မတ်လပထမနှစ်ပတ်အတွင်း ရန်ကုန်လမ်းပေါ် လူငယ်ဖမ်းဆီး ၄၅ ဦးကျော်ရှိခဲ့ဟု RSN ပြောဆို

မတ်လ
The Kaladan Post
ရန်ကုန်မြို့တွင် စစ်ကောင်စီ တပ်ဖွဲ့များက လမ်းများပေါ်တွင် လူများကို ဆွဲယူဖမ်းဆီးမှုများ မတ်လ အတွင်း သိသာစွာ ပြန်လည်များပြားလာကြောင်း ရန်ကုန်မြေပြင်သတင်းများကို စောင့်ကြည့်ဖော်ပြနေ သည့် Rangoon Scout Network (RSN) က ထုတ်ပြန်ထားသည်။ RSN ပြန်ကြားရေးတာဝန်ခံက မတ်လ ပထမနှစ်ပတ်အတွင်း လမ်းပေါ်လူဆွဲဖမ်းဆီးမှုများ ခပ်စိပ်စိပ်ဖြစ်ပွားလာပြီး လူ ၄၅ ဦးခန့်အထိ ဖမ်းဆီးခံရသည်ဟု သိရှိရပြီး လက်ရှိတွင် ပြန်လည်များပြားလာနေကြောင်း ပြောဆိုထားသည်။ ဖမ်းဆီးပုံစံများတွင် အလုပ်အကိုင်နှင့် ဆွဲဆောင်ခေါ်ဆောင်သွားခြင်း၊ အရက်မူးနေသူများကို ရောင်းစားခြင်း စသည့် နည်းလမ်းများ ပါဝင်နေကြောင်း သိရသည်။ မတ်လ ၁၆ ရက်တွင် တာမွေ နှင့် ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်များတွင် နေအိမ်ရွှေ့ပြောင်းရန် အလုပ်သမားခေါ်ယူဟု ဆိုကာ အမျိုးသား နှစ်ဦး ခေါ်ဆောင်ခံရပြီး လက်ရှိအချိန်ထိ အဆက်အသွယ်ပြတ်တောက်နေကြောင်း RSN က ထုတ်ပြန်ထားသည်။ ပြည်သူများအနေဖြင့် လူပြတ်နေရာများတွင် တစ်ယောက်တည်း သို့မဟုတ် နှစ်ယောက်သုံးယောက်သာ သွားလာခြင်း၊ ညဘက် လမ်းလျှောက်ခြင်း၊ လမ်းဘေးထိုင်နေခြင်း နှင့် စစ်မှုထမ်းခေါ်ယူမှုများကို ရပ်ကွက်အတွင်း နားစွင့်ထားပြီး ကြိုတင်ပြင်ဆင်ထားရန် RSN က သတိပေးထားသည်။ စစ်တပ်အနေဖြင့် ရှေ့တန်းတိုက်ပွဲများ ပြင်းထန်နေသဖြင့် စစ်သားသစ်များ ဆက်တိုက်လိုအပ်နေခြင်းက ဖမ်းဆီးမှုများ ပိုမိုပြင်းထန်လာရခြင်း ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

 

ရေစကြိုမြို့မှ ထွက်လာသော စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား ၈ ဦး သေဆုံး

မတ်လ
The Kaladan Post
မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှ မြိုင်မြို့နယ်ဘက်သို့ ထွက်လာသော စစ်တပ် စစ်ကြောင်း (အင်အား ၁၅၀ ခန့်) ကို မတ်လ ၁၄ ရက်နေ့တွင် မြောက်ပိုင်းကျားငါးကောင်တပ်ဖွဲ့ – NFTA နှင့် မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်း ကြားဖြတ်ဆုံးမပေးခဲ့ကြောင်း NFTA အဖွဲ့ က ထုတ်ပြန်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ စစ်သား ၈ ဦး နေရာတင် သေဆုံးခဲ့ပြီး စစ်ဗိုလ် (၃ ပွင့်ဗိုလ်) ၁ ဦး အပါအဝင် ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့ကြောင်း NFTA အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုထား သည်။ တိုက်ပွဲအပြီး တော်လှန်ရေးတပ်ဖွဲ့များမှာ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ သို့သော် ထိုစစ်ကြောင်းသည် မတ်လ ၁၄ ရက်တွင် ရေစကြိုမြို့နယ်အတွင်း PDF စခန်း ၂ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ PDF ရဲဘော် ၃ ဦး ကျဆုံးကာ ၃ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု သတင်းရင်းမြစ်က ပြောဆို သည်။ ဤတိုက်ပွဲသည် မကွေးတိုင်းအတွင်း စစ်ကောင်စီ စစ်ကြောင်းများကို တော်လှန်ရေး တပ်ဖွဲ့များက ဆက်တိုက် ခုခံကြားဖြတ်တိုက်ခိုက်နေသည့် အခြေအနေတစ်ရပ်ကို ထင်ဟပ်နေသည်။

 

စစ်တပ်၏ လက်အောက်ခံ လွှတ်တော်တွင် အောင်လင်းဒွေး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာ

မတ်လ
The Kaladan Post
ယနေ့ (မတ်လ ၁၈ ရက်) နေပြည်တော်တွင် ကျင်းပသော အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးတွင် စစ်ကောင်စီ အဖွဲ့ဝင်ဟောင်း၊ မင်းအောင်လှိုင်၏ လူယုံဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေး ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရကြောင်းသိရသည်။ ဒုဥက္ကဋ္ဌအဖြစ်မှာ ကချင်ပြည်နယ် ကိုယ်စားလှယ် Jeng Phang နော်တောင် ရွေးချယ်ခံရသည်။ ပြိုင်ဘက်မရှိဘဲ အမည်စာရင်းတင်သွင်း မှုဖြင့် ရာထူးနှစ်ခုစလုံး ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အောင်လင်းဒွေးသည် ၂၀၂၁ အာဏာသိမ်းမှုတွင် အဓိက ပါဝင်ခဲ့သူ၊ စစ်ကောင်စီ ဖွဲ့စည်းရေးနှင့် ပြည်သူမလိုလားသော ဥပဒေပြင်ဆင်မှုများတွင် လက်မှတ်ရေးထိုးခဲ့သူ ဖြစ်သည်။ ယမန်နေ့ (မတ်လ ၁၆ ရက်) ပြည်သူ့လွှတ်တော်တွင်လည်း USDP ဥက္ကဋ္ဌ ခင်ရီ ဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်း ဒုဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံခဲ့ရပြီး ဖြစ်သည်။ ဤလွှတ်တော်များသည် စစ်တပ်က စီမံပြုလုပ်ခဲ့သော ရွေးကောက်ပွဲအပြီး ဖွဲ့စည်းလာခြင်း ဖြစ်သည်။

 

ဘောလခဲမြို့နယ်တွင် KNDF က စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခံရပြီး လက်နက် ၅ လက် သိမ်းဆည်း

မတ်လ
The Kaladan Post
ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်အတွင်း မတ်လ ၁၆ ရက်နေ့က ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲ လမ်းမကြီးအတိုင်း ထိုးလာသော စစ်ကောင်စီတပ်ဖွဲ့၏ ယာဉ်တန်းရှေ့ပြေးစစ်ကြောင်းကို ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း-၁၆ က နန်းဖဲကျေးရွာအနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း ၅ လက်နှင့် အခြားပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသခံစစ်ရေး သတင်းရင်း မြစ်များက ပြောဆိုသည်။ ဤလမ်းပိုင်းတစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် တော်လှန်ရေး တပ်များအကြား ထိတွေ့တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားနေပြီး KNDF က မတ်လ ၁၄ ရက်က ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီသည် တပ်မတော်တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း (တကက-၁၄) မှ မာခရော့ရှည်၊ ထားလဲ ကြားအထိ ထိန်းချုပ်ကာ ဆက်သွယ်ရေးလမ်းမကြီးကို ပြန်ဖွင့်ရန် ကြိုးပမ်းနေကြောင်း သိရသည်။ ယခင်က မတ်လ ၅ ရက်တွင်လည်း ဖရူဆို-ထားလဲ လမ်းပိုင်းတွင် အလားတူ ကြားဖြတ်တိုက်ခိုက်မှုဖြင့် စစ်သား ၃ ဦး ထိခိုက်သေဆုံးခဲ့သည်။ ဖားဆောင်းမြို့ ပြန်လည်ထိန်းချုပ်ပြီးနောက် စစ်ကောင်စီသည် ခဲတွင်းများရှိ မော်ချီးဒေသကို စစ်ကြောင်းထိုးရန် ကြိုးစားနေပြီး ခဲမဖြူရွာအနီး အထိုင်ချတပ်စွဲ၊ လေကြောင်းကင်းထောက်မှုနှင့် ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်နီးပါး ရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

လယ်ဒိုမြို့နယ်တွင် စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ၄ ဦး သေဆုံး

မတ်လ
The Kaladan Post
ကရင်နီပြည်နယ်အတွင်း ကေအဲန်ယူ တပ်မဟာ (၃) ခလယ်လွီထူခရိုင် (ညောင်လေးပင်ခရိုင်) လယ်ဒို (ကျောက်ကြီး) မြို့နယ်၊ သဲဖြူရွာသစ်ကျေးရွာအတွင်း မတ်လ ၁၃ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ ခမရ (၃၀၇) မှ ၁၂၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ ရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ကေအဲန်ယူ ဗဟိုက ယမန်နေ့ မတ်လ ၁၇ ရက်နေ့က သတင်းထုတ်ပြန်သည်။ အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄၃ နှစ်အရွယ် ဦးဝင်းဇော်၊ အသက် ၄၁ နှစ်အရွယ် ဒေါ်မာလာဝင်း၊ အသက် ၁၂ နှစ်အရွယ် မောင်မြင့်မြတ်သူ နှင့် အသက် ၁၀ နှစ်အရွယ် မနိုင်နိုင်မောင် တို့ ၄ ဦး အသက်ဆုံးရှုံးခဲ့ရသည်။ ထို့ပြင် အသက် ၃ လသားအရွယ် ကလေးငယ် မောင်ထက်လင်းအောင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ထိခိုက်သေဆုံး ခဲ့ရသည့် အပြစ်မဲ့ အရပ်သားပြည်သူများ၏ မြေပြင်မှတ်တမ်း ဓာတ်ပုံများကိုပါ သက်သေအထောက် အထားအဖြစ် ပူးတွဲ ဖော်ပြထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်သားနေထိုင်ရာ ကျေးရွာများအတွင်းသို့ ပစ်မှတ်ထား၍ လက်နက်ကြီး မကြာခဏ ပစ်ခတ်လေ့ရှိပြီး ယခုကဲ့သို့ အပြစ်မဲ့ ပြည်သူများ ထိခိုက်သေဆုံးရသည့် ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပေါ်လျက်ရှိကြောင်း ကေအဲန်ယူက မှတ်ချက်ပြုထားသည်။

 

မတ္တရာမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား စစ်တပ်သား ၂ ဦး ပွဲချင်းပြီး သေဆုံး ၇ ဦး ဒဏ်ရာရ

မတ်လ
The Kaladan Post
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် စိန်ပန်းကုန်ရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မတ်လ ၁၇ ရက်နေ့တွင် မြစ်အနောက်ဖက်ကျွန်းပေါ်သို့ တိုးဝင်လာစဉ် မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖက မတ်လ ၁၇ ရက် ညပိုင်းတွင် ထုတ်ပြန် သည်။ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိ သည့် စစ်သား ၇ ဦးကို မန္တလေးဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။ ထို့ပြင် မိုးကုတ်မြို့ အနောက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ ပြင်းထန် နေဆဲ ဖြစ်သည်။ ပြီးခဲ့သည့် မတ်လ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ဘော်ဗဒါန်းရွာမှ ကျောက်ဆင်ရွာ ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီဘက်တွင် သေဆုံးမှုများပြားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။

 

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးစားသွားမည်ဟု NLD ပြောဆို

မတ်လ
The Kaladan Post
၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အရ ရွေးချယ်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်၏ နဝမ အကြိမ်မြောက် အစည်းအဝေးကို မတ်လ ၁၆ ရက်နေ့က ကျင်းပခဲ့ပြီး ထိုအစည်းအဝေးသို့ NLD ပေးပို့သော သဝဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ထည့်သွင်းတောင်းဆိုရန် တိုက်တွန်းသည်။ မြန်မာ့နိုင်ငံရေးပြဿနာ များကို ဖြေရှင်းရာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ ရေရှည်ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း၊ အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း NLD က အခိုင်အမာ ဆိုထားသည်။ NLD ၏ သဝဏ်လွှာတွင် ပြည်သူ့အာဏာကို ကိုင်စွဲကာ စစ်အုပ်စု မပြုတ်မချင်း တိုက်ပွဲဝင်ရန်၊ NUG အပါအဝင် တော်လှန်ရေး အင်အားစုများ အကောင်းဆုံး ပေါင်းစည်းညီညွတ်ရန် ဆန္ဒပြုထားသည်။ ထို့ပြင် နွေဦးတော်လှန်ရေး ကာလအတွင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများကို ကိုးကြိမ်တိုင် ဆက်တိုက်ကျင်းပနိုင် ခဲ့ခြင်းအပေါ် ဂုဏ်ယူကြောင်း၊ နေရာဒေသအသီးသီးမှ တာဝန်ထမ်းဆောင်နေသော ကိုယ်စားလှယ် များကိုလည်း အသိအမှတ်ပြုကြောင်း ပါတီက ပြောဆိုသည်။ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး ထောင်ဒဏ် ၂၇ နှစ် ချမှတ်ကာ လျှို့ဝှက်နေရာတွင် ထိန်းသိမ်းထားပြီး နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများက အကြိမ်ကြိမ် ပြန်လွှတ်ပေးရန် တောင်းဆိုနေသော်လည်း စစ်ကောင်စီက လျစ်လျူရှုထားဆဲ ဖြစ်သည်။

မင်းကင်းမြို့နယ်တွင် ပျူစောထီးများနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားရာ ၁ ဦး ဖမ်းမိ

မတ်လ
The Kaladan Post
ယနေ့ မတ်လ ၁၈ ရက် နံနက် ၈:၃၀ ခန့်တွင် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မင်းရွာမှ ထွက်လာသော ပျူစောထီးများနှင့် ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) ပုံမှန်ကင်းလှည့်နေသော အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားခဲ့ရာ မင်းရွာမှ ပျူစောထီး ဦးသန်းထွန်းကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း Student’s Revolutionary Force က အသိပေးထားသည်။ ထိတွေ့မှုအတွင်း နင်းမိုင်း ၁ လုံးလည်း ရှင်းလင်းသိမ်းဆည်းရရှိခဲ့သည်။ ထို့နောက် နံနက် ၁၀:၃၀ ခန့် တွင် SRF ရဲဘော်များ မိုင်းထောင်ကာ နယ်မြေရှင်းလင်းနေစဉ် အင်ကြင်းတောင်ရွာမှ ထွက်လာသော ပျူစောထီး အင်အား ၃၀ ခန့်နှင့် ထပ်မံ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ရဲဘော်များ ထောင်ထားသော မိုင်းနင်းမိကာ ရန်သူဘက်မှ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ပြန်လည်ဆုတ်ခွာသွား ကြောင်း သိရသည်။ ရန်သူဘက်မှ စစ်မျက်နှာအရပ်ရပ်တွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေပြီ ဖြစ်သည့်အတွက် ဒေသခံပြည်သူများ အနေဖြင့် သတိထားကာ ဂရုတစိုက် နေထိုင်ကြရန် SRF က အလေးအနက်ထား တိုက်တွန်းထားသည်။