ပေါက်မြို့နယ်တွင် ရိက္ခာယာဉ်တန်း ကင်းယူစစ်သားများ တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံး

မတ် ၁၇
The Kaladan Post
မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၂၄ သို့ ရိက္ခာပို့ ဆောင်ရန် ထွက်လာသော ယာဉ်တန်း၏ လုံခြုံရေးကင်းယူနေသည့် စစ်သားသုံးဦးကို တော်လှန်ရေး တပ်ဖွဲ့များက မတ်လ ၁၆ ရက် နေ့လည်ပိုင်းတွင် ယာကြီးပြင် ပျူစောထီးစခန်းနှင့် အုန်းတောကျေးရွာ ကြားရှိ တံတားတစ်ခုတွင် ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း စစ်တပ်ဘက် မှ နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်တစ်ဦး ထွက်ပြေးလွတ်မြောက်သွားကာ သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း ပေါက်မြို့နယ် ပကဖ BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ရဲဘော်နှာပီစုတ်က ပြောဆိုသည်။ ယင်းယာဉ်တန်းသည် ပခုက္ကူမြို့မှ ကားအစီးရေ ၁၃၀ ခန့်နှင့် အင်အား ၅၀၀ ဝန်းကျင်ဖြင့် ထွက်ခွာလာပြီး ဆိပ်ဖြူ ကပစ-၂၂ သို့ ရောက်ရှိပြီးနောက် ပျူစော ထီးကျေးရွာများမှတစ်ဆင့် ကပစ-၂၄ သို့ ဆက်လက်ခရီးဆက်နေကြောင်း သိရသည်။ မတ်လ ၁၆ ရက်တွင် ရှေ့ပြေးရိက္ခာယာဉ် ၂၀ ခန့်သည် ယာကြီးပြင်ပျူစောထီးစခန်းသို့ ရောက်ရှိပြီး ကျန်ယာဉ် တန်းများလည်း အနီးတစ်ဝိုက်တွင် ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ၎င်းယာဥ်တန်းကို ပခုက္ကူခရိုင်စစ်ဌာန အမှတ်(၁၁) တပ်ရင်းမှ ရဲဘော်များနှင့် မဟာမိတ် တော်လှန်ရေး ညီနောင်တပ်ရင်း တပ်ဖွဲ့များက ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် လက်လုပ်ရော့ကက် ၉ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူခရိုင်စစ်ဌာန အမှတ်(၁၁) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက The Kaladan Post သို့ ပြောဆို သည်။ ယင်းတိုက်ခိုက်မှုတွင် စစ်တပ်ဘက်တွင် ထိခိုက်မှုများ ရှိခဲ့ကြောင်း ကနဦး သိရှိရပြီး အသေးစိတ် ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောဆိုသည်။ စစ်ကောင်စီ ယာဉ်တန်း ဖြတ်သန်းချိန်အတွင်း လမ်းတလျှောက် ကျေးရွာများကို ဗုံးကျဲတိုက်ခိုက်မှုများ ရှိခဲ့သဖြင့် ပေါက်မြို့နယ်တောင်ပိုင်း ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံ ပြည်သူ ၇၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဖားကန့်မြို့တွင် မင်းအောင်လှိုင်၏ တရားမဝင် လွှတ်တော်နှင့် ဖွဲ့စည်းမည့် အစိုးရကို ပြတ်သားစွာ ကန့်ကွက်

မတ် ၁၇
The Kaladan Post
ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ပြည်သူများသည် ယနေ့ မတ်လ ၁၇ ရက်နေ့တွင် စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်၏ တရားမဝင် လွှတ်တော်နှင့် ဖွဲ့စည်းမည့် အစိုးရကို ပြတ်သားစွာ ဆန့်ကျင်ကန့်ကွက် ကြောင်း ပြသသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ ဆန္ဒပြပွဲတွင် ပြည်သူများက “ပြည်သူသာ အဓိက၊ မည်သည့် အာဏာရှင်စနစ်မှ အလိုမရှိ”၊ “အပြစ်မဲ့ ပြည်သူကို ဗုံးကျဲ သတ်ဖြတ်နေတဲ့ အကြမ်းဖက် စစ်တပ်အလိုမရှိ”၊ “စစ်အာဏာရှင် အမြစ်ဖြတ်ဖို့ ပြည်သူအားလုံး ပါဝင်စို့”၊ “မြစ်ဆုံ စီမံကိန်း အလိုမရှိ”၊ “တရားမဝင် မင်းအောင်လှိုင် အစိုးရကို ပြည်သူအားလုံး ဆန့်ကျင်ကြ”၊ “ပြည်သူအားလုံး သွေးမအေးပဲ စစ်အာဏာရှင်ကို ဆန့်ကျင်ကြ” စသည့် ကြွေးကြော် သံများနှင့် စာသားများ ကိုင်ဆောင်ကာ လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။ဤလှုပ်ရှားမှုသည် စစ်တပ်၏ အုပ်ချုပ်ရေးကို ငြင်းပယ်ကာ ဒီမိုကရေစီ၊ ဖက်ဒရယ်စနစ်နှင့် ပြည်သူ့အခွင့်အရေးများ ကို ခုခံကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

စက်သုံးဆီအခက်အခဲကြောင့် ဆန်အိမ်အရောက်ပို့စနစ် ယာယီရပ်နားမည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ကြေညာ

မတ် ၁၇
The Kaladan Post
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က စက်သုံးဆီအခြေအနေ အခက်အခဲများကြောင့် ရန်ကုန်မြို့နေပြည် သူများအတွက် အိမ်အရောက်ပို့စနစ်ဖြင့် ဆန်ရောင်းချမှုကို ယနေ့ မတ်လ ၁၇ ရက်မှ စတင်ကာ ယာယီရပ်ဆိုင်းမည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ထုတ်ပြန်သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ကမ္ဘာ့စက်သုံးဆီအခြေအနေ တင်းကျပ်မှုကြောင့် Home Delivery စနစ်ကို အချိန်မီပို့ဆောင်ရန် အခက်အခဲ ရှိနေကြောင်း ဖော်ပြထားသည်။ ဤစနစ်ကို ပြီးခဲ့သည့် ၂၀၂၅ နိုဝင်ဘာလက စတင်ခဲ့ပြီး ဆန်ဈေးနှုန်း တည်ငြိမ်စေရန် ရည်ရွယ်ခဲ့သော်လည်း မှာယူရန် အဆင်မပြေမှု၊ ပို့ဆောင်သော ဆန် အမျိုးအစား ကွဲလွဲမှုများ ရှိခဲ့ကြောင်း သိရသည်။ လက်ရှိ ရန်ကုန်ဈေးကွက်တွင် ဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၀,၀၀၀ မှ ၂၅,၀၀၀ ဝန်းကျင်အထိ မြင့်တက်လာပြီး ဆီ၊ ကြက်ဥ၊ အသားများ လည်း ပြီးခဲ့သည့် တစ်ပတ်အတွင်း ၁၀ ရာခိုင်နှုန်းခန့် ဈေးတက်နေကြောင်း ရန်ကုန်မြို့ခံများက ဆိုသည်။ စစ်ကောင်စီက စက်သုံးဆီ လုံလောက်မှုရှိကြောင်း ကြေညာထားသော်လည်း ကန့်သတ် ထိန်းချုပ်မှု မူဝါဒများကြောင့် သွားလာရေး အခက်အခဲ ပိုမိုဆိုးရွားလာကာ ကုန်စည်စီးဆင်းမှု ထိခိုက်နေကြောင်း ပြည်သူများက ဝေဖန်ထောက်ပြနေသည်။ ဆန်အိမ်အရောက်ပို့ စနစ်ကို ပြန်လည်စတင်ဆောင်ရွက်မည့် အစီအစဉ်နှင့် ပတ်သက်ပြီး အသင်းချုပ်က ထပ်မံ ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ လက်ရှိ စက်သုံးဆီ ရှားပါးမှုနှင့် ကုန်ဈေးနှုန်း မြင့်တက်မှုက ပြည်သူ့ နေ့စဉ်ဘဝ ထိခိုက်မှု ပိုမိုဆိုးရွားလာစေရန် စိုးရိမ်ရသည်။

 

စစ်တပ်၏ လွှတ်တော်သည် ဝတ်စုံနှင့် ရာထူးအမည်ပြောင်းလဲရုံသာဖြစ်သည်ဟု SAC-M ပြောဆို

မတ် ၁၇
The Kaladan Post
ယမန်နေ့ မတ်လ ၁၆ ရက်တွင် နေပြည်တော်၌ စစ်တပ်နှင့် ၎င်း၏ ကိုယ်စားလှယ်များက တရားမဝင် “လွှတ်တော်” ကို ပထမဆုံး ကျင်းပခြင်းသည် စစ်တပ်၏ အာဏာသိမ်းမှု လုပ်ငန်းစဉ် နောက်ထပ် အဆင့်သို့ ရောက်ရှိသွားပြီဟု SAC-M က ပြောဆိုသည်။ လာမည့် နှစ်ပတ်အတွင်း စစ်တပ် ထိပ်တန်း ဗိုလ်ချုပ်ကြီးများစွာ စစ်ယူနီဖောင်းများကို ချွတ်ချကာ အရပ်ဝတ်အဖြစ် ပြောင်းလဲဝတ်ဆင်မည်ဖြစ်ပြီး ဧပြီလ အစောပိုင်းတွင် စစ်ကောင်စီ ခေါင်းဆောင်နှင့် စစ်ရာဇဝတ်မှု စွပ်စွဲခံထားရသူ မင်းအောင်လှိုင်၏ တိုက်ရိုက်ညွှန်ကြားမှုအောက်တွင် လည်ပတ်မည့် ရုပ်သေး အစိုးရအသစ်ကို ဖွဲ့စည်းရန် စီစဉ်ထား ကြောင်း ဟုဆိုသည်။ ဤသို့လုပ်ဆောင်မှုများသည် မင်းအောင်လှိုင်က စစ်တပ် အရာရှိကြီးများကို အဓိက ရာထူးများတွင် ခန့်အပ်ပြီး အစိုးရနှင့် တပ်မတော်အပေါ် သူ၏ အပြည့်အဝ ထိန်းချုပ်မှုကို ခိုင်မာစေရန် ကြိုးပမ်းနေခြင်းသာဖြစ်ကြောင်း ထောက်ပြထားသည်။ သို့သော် ဤ အတုအယောင် ပြန်လည်အမှတ်တံဆိပ်ချမှု (rebrand) လုပ်ရပ်များသည် စစ်တပ်လိုအပ်နေသော တရားဝင်မှု နှင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရေးကို မည်သည့်နည်းနှင့်မျှ မနီးကပ်စေနိုင်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။ စစ်ကောင်စီသည် ပြည်သူလူထုက ရွံရှာဖွယ်ကောင်းနေပြီး ကိုယ်တိုင်ဖန်တီးထားသော အကျပ်အတည်းထဲတွင် ပိတ်မိနေ ကြောင်း SAC-M က ထောက်ပြသည်။ SAC-M အဖွဲ့ဝင်များဖြစ်သော Yanghee Lee၊ Marzuki Darusman နှင့် Chris Sidoti တို့က မင်းအောင်လှိုင်သည် သောင်းနှင့်ချီသော ပြည်သူများကို သတ်ဖြတ်ကာ နိုင်ငံကို မီးလောင်တိုက်သွင်းခဲ့သူ ဖြစ်ကြောင်း၊ ဝတ်စုံနှင့် ရာထူးအမည်ပြောင်းလဲရုံဖြင့် ရာဇဝတ်မှုများကို ဖျောက်ဖျက်နိုင်မည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ နိုင်ငံတကာအနေဖြင့် ဤ ရုပ်သေး အစိုးရကို လုံးဝ ပယ်ချရန်၊ ထိုအစိုးရနှင့် ဆက်ဆံရေး ရှောင်ကြဉ်ရန်နှင့် စီးပွားရေး၊ လက်နက်၊ လေယာဉ်ဆီ စသည်တို့ မရောက်ရှိစေရန် ပိတ်ဆို့မှုများ တိုးမြှင့်ရန် တိုက်တွန်းထားသည်။

အိဒ်အလ်ဖိထရ် ဝါဖြေပြီးဆုံးပွဲ ULA/AA တက်ရောက်ခြင်းသည် ဘာသာရေး နှင့် လူမျိုးစု တန်းတူရေးကို ပြသကြောင်း အစ္စလာမ်ဘာသာဝင်များ ပြောဆို

မတ် ၁၇
The Kaladan Post
ရခိုင်ပြည် မြောက်ဦးခရိုင်အတွင်း အစ္စလာမ်ဘာသာဝင်များ၏ ဝါဖြေပြီးဆုံးပွဲ အိဒ်အလ်ဖိထရ် (Eid al-Fitr) ကို မတ်လ ၁၅ ရက်နှင့် ၁၆ ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့ရာ အာရက္ခတပ်တော် (ULA/AA) မှ စစ်ဖက်အရာရှိကြီးများ၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ပါတီခရိုင်တာဝန်ရှိသူများ၊ အုပ်ချုပ်ရေး တာဝန်ခံများနှင့် ရပ်ရွာလူကြီးများ တက်ရောက်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။ ဤတက်ရောက်မှုသည် ဘာသာလူမျိုး မခွဲခြားဘဲ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို ပြသခြင်း ဖြစ်သည့်အတွက် ဒေသခံ အစ္စလာမ်ဘာသာဝင်များက ဝမ်းမြောက်တသာ ကြိုဆိုခဲ့ကြသည်။ အခမ်းအနားတွင် ဘာသာရေးအရ စုပေါင်းဆုတောင်းပွဲများ ပြုလုပ်ခဲ့ပြီး လာရောက်သူများကို ရိုးရာမုန့်များဖြင့် ဧည့်ခံခဲ့ကြောင်း သိရှိရ သည်။ ရခိုင်ဒေသနေ မွတ်စလင်များသည် နှစ်စဉ် အိဒ်အလ်ဖိထရ်ပွဲကို ကျင်းပလေ့ရှိသော်လည်း လက်ရှိ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ လက်ထက်တွင်သာ ခမ်းနားစွာ ကျင်းပပြုလုပ်နိုင်ခဲ့ ကြောင်း ဤဖြစ်ရပ်သည် ဘာသာရေး လွတ်လပ်ခွင့်နှင့် လူမျိုးစု ညီညွတ်ရေးကို ထင်ရှားစွာပြသသည် ဟု ဒေသခံများက ပြောဆိုကြသည်။ ‎

အောင်လံမြို့နယ် ကပစ-၁၅ မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၇,၀၀၀ ခန့် စစ်ဘေးရှောင်

မတ် ၁၇
The Kaladan Post
မကွေးတိုင်း အောင်လံမြို့နယ်ရှိ အမှတ်(၁၅) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၅) မှ စစ်တပ်က မတ်လ ၁၅ ရက်နေ့မှ စတင်ကာ အနီးဝန်းကျင် ကျေးရွာများကို လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေသဖြင့် အင်တောသာကျေးရွာ အလယ်ခေါင်မှ စတင်ကာ နေအိမ်များ မီးလောင်ကျွမ်းပြီး ပြာကျနေကြောင်း ဒေသခံများက ပြောဆိုသည်။ မတ်လ ၁၅ ရက်တွင် ၁၂၂ မမ လက်နက်ကြီး အလုံး ၃၀ ဝန်းကျင်၊ မတ်လ ၁၆ ရက်တွင် ၇ လုံး၊ ယနေ့ မတ်လ ၁၇ ရက် နံနက် ၉ နာရီမှ စ၍ အနည်းဆုံး ၁၃ လုံးထက်မနည်း ပစ်ခတ်ခဲ့ပြီး ယနေ့ ပစ်ခတ်မှုတွင် လက်နက်ကြီးကျည်များ အင်တောသာရွာအတွင်း ကျရောက်ပေါက်ကွဲကာ မီးလောင်မှု ဆက်လက်ဖြစ်ပွားနေကြောင်း၊ ယခုအချိန်ထိ မီးငြှိမ်းသတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ တိုက်ပွဲမရှိဘဲ စစ်တပ်က ရမ်းသမ်းစွာ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း ကြောင့် အင်တောသာ၊ အင်းရွာကြီး၊ ကျောက်ဆောင်း၊ ဆင်တုတ်၊ ကန်စွန်းအင်း၊ ချင်းကုန်းကြီး၊ စီရွာ၊ ကျားမွေး၊ ဆေးပုလဲ စသည့် ကျေးရွာ ၁၀ ရွာခန့်မှ ပြည်သူ ၇,၀၀၀ ခန့် ဘေးလွတ်ရာ တိမ်းရှောင်နေကြ သည်ဟု သတင်းရင်းမြစ်က ပြောဆိုသည်။ဤပစ်ခတ်မှုကြောင့် တိရစ္ဆာန်များ အများအပြား သေဆုံးခဲ့ ကြောင်းနှင့် စစ်ဘေးရှောင်နေရသည့် ပြည်သူများအတွက် မိုးကာ၊ သောက်သုံးရေ၊ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း ဒေသခံတစ်ဦးက ပြောဆိုခဲ့သည်။ လက်ရှိ စစ်ကြောင်းထိုးမှု မရှိသေးသော်လည်း လက်နက်ကြီး အန္တရာယ်ကြောင့် ဒေသခံများ ရွာအတွင်း ပြန်ဝင်ရောက်နိုင်ခြင်း မရှိသေးဘဲ စိုးရိမ်ထိတ်လန့်နေကြရကြောင်း သိရှိရသည်။


တော်လှန်ရေးသည် နောက်ဆုံးဖြစ်သဖြင့် စည်းလုံးညီညွတ်ကြရန် NUG ဝန်ကြီးချုပ် တိုက်တွန်း

မတ် ၁၇
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက (မတ်လ ၁၆ ရက်) ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော် နဝမအကြိမ် အစည်းအဝေးတွင် လက်ရှိ နွေဦးတော်လှန်ရေး ရေချိန်အမြင့်ဆုံး ကာလသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထောက်ပြသည်။ ထို့ကြောင့် တော်လှန်ရေး အင်အားစုများအကြား နားလည်မှုရှိရှိ၊ စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်ရန် အထူးလိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။ စစ်အုပ်စုက အင်အားစုများကို ခွဲထုတ်ဖျက်ဆီးရန် ကြိုးပမ်းလာနိုင်သည့် လုပ်ရပ် များကို သတိကြီးကြီးထားကာ ကျော်လွှားရမည်ဟု သတိပေးခဲ့သည်။ ထို့အပြင် စစ်အာဏာသိမ်းမှု ကတည်းက မတရားဖမ်းဆီးခံထားရသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်ရေး အတွက် ပိုမိုအားစိုက်ဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။ နွေဦးတော်လှန်ရေးသည် မြန်မာ့ သမိုင်းတစ်လျှောက် စုစည်းမှုနှင့် ဇွဲနပဲ အမြင့်ဆုံးဖြစ်သလို စစ်အုပ်စုအတွက်လည်း ဆုံးရှုံးမှု အကြီးမားဆုံး ဖြစ်နေကြောင်း ဝန်ကြီးချုပ်က ဆိုသည်။ ဤတော်လှန်ရေးသည် စစ်အာဏာရှင်စနစ် အဆုံးသတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် ပြည်သူလူထု၏ နောက်ဆုံး တိုက်ပွဲ ဖြစ်သဖြင့် အရင်းအနှီး ကြီးမားကြောင်း အလေးပေး ပြောကြားခဲ့သည်။ စစ်အုပ်စု၏ ရက်စက်ဖိနှိပ်မှုများ၊ စီးပွားရေး အကြပ်အတည်းနှင့် အခက်အခဲများကြားမှ တော်လှန်ရေးအတွက် နိုင်သမျှ ပါဝင်ခံစားပေးနေသော ပြည်သူများကို အမြဲ သတိရရန် လိုအပ်ကြောင်း ထောက်ပြပြီး စနစ်ဆိုးအောက်မှ အမြန်ဆုံး လွတ်မြောက်နိုင်ရေးအတွက် တာဝန်ရှိသူများ ယခင်ကထက် ပိုမိုအားစိုက်ထုတ်ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။