တီးတိန် ခလရ (၂၆၉) မှ တပ်သား ၃ ဦး PDF-Zoland ထံ အလင်းဝင်

ဩဂုတ် ၁၆
The Kaladan Post
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ခလရ (၂၆၉) မှ တပ်သား ၃ ဦးဟာ ဩဂုတ် ၁၅ ရက်က တီးတိန်မြို့နဲ့ ကနေဒီတောင်ကြား ဗာလ်ဗုမ်လမ်းခွဲမှာ တာဝန်ထမ်းဆောင်နေစဉ် ထွက်ခွာပြီး PDF-Zoland ထံ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။အဆိုပါ တပ်သား ၃ ဦးဟာ တီးတိန်မြို့နဲ့ ကနေဒီတောင်အကြားရှိ ဗာလ်ဗုမ် လမ်းခွဲမှာ တာဝန်ထမ်းဆောင်နေစဉ် ထွက်ပြေးပြီး PDF Zoland ထံ အလင်းဝင်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်ကလည်း တီးတိန်မြို့နဲ့ ကနေဒီတောင်ကြား ချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေကို ZFU/PDF-Zoland က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၆ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ PDF-Zoland ဘက်က ဆိုထားပါတယ်။
#တီးတိန် #PDFZoland #ခလရ၂၆၉ #ချင်းပြည်နယ် #မြန်မာ့အရေး


မိုးမိတ်တိုက်ပွဲကြောင့် မန်တုံ–မိုးမိတ်နှင့် မိုးမိတ်–မြစ်ဆုံလမ်းပိုင်းများ KIA ယာယီပိတ်

ဩဂုတ် ၁၆
The Kaladan Post
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေသဖြင့် မန်တုံ–မိုးမိတ်လမ်းနှင့် မိုးမိတ်–မြစ်ဆုံလမ်းပိုင်းတို့ကို ဩဂုတ် ၁၅ ရက်မှစတင်ကာ ယာယီပိတ်ထားကြောင်း KIA က အသိပေး ထားပါတယ်။ ဩဂုတ် ၁၁ ရက်ကစပြီး ညောင်နီရွာအနီးမှာ တိုက်ပွဲတွေဖြစ်ပွားလာတာကြောင့် ပြည်သူတွေရဲ့ လုံခြုံရေးအတွက် KNIA တပ်ရင်း (၃၄) က လမ်းပိုင်းတွေကို ယာယီပိတ်ထားတာလို့ ဆိုပါတယ်။
အရေးတကြီး ဖြတ်သန်းသွားလာဖို့ လိုအပ်သူတွေအနေနဲ့ သက်ဆိုင်ရာ KIA အဖွဲ့အစည်းတွေထံ အကြောင်းပြချက်ပြည့်စုံစွာ တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ သွားလာကြဖို့ အသိပေးထားပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီတပ်တွေက မိုးမိတ်မြို့နယ်အတွင်း KIA တပ်ဖွဲ့တွေရှိရာဘက်ကို လေကြောင်းပစ်ကူတွေနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ကချင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
အလားတူ ရွှေကူ၊ မဘိမ်းနဲ့ ဗန်းမော်ဒေသတွေမှာလည်း စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုးမှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ KIA ဘက်က ထုတ်ပြန်ထားပါတယ်။
#မိုးမိတ်တိုက်ပွဲ #KIA #ရှမ်းမြောက် #ကချင်ပြည်နယ် #မြန်မာ့အရေး

BNRA တပ်ရင်းမှူး သုဘရာဇာနှင့် ဒေါင်းညို ဆေးကုသနေစဉ် ထွက်ပြေးလွတ်မြောက်

ဩဂုတ် ၁၆
The Kaladan Post
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗိုလ်နဂါး ဦးဆောင်ခဲ့သည့် BNRA တပ်ဖွဲ့မှ တပ်ရင်းမှူး သုဘရာဇာ နဲ့ ဒေါင်းညိုတို့ဟာ ဆေးကုသမှုခံယူနေစဉ် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ ၎င်းတို့နှစ်ဦးဟာ ပင်လည်ဘူးမြို့နယ်ဘက်မှာ ဆေးကုသမှုခံယူနေစဉ် လူနာစောင့်ကို အိပ်ဆေးခတ်ပြီး ထွက်ပြေးသွားတယ်လို့ သတင်းရင်းမြစ် တွေက ပြောဆိုထားပါတယ်။
လွန်ခဲ့သည့် ဖေဖော်ဝါရီလ အလယ်ပိုင်းက BNRA စခန်းတွေကို PDF နဲ့ ပကဖ တပ်ဖွဲ့တွေက ရှင်းလင်းခဲ့ ပြီးနောက် တပ်ဖွဲ့ဝင် ၂၀၀ ကျော် လက်နက်ချခဲ့ကြောင်း၊ သုဘရာဇာနဲ့ ဒေါင်းညိုတို့လည်း အဲဒီအဖွဲ့ဝင် တွေထဲမှာ ပါဝင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ BNRA တပ်ဖွဲ့နဲ့ပတ်သက်ပြီး လူသတ်မှုနဲ့ အဓမ္မပြုကျင့်မှုအပါအဝင် ဥပဒေမဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ တိုင်ကြားချက်တွေ ရှိခဲ့ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန ဘက်ကလည်း ပြစ်မှုရှိသူတွေကို စစ်ဆေးဖော်ထုတ်အရေးယူမယ်လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
သုဘရာဇာနဲ့ ဒေါင်းညိုတို့ ထွက်ပြေးမှုဟာ BNRA ထိပ်ပိုင်းတာဝန်ရှိသူတွေ ထိန်းသိမ်းခံရပြီးနောက် ထွက်ပြေးသွားတဲ့ ဒုတိယမြောက်ဖြစ်စဉ်ဖြစ်ပြီး ယခင်ကလည်း BNRA တပ်ရင်း (၃) တပ်ရင်းမှူး ဗိုလ်မျက်လုံး ထွက်ပြေးကာ စစ်တပ်နဲ့ ပူးပေါင်းခဲ့တဲ့ဖြစ်စဥ်လည်းရှိခဲ့ပါတယ်။ စစ်တပ်နဲ့ ပူးပေါင်းနေတဲ့ ဗိုလ်နဂါးဟာ လူမှုကွန်ရက်ကနေ တော်လှန်ရေးအပေါ် ဝေဖန်သုံးသပ်တဲ့ စာတွေ ရေးသားပြီး ဝါဒဖြန့်နေစဥ်လိုလို လုပ်ဆောင်နေကြောင်း သိရပါတယ်။
#BNRA #ဗိုလ်နဂါး #ပုလဲမြို့နယ် #စစ်ကိုင်းတိုင်း #မြန်မာ့အရေး

ဒဏ်ရာရ စစ်သား ၃ ဦး သယ်ဆောင်လာပြီး ကျောက်ထု ၃၆၈ အမြောက်တပ်မှ စစ်ကြောင်းပြန်ဝင်ဟု ဆို

ဩဂုတ် ၁၆
The Kaladan Post
ယောဒေသ၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ ၃၆၈ အမြောက်တပ်ကနေ ထွက်တဲ့ စစ်ကြောင်းဟာ တိုက်ပွဲ အတွင်း ဒဏ်ရာရခဲ့တဲ့ အရာရှိတစ်ဦးအပါအဝင် စစ်သား ၃ ဦးကို သုံးဘီးဆိုင်ကယ်နဲ့ သယ်ဆောင်ပြီး ဒီနေ့ နေ့လယ် ၁ နာရီ ၂၀ မိနစ်ခန့်မှာ ကျောက်ထုမြို့ကို ပြန်လည်ဝင်ရောက်လာတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အရာရှိတစ်ဦးက ညာဘက်ပေါင်ကို ဗုံးစထိမှန်ဒဏ်ရာ ပြင်းထန်ပြီး ခြေထောက် ဖြတ်တောက်ရနိုင်တဲ့အခြေအနေရှိသလို၊ အခြားစစ်သား နှစ်ဦးမှာလည်း လက်၊ ပေါင်နဲ့ ဝမ်းဗိုက်တို့မှာ ဒဏ်ရာရရှိထားတယ်လို့ ဆိုပါတယ်။
အဆိုပါစစ်ကြောင်းဟာ ကြီးရွာနဲ့ ရွှေအောင်သာရွာကြား တိုက်ပွဲတွေကြောင့် ထိခိုက်ဆုံးရှုံးမှုတွေရှိခဲ့ပြီး ကြီးရွာဘက်ကို အင်အား ၁၅ ဦး ထပ်မံဖြည့်တင်းပေးထားတယ်လို့ ယောအလင်းတန်းက ပြောပါတယ်။
တစ်ဖက်မှာလည်း ကျောက်ထုတပ်ကနေ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းတစ်ကြောင်းဟာ ပန်းဆန် ရွာကိုဖြတ်ပြီး ကြီးရွာ၊ ရွှေအောင်သာဘက်ကို ဆက်လက်ထွက်ခွာလာနေပြီး လမ်းတစ်လျှောက်တွေ့ရ တဲ့ အရပ်သားပြည်သူအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ထို့အပြင် ကြီး–ရွှေအောင်သာကြားဒေသတွေကို စစ်ကြောင်းထိုးမှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေပြီး ယနေ့အစောပိုင်းမှာ Y-12 လေယာဉ်တစ်စီးနဲ့ တစ်နာရီကျော်ကြာ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အရပ်သားတွေရဲ့ အရေအတွက်နဲ့ အခြေအနေကိုတော့ လက်ရှိမှာ ဆက်လက်စုံစမ်းအတည်ပြုနေဆဲ ဖြစ်ပါတယ်။
#ယောဒေသ #ကျောက်ထု #ဆောမြို့နယ် #ကြီးရွာ_ရွှေအောင်သာ #မြန်မာ့အရေး

မင်းတုန်းဒေသ လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၇ ဦး သေဆုံး

ဩဂုတ် ၁၆
The Kaladan Post
မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်အတွင်း သရက်–မင်းတုန်းလမ်းနဲ့ ပုသိမ်–မုံရွာလမ်းပိုင်း တို့မှာ ဩဂုတ် ၁၂ ရက်ကစပြီး ၄ ရက်ကြာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် (USBA) က ပြောပါတယ်။ အဆိုပါ တိုက်ပွဲတွေမှာ ကပစ ၁၂ ကနေ မင်းတုန်းဘက် ထောက်ပို့လာတဲ့ အင်အား ၆၀ ခန့်ပါ စစ်ကြောင်း၊ လမ်းပိုင်းလုံခြုံရေးယူလာတဲ့ အင်အား ၅၀ ခန့်ပါ စစ်ကြောင်းနဲ့ ကျောက်တိုင်ဂိတ်ကနေ ထွက်လာတဲ့ အင်အား ၄၀ ခန့်ပါ စစ်ကြောင်းတို့ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
USBA ရဲ့ ပြောကြားချက်အရ ထိတွေ့တိုက်ပွဲတွေအတွင်း စစ်အုပ်စုဘက်က ၇ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့သလို USBA ဘက်ကတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။ USBA ပြန်ကြားရေး တာဝန်ခံ ကိုသာချိုက တိုက်ပွဲအကြိမ်ရေကို ၄ ရက်အတွင်း မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ တယ်လို့ ပြောဆိုထားပါတယ်။
ဩဂုတ် ၁၅ ရက်မှာတော့ ကပစ ၁၂ ကနေ ထွက်လာတဲ့ ထောက်ပို့စစ်ကြောင်းနဲ့ မင်းတုန်းမြို့ဘက်က လုံခြုံရေးစစ်ကြောင်းတွေဟာ မင်းတုန်းမြို့အတွင်း ပြန်လည်ဝင်ရောက်သွားပြီး ကျောက်တိုင်ဂိတ်ကနေ ထွက်လာတဲ့ စစ်ကြောင်းကလည်း ဂိတ်စခန်းအတွင်း ပြန်လည်ရောက်ရှိသွားတယ်လို့ ဆိုပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်တဲ့ သေဆုံး၊ ဒဏ်ရာရရှိမှု အချက်အလက်တွေဟာ USBA ဘက်က ပြောကြားချက်အပေါ် အခြေခံထားတာဖြစ်ပြီး သီးခြားအတည်ပြုနိုင်တဲ့ အချက်အလက်တွေကိုတော့ လက်ရှိမှာ မရရှိသေးပါဘူး။
#မကွေးတိုင်း #မင်းတုန်းမြို့နယ် #သရက်ခရိုင် #USBA #မြန်မာ့အရေး

ရေစကြို ခလရ ၂၅၆ မှ တပ်သားတစ်ဦး လက်နက်နှင့်အတူ ပကဖထံ ဘက်ပြောင်းခိုလှုံ

ဩဂုတ် ၁၆
The Kaladan Post
မကွေးတိုင်း၊ ရေစကြိုမြို့နယ်အခြေစိုက် ခလရ (၂၅၆) မှ တပ်သားတစ်ဦးဟာ ဩဂုတ် ၁၂ ရက် ညပိုင်း မှာ MA-3 သေနတ်တစ်လက်နဲ့အတူ ရေစကြိုမြို့နယ် ပကဖထံ ဆက်သွယ်ပြီး ဘက်ပြောင်းခိုလှုံလာ တယ်လို့ သိရပါတယ်။ တပ်သား ထက်ဝင်းစိုးကို ပကဖရဲဘော်တွေက ဘေးကင်းစွာ သွားရောက် ခေါ်ဆောင်ခဲ့ပြီး လက်နက်နဲ့အတူ ပူးပေါင်းလာတဲ့အတွက် ဆုငွေ ကျပ် ၂၅ သိန်း ချီးမြှင့်ကာ လုံခြုံတဲ့နေရာမှာ စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။
ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ မှတ်တမ်းတွေအရ ၂၀၂၆ ခုနှစ် ဩဂုတ်လ ပထမပတ်အတွင်း စစ်သား၊ ရဲနဲ့ ပြည်သူ့စစ်အဖွဲ့ဝင် စုစုပေါင်း ၂၇ ဦး အလင်းဝင်ပူးပေါင်းခြင်း၊ လက်နက်ချခြင်းနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခြင်းတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ထို့အပြင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၆ ခုနှစ် ဩဂုတ်လ ပထမပတ်အထိ အလင်းဝင်ပူးပေါင်း၊ လက်နက်ချနဲ့ စစ်သုံ့ပန်းအဖြစ် ရရှိသူ စုစုပေါင်း ၃,၇၉၅ ဦးအထိ ရှိလာတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
#ရေစကြို #ခလရ၂၅၆ #အလင်းဝင်ပူးပေါင်း #ပြည်သူ့ကာကွယ်ရေး #မြန်မာ့အရေး