ်သီးပုဂ္ဂလဖြစ်လာတဲ့ အမတ် ကီဗင်ကိုင်လေ (Kevin Kiley) ကလည်း ဒီမိုကရက်တွေနဲ့ ပူးပေါင်းပြီး ကန့်ကွက်မဲ ပေးခဲ့တယ်လို့ သိရပါတယ်။
 
အခုအတည်ပြုလိုက်တဲ့ ဒေါ်လာ ၇၀ ဘီလီယံ ဘတ်ဂျက်ဟာ သမ္မတ ထရန့်ရဲ့ ကျန်ရှိနေတဲ့ သက်တမ်းတစ်လျှောက် လူဝင်မှုကြီးကြပ်ရေး (ICE) နဲ့ နယ်စပ်ကင်းလှည့်တပ်ဖွဲ့ (Border Patrol) တွေရဲ့ လုပ်ငန်းစဉ်တွေအတွက် အဓိက အသုံးပြုသွားမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။
 
Source: Reuters (Nolan D. McCaskill)